ကချင်ပြည်နယ် မြစ်ကြီးနားလေဆိပ်အား ဖေဖော်ဝါရီလ ၂၀ ရက် ညတွင် ဒရုန်းဖြင့်ဗုံးချ တိုက်ခိုက်ခံရပြီးနောက် သုံးရက်အတွင်း ကချင်လွတ်လပ်ရေးတပ်(KIA) ထိန်းချုပ်နယ်မြေ ရှစ်နေရာထက်မနည်းကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများ၊ KIA နှင့် နီးစပ်သူများထံမှ သိရသည်။
ဗုံးချတိုက်ခိုက်မှုကြောင့် မြန်မာ အမျိုးသားလေကြောင်းလိုင်း(MNA) ၏ ခရီးသည်တင် လေယာဉ်တစ်စီး ဦးခေါင်းပိုင်းနှင့်အမြီးပိုင်းတို့ထိခိုက်ခဲ့သည်ဟု စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။ ထိုတိုက်ခိုက်မှုကို KIA နှင့် ပူးပေါင်းတပ်များ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုလည်း စွပ်စွဲထားသည်။
ထိုနေ့ညတွင်ပင် စစ်ကော်မရှင်တပ်က မြစ်ကြီးနားမြို့တွင်းကို လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ စီတာပူရပ်ကွက်အတွင်း လက်နက်ကြီးပေါက်ကွဲခဲ့သည်။ ထိုပေါက်ကွဲမှုကြောင့် အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ည ၁၀ နာရီခွဲခန့်တွင်လည်း KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့မြောက်ဘက် မိုင်အနည်းငယ်အကွာရှိ KIA စခန်းကုန်းတစ်ခုအား အသေခံ ဒရုန်းသုံးစီးဖြင့် ထပ်မံတိုက်ခိုက်ခဲ့သည်ဟု ဒေသခံ ကချင်စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။
လေဆိပ်တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ထိထိရောက်ရောက် တုံ့ပြန်မည်ဟု စစ်တပ်ထုတ်ပြန်ခဲ့ပြီးဖေဖော်ဝါရီလ ၂၁ ရက်နေ့မှစတင်ကာ မိုးညှင်း၊ ဝိုင်းမော်၊ ဆဒုံး၊ မိုးမောက်၊ မံစီ၊ ဖားကန့်နှင့်တနိုင်းမြို့နယ်တို့ရှိ KIA ၏ တပ်မဟာ၂၊ ၃၊ ၈၊ ၉ နှင့် ၁၁ ဒေသများကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုလည်း အထက်ပါ ဒေသခံ ကချင် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
KIA တပ်မဟာဌာနချုပ်နှင့် တပ်ရင်းနယ်မြေများ တိုက်ခိုက်ခံရမှုတွင် ထိခိုက်သေဆုံးမှုများ ရှိ၊ မရှိ မသိရသေးပေ။
သို့သော် KIA ထိန်းချုပ်ထားသည့် မိုင်ဂျာယန်ဒေသ ဘွမ်ကထောင်ရွာကို ဖေဖော်ဝါရီလ ၂၂ ရက် ည ၁၁ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး သေဆုံးခဲ့သည်။ သေဆုံးသူသည် အသက် ၇၉ နှစ်အရွယ် ဦးဇော်တောင်ဖြစ်ပြီး ဘွမ်ကထောင်ရွာရှိ နေအိမ်အချို့လည်း ပျက်စီးသွားသည်ဟု သိရသည်။
“ဂျက်ဖိုက်တာ (တိုက်ခိုက်ရေးရဟတ်ယာဉ်)က ဗုံးနှစ်လုံးကြဲသွားတာ။ ပေါင် ၃၀၀ ဗုံးဖြစ်ဖို့များတယ်။ ပေါက်ကွဲအား ပြင်းတယ်။ ရွာထဲတည့်တည့်ကိုကျသွားတာ” ဟု အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ထို့အပြင် မြစ်ကြီးနားမြို့နှင့် ဧရာဝတီမြစ်တစ်ဖက်ကမ်းတွင်ရှိသည့် ဝိုင်းမော်မြို့နယ် ဝါရှောင်ရွာကိုလည်း ယမန်နေ့ (ဖေဖော်ဝါရီလ ၂၂ ရက်) ည ၂ နာရီခန့်တွင် စစ်ကော်မရှင်တပ်က ဗုံးသုံးလုံးကြဲချတိုက်ခိုက်ခဲ့သည်ဟု ဝါရှောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ရွာအနီး ဗုံးသုံးလုံး ပေါက်ကွဲခဲ့သော်လည်း ဒေသခံများ ထိခိုက် သေဆုံးမှုမရှိကြောင်းနှင့် အဆောက်အအုံ အချို့သာ အနည်းငယ် ပျက်စီးခဲ့သည်ဟု အဆိုပါ အမျိုးသားက ပြောသည်။
“ရွာအစွန်ဘက် ကျသွားတာ။ ဘုရားရှိခိုးကျောင်းနဲ့ မူကြိုကျောင်း နည်းနည်းပဲ အပိုင်းအစမှန်တယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။
ဝိုင်းမော်မြို့အရှေ့ဘက်ရှိ ဝါရှောင်၊ လမြန်၊ ဝူယန်စသည့် ရွာများတွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ကာ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ဝိုင်းမော်အနီးရှိ စစ်တပ်ခြေလျင်တပ်ရင်း ခလရ (၅၈)အနီးရှိ ကာကင်းစခန်းအချို့ကို KIA က သိမ်းပိုက်နိုင်ခဲ့သည်။
ဗန်းမော်မြို့တွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က ထိန်းချုပ်ထားသည့် ခလရ (၂၃၆) ဌာနချုပ်၏ ကာကင်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်များ သိမ်းဆည်းနိုင်ခဲ့သည်ဟု အထက်ပါ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ကချင်ဒေသအတွင်း စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုများနှင့် စစ်ရေးအခြေအနေများကို အသေးစိတ်သိရှိနိုင်ရန် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။
ယမန်နေ့က ဖားကန့်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ညနေ ၄ နာရီခန့်တွင် ယူမာကျေးရွာ လမ်းမကြီးပေါ်တွင် သွားလာနေသည့် အရပ်သားနှစ်ဦးကို စစ်ကော်မရှင်တပ်က ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည်ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
သေဆုံးသူအမျိုးသားနှစ်ဦးကို ယနေ့ (ဖေဖော်ဝါရီလ ၂၃ ရက်) နံနက်တွင် လူမှုကူညီရေးအသင်းက သွားရောက်သယ်ဆောင်ခဲ့သည်ဟု သိရပြီး သေဆုံးသူတို့၏ အမည်နှင့် အသေးစိတ် အချက်အလက်များကို မသိရသေးပေ။
ကချင်ပြည်နယ်အတွင်း စစ်ရေးတင်းမာနေသည်မှာ နှစ်လခန့်ရှိနေပြီဖြစ်ပြီး ဖားကန့်၊ ဝိုင်းမော်၊ အင်းတော်ကြီးနှင့် ဗန်းမော်မြို့တို့တွင် ဖြစ်ပွားနေသည့် မြေပြင်တိုက်ပွဲများတွင် အထိနာနေသည့် စစ်တပ်က လေကြောင်းအသုံးပြုပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဒေသများကိုပါ ဗုံးကြဲ တိုက်ခိုက်နေသည်။



