ရုရှား- မြန်မာ မိတ်ဖက်ဆက်ဆံရေးနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု ကာလရှည်ကြာ ရှိနေခဲ့သည်မှာ လျှို့ဝှက်ချက် မဟုတ်ပါ။ ၁၉၆၂ ခုနှစ်က မြန်မာနိုင်ငံ၌ ပထမဆုံး အာဏာသိမ်းစစ်ခေါင်းဆောင် ဖြစ်လာသော နေဝင်းသည် စစ်အေးခေတ်ကာလအတွင်း ဆိုရှယ်လစ်စနစ်ကို ထူထောင်ခဲ့ပြီး၊ ထိုစဉ်က ဆိုရှယ်လစ်ကမ္ဘာ၏ ဦးဆောင်ဖခင်ကြီးဖြစ်သည့် ဆိုဗီယက်ပြည်ထောင်စုနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးထူထောင်၍ ဆိုဗီယက်နည်းပညာ အကူအညီများကို လက်ခံရယူခဲ့ဖူးသည်။
ထင်ရှားသော အမှတ်လက္ခဏာတစ်ခုသည် ၁၉၅၈ ခုနှစ် နေဝင်း အိမ်စောင့်အစိုးရလက်ထက်တွင် နှစ်နိုင်ငံ ချစ်ကြည်ရေး လက်ဆောင်အဖြစ် ဆိုဗီယက်ပြည်ထောင်စုက ရန်ကုန်စက်မှုတက္ကသိုလ် (Rangoon Institute of Technology – RIT) ကို ဆောက်လုပ်ပေးခဲ့ခြင်းပင် ဖြစ်သည်။ ထိုအချိန်ကတည်းက မြန်မာသည် ရုရှားနည်းပညာ အကူအညီနှင့် မစိမ်းခဲ့ပါ။ ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စုပေးအပ်လာသည်မှာ အရပ်ဘက်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အကူအညီများ ဖြစ်သည်။
၁၉၈၈ ခုနှစ်တွင် နိုင်ငံအနှံ့ မြန်မာပြည်သူများက နေဝင်း၏ ဆိုရှယ်လစ်စနစ်ကို ဆန့်ကျင်သော ဒီမိုကရေစီအရေးတော်ပုံကြီး ဆင်နွှဲခဲ့ကြသည်၊ ထိုအချိန်က ဂျာမဏီကို အရှေ့နှင့်အနောက် ပိုင်းခြားထားသော ဘာလင် တံတိုင်းကြီး နောက်တစ်နှစ်အတွင်း လူထုအားဖြင့် ဖြိုချခံရခြင်း၊ နောက်ဆက်တွဲအနေနှင့် ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲခြင်းတို့ ဖြစ်လာတော့မည်ကို မည်သူမျှ ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပါ။ ထိုကာလ အရှေ့ဥရောပနိုင်ငံများ ဒီမိုကရေစီ အသွင် ကူးပြောင်းနေစဉ် ကံမကောင်းစွာပင် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုသည် ဒုတိယအကြိမ် စစ်အာဏာသိမ်းမှုနှင့်အတူ စစ်ခေါင်းဆောင်များ၏ ကောက်ကျစ်မှုများအောက်တွင် နောက်ထပ် ဆယ်စုနှစ်နှင့်ချီ ရုန်းကန်ခဲ့ရသည်။
အာဏာရှင်မျိုးဆက်နှစ်ဆက် ရုရှားစစ်လက်နက်များဖြင့် တပ်တည်ဆောက်ခြင်း
စစ်အာဏာရှင် ဒုတိယမျိုးဆက် သန်းရွှေလက်ထက်တွင် ရုရှား- မြန်မာ စစ်ရေးနယ်ပယ်ပူးပေါင်း ဆောင်ရွက်မှုများ သိသိသာသာ တိုးမြှင့်လာခဲ့သည်။ အထူးသဖြင့် ရုရှားသည် ဒေါ်လာဘီလီယံချီ တန်ဖိုးရှိသော ခေတ်မီတိုက်ခိုက်ရေး လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ လေကြောင်းရန်ကာကွယ်ရေး ဒုံးပျံစနစ်များ၊ ရေဒါများကို မြန်မာစစ်အာဏာရှင်များကို ရောင်းချခဲ့ခြင်းဖြင့်၊ မြန်မာသည် အရှေ့တောင်အာရှတွင် ရုရှား၏ စစ်လက်နက်များ ဝယ်ယူတပ်ဆင်ထားသော အဓိက နိုင်ငံတစ်ခု ဖြစ်လာသည်။
ယနေ့ မြန်မာ့လေတပ်တွင် ပြည်တွင်းစစ်ပွဲများ၌ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသော Mig-29 နှင့် Yak-130 တိုက်ခိုက်ရေး ဂျက်လေယာဉ်များ၊ Mi-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များနှင့် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များသည် အာဏာရှင်ဟောင်းသန်းရွှေလက်ထက် ရုရှားထံက ဝယ်ယူခဲ့သော တန်ဖိုးကြီး စစ်လက်နက် ပစ္စည်းများ ဖြစ်သည်။
သန်းရွှေသည် ထောင်နှင့်ချီသော စစ်အရာရှိများနှင့် အခြားအဆင့်စစ်သည်များကို ရုရှားနိုင်ငံသို့ စေလွှတ်ခဲ့ပြီး ရုရှားစစ်လက်နက်များကို ကိုင်တွယ်အသုံးချနိုင်ရန် ပညာသင်ကြားစေခဲ့သည်။ ယနေ့ကာလ စစ်တပ်တွင် ရုရှားဘာသာစကား ပြောနိုင်သူ အများအပြားရှိနေသည်။ မြန်မာစစ်တပ်သည် အာဆီယံဒေသတွင် ရုရှား စစ်တပ်၏ စစ်လက်နက်များ၊ နည်းပညာများနှင့် စစ်နည်းဗျူဟာများကို အဓိကအားကိုးအားထားပြု တည်ဆောက်ထားသော စစ်တပ် ဖြစ်လာသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့်အတူ တတိယမျိုးဆက် စစ်အာဏာရှင် ဖြစ်လာသော မင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ အကြိမ်ကြိမ် သွားရောက်ခဲ့ပြီး၊ သမ္မတဗလာဒီမာပူတင်၏ အသိအမှတ်ပြုမှုခံရရန် ပြင်းပြင်းထန်ထန် ကြိုးပမ်းခဲ့သည်။ နိုင်ငံတကာအသိုက်အဝန်းကြား ရုရှား၏ သံတမန်ရေး အကာအကွယ်ရရှိရေးသည် မင်းအောင်လှိုင်အတွက် အရေးကြီးသလို၊ နိုင်ငံအနှံ့ဖြစ်ပွားနေသော လက်နက်ကိုင်တော်လှန်ရေးကို ရင်ဆိုင်ရန် စစ်လက်နက်အကူအညီများ ရရှိရေးသည်လည်း အလွန်အရေးကြီးနေပါသည်။
လွန်ခဲ့သောနှစ်များအတွင်း ရုရှားစစ်တပ်သည် SU- 30SME စတုတ္ထမျိုးဆက် တိုက်လေယာဉ်များနှင့် အာဆီယံဒေသတွင် ပထမဆုံးနိုင်ငံအဖြင့် နောက်ဆုံးပေါ် Mi- 38T ရဟတ်ယာဉ်များကို မြန်မာစစ်တပ်ထံ ရောင်းချခဲ့သည်။ အဆိုပါ အချင်းအရာတွင် ရုရှား- မြန်မာ ဆက်ဆံရေးသည် စစ်လက်နက်ပစ္စည်းများနှင့် နည်းပညာများ ရောင်းချပေးနေသည့် အဆင့်မှ စစ်ရေးမဟာမိတ်အဆင့်ထိ ဆက်ဆံရေးမြင့်တက်လာနေသည်ကို ပြသနေသည်။
မြန်မာသည် အရှေ့တောင်အာရှဒေသတွင် ရုရှား၏ အယုံကြည်ထိုက်ဆုံး စစ်ရေးမဟာမိတ်ဖြစ်ကြောင်း သမ္မတပူတင် လက်ခံယုံကြည်လာစေရန် မင်းအောင်လှိုင် ကြိုးပမ်းခဲ့သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့ရာ မင်းအောင်လှိုင်သည် သမ္မတပူတင်နှင့် တွေ့ဆုံခွင့်ရသည့်အခါ ယူကရိန်းစစ်ပွဲတွင် ရုရှားနှင့်အတူ ရပ်တည်ကြောင်း ကမ္ဘာသိ ကြွေးကြော်ပြသခဲ့ပြီး၊ ပူတင်၏ယုံကြည်မှုကို ရယူရန် ကြိုးပမ်းခဲ့သည်။ ပူတင်ကလည်း ကမ္ဘာကြီး၏ဖယ်ကြဉ်ခြင်းကို ခါးသီးစွာခံစားနေရပြီး မိတ်ဆွေရှားပါနေချိန်ဖြစ်၍ မင်းအောင်လှိုင်၏ ကြိုးပမ်းမှုများက အလုပ်ဖြစ်ခဲ့သည်ဟု ဆိုရပေလိမ့်မည်။
မင်းအောင်လှိုင်၏ အဆိုပါ ကြိုးပမ်းမှုရလဒ်များကို တဖြည်းဖြည်း တွေ့မြင်နေရပြီ ဖြစ်သည်။ ၂၀၂၅ ခုနှစ် မတ်လတွင် ရုရှားနိုင်ငံပိုင်ကော်ပိုရေးရှင်း Rosatom က နျူးကလီးယားဓာတ်ပေါင်းဖို အငယ်စားတစ်ခု မြန်မာနိုင်ငံ၌ တည်ဆောက်ပေးရန် မင်းအောင်လှိုင်သည် ပူတင်၏ သဘောတူခွင့်ပြုချက် ရယူနိုင်ခဲ့သည်။ ယခု တဖန် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထိန်းချုပ်အသုံးပြုနေသော GLONASS ဂြိုဟ်တုစနစ်ကို မြန်မာစစ်တပ် အသုံးပြုနိုင်ရန် နောက်ထပ် ရုရှားနိုင်ငံပိုင်ကော်ပိုရေးရှင်း Roscosmos က မြန်မာနိုင်ငံတွင် မြေပြင်စခန်းတစ်ခု တည်ဆောက်ရေးအတွက် ထိုကော်ပိုရေးရှင်း၏ အထွေထွေညွှန်ကြားရေးမှူးချုပ် Dmitry V. Bakanov သည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် နေပြည်တော်သို့ ရောက်ရှိလာပြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံသဘောတူခဲ့ကြသည်။
ရုရှား၏ GLONASS System နောက်ခံသမိုင်း
၁၉၇၆ ခုနှစ် စစ်အေးခေတ်အထွတ်အထိပ်ကာလ အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စု၏ အင်အားပြိုင်ဆိုင်မှုတွင် အာကာသနည်းပညာပြိုင်ဆိုင်မှုသည် အဆင့်အမြင့်ဆုံး နည်းပညာပြိုင်ပွဲ ဖြစ်ခဲ့သည်။ ထိုစဉ်က ဆိုဗီယက် ပြည်ထောင်စုသည် ရေဒီယိုလှိုင်းအခြေခံ ဂြိုဟ်တုဆက်သွယ်ရေးစနစ် GLONASS (Global Navigation Satellite System) စီမံကိန်းကို စတင်ခဲ့ပြီး၊ ကမ္ဘာပတ်လမ်းကြောင်းထဲသို့ ဆက်သွယ်ရေးဂြိုဟ်တု များ လွှတ်တင်ခဲ့သည်။ ထိုစနစ်သည် ပြိုင်ဘက် အမေရိကန်က အသုံးပြုနေသော GPS (Global Positioning System) စနစ်နှင့် ဆင်တူသည်။ ထိုစနစ်နှစ်ခု၏ ကွဲပြားချက်သည် ရေဒီယိုလှိုင်းထုတ်လွှင့်မှုစနစ် မတူညီခြင်း ဖြစ်သည်။
အမေရိကန်အသုံးပြုသော GPS စနစ်သည် CDMA (Code-division Multiple Access) ကို သုံးပြီး၊ ဆိုဗီယက်တို့၏ GLONASS စနစ်သည် FDMA (Frequency Division Multiple Access) ကို သုံးသည်။ ယင်းသည် စစ်အေးခေတ် အမေရိကန်နှင့် နယ်ပယ်စုံတွင် အင်အားပြိုင်ဆိုင်မှုပြုလုပ်ခဲ့သော ဆိုဗီယက်ပြည်ထောင်စု၏ အာကာသနည်းပညာ ပြိုင်ဆိုင်မှုနယ်ပယ်ထဲ ဂြိုဟ်တုဆက်သွယ်ရေးစနစ်ကို အပြိုင်တည်ဆောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
ဂြိုဟ်တုဆက်သွယ်ရေးစနစ်တစ်ခုကို တစ်ကမ္ဘာလုံးအသုံးပြုနိုင်ရန်မှာ ကမ္ဘာကိုလွှမ်းခြုံနိုင်သော ဆက်သွယ်ရေး ကွန်ရက်တည်ဆောက်နိုင်ရန် လိုအပ်ပြီး၊ အာကာသထဲသို့ ဆက်သွယ်ရေးဂြိုဟ်တု အများအပြား လွှတ်တင်ထားရန် လိုအပ်သည်။ ၁၉၉၁ ခုနှစ်တွင် GLONASS ကို တစ်ကမ္ဘာလုံး လွှမ်းခြုံနိုင်ရန် ရည်မှန်းခဲ့သော်လည်း၊ ထိုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခဲ့သည်။ ထို့ကြောင့် ၁၉၉၅ ခုနှစ်ရောက်မှ ထိုရည်မှန်းချက် ရရှိခဲ့သော်လည်း၊ စီးပွားရေးကျပ်တည်းမှုများကြောင့် GLONASS စနစ်ကို ထိန်းသိမ်းနိုင်စွမ်းမရှိဘဲ ရပ်တန့်ခဲ့သည်။
၂၀၀၁ ခုနှစ်တွင် ဗလာဒီမာပူတင် ရုရှားသမ္မတဖြစ်လာပြီးနောက် GLONASS စနစ်ကို ရုရှား၏ မဟာဗျူဟာ ဦးစားပေး စီမံကိန်းအဖြစ် ပြန်လည်အသက်သွင်းခဲ့ရာ၊ ၂၀၁၁ ခုနှစ်တွင် သက်တမ်းရင့်နေပြီး ခေတ်မမီတော့သော GLONASS-M နေရာတွင် GLONASS-K1 ဖြင့် အဆင့်မြှင့်တင်ခဲ့ပြီး၊ ထိုစနစ်ကို ကမ္ဘာတစ်ဝန်းလွှမ်းခြုံ အသုံးပြုနိုင်သော အခြေအနေရောက်ရှိရန် ဆက်သွယ်ရေးဂြိုဟ်တု ၂၄ လုံး လွှင့်တင်နိုင်ခဲ့သည်။ GLONASS-K1 သည် CDMA စနစ်ကို စတင်အသုံးပြုလာခဲ့သည်။ ၎င်းနောက်ပိုင်း GLONASS စနစ်ကို အဆင့်မြှင့်တင်မှုများ ထပ်မံပြုလုပ်ခဲ့ရာ ၂၀၂၃ ခုနှစ်တွင် GLONASS-K2 ကို နောက်ဆုံးလွှင့်တင်ခဲ့သည်။
သမ္မတပူတင်သည် ရုရှားနိုင်ငံ၏ အတိတ်က မဟာအင်အားကြီး အဆင့်အတန်းကို ပြန်လည်ရရှိရန် စစ်ရေးနှင့် နည်းပညာ ပြန်လည်တည်ဆောက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သလို၊ ကမ္ဘာအနှံ့ နိုင်ငံရေးနှင့် စစ်ရေးမဟာမိတ် နိုင်ငံများ အုပ်စုဖွဲ့တည်ဆောက်မှုဖြင့် ရုရှား၏ ဩဇာဖြန့်ကြက်မှုများကို လုပ်ဆောင်ခဲ့ရာတွင် GLONASS စနစ် အပါအဝင် ရုရှား၏ ခေတ်မီစစ်ရေးနည်းပညာများက အဓိကအခန်းကဏ္ဍတွင် အကူအညီပေးလျက်ရှိသည်။ ယခု အခါ ရုရှားစစ်လက်နက်များ အသုံးပြုသော အာဖရိကနိုင်ငံများက GLONASS System ကို အများဆုံး သုံးစွဲလျက် ရှိသည်။ မကြာသေးခင်က အမေရိကန်တပ်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသော သမ္မတ နီကိုးလပ်စ်မာရူဒို၏ ဗင်နီဇွဲလား နိုင်ငံသည် ရုရှား၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ဝယ်ယူသုံးစွဲမှုနှင့်အတူ GLONASS ဂြိုဟ်တု ဆက်သွယ်ရေးစနစ် မြေပြင်စခန်းတည်ဆောက်မှုကို ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့သော လက်တင်အမေရိကနိုင်ငံ ဖြစ်သည်။
အရှေ့တောင်အာရှနိုင်ငံများထဲ GLONASS စနစ် မြေပြင်အခြေစိုက်စခန်းကို အင်ဒိုနီးရှားနိုင်ငံက ပထမဆုံး တည်ဆောက်နိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း ထိုသို့ စခန်းတည်ဆောက်ရန် ရုရှားနိုင်ငံပိုင်ကော်ပိုရေးရှင်း Roscosmos ၏ အထွေထွေ ညွန်ကြားရေးမှူးချုပ် Dmitry V. Bakanov နေပြည်တော်ရောက်ရှိစဉ် သဘောတူညီမှု ရရှိခဲ့ကြောင်း ရန်ကုန်အခြေစိုက် ရုရှားသံရုံး၏ ထုတ်ပြန်ကြေညာချက်ကြောင့် မြန်မာသည် အာဆီယံဒေသတွင်းအခြေစိုက်စခန်းရှိလာမည့် ဒုတိယမြောက်နိုင်ငံ ဖြစ်လာသည်။
စင်စစ် Dmitry V. Bakanov ၏ ခရီးစဉ်သည် ဖေဖော်ဝါရီလဆန်းက နေပြည်တော်သို့ ရောက်ရှိလာသော ရုရှား အစိုးရ၏ လုံခြုံရေးကောင်စီအတွင်းရေးမှူး Sergey Shoigu နှင့် မင်းအောင်လှိုင်တို့ လက်မှတ်ရေးထိုးခဲ့သော ငါးနှစ် စစ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် နောက်ဆက်တွဲ အကောင်အထည်ဖော်မှု တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ပါသည်။ သမ္မတပူတင်၏ လူယုံဖြစ်သော Sergey Shoigu သည် ၂၀၂၁ ခုနှစ် မင်းအောင်လှိုင် အာဏာ မသိမ်းမီ ရက်ပိုင်းအလိုတွင် ရုရှားကာကွယ်ရေးဝန်ကြီးအဖြစ် နေပြည်တော်သို့ လာရောက်ခဲ့သူလည်း ဖြစ်သည်။
ရုရှား၏ GLONASS System မြေပြင်စခန်းကို မင်းအောင်လှိုင် လိုချင်ရသည့် အကြောင်းရင်း
ရုရှားနိုင်ငံထုတ် မျိုးဆက်သစ် တိုက်ခိုက်ရေး ဂျက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ ဒရုန်းများ၊ ပဲ့ထိန်းဒုံး စနစ်များ၊ ပဲ့ထိန်းဗုံးများ စသည့် ခေတ်မီစစ်လက်နက်ပစ္စည်းတို့က ရန်သူပစ်မှတ်များကို တိကျသေချာစွာ ပစ်ခတ်နိုင်မည့် စွမ်းရည်သည် GLONASS System နှင့် ပေါင်းစပ်ထားခြင်းဖြစ်သည်။
ဥပမာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ် ဝယ်ယူခဲ့သော Su-30SME တိုက်လေယာဉ်၊ Mi-38T သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်၊ Orlan-10E ထောက်လှမ်းရေးဒရုန်းများ Pantsir-S1 နှင့် S-125 Pechora-2M လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်၊ အာဏာမသိမ်းမီ ကတည်းက ရုရှားထံက ဝယ်ယူသုံးစွဲလျက်ရှိသော Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်များတွင် ရန်သူပစ်မှတ်များကို ကိုဩဒိနိတ်အမှတ် အတိအကျဖြင့် ပစ်ခတ်နိုင်စွမ်းရှိရန် GLONASS System ကို သုံးစွဲသည်။
ထို့အပြင် ရုရှား၏ အဆင့်မြင့် ခရုဇ်ပဲ့ထိန်းဒုံးပျံများ၊ ရေငုပ်သင်္ဘောမှ ပစ်လွှတ်သော တိုက်ချင်းပစ်ဒုံးပျံများ၊ အတွဲလိုက်ပစ်ခတ်ရသော MLRS (Multiple Launch Rocket Systems) ဒုံးစနစ်များနှင့် ပဲ့ထိန်းဗုံးများတွင် GLONASS System ကို သုံးစွဲသည်။ မြန်မာစစ်တပ်တွင် အသုံးပြုနေသော MAM-1, MAM-2 နှင့် MAM-3 အတွဲလိုက်ဒုံးစနစ်များသည် တရုတ်နှင့် မြောက်ကိုရီးယားနည်းပညာများအပေါ် အခြေခံထားသည့်အတွက် GLONASS System နှင့် တွဲဖက်သုံးစွဲနိုင်ခြင်းရှိမရှိ မသေချာပါ။
GLONASS System သည် စစ်မြေပြင် စစ်ဆင်ရေးများတွင် အလွန်အရေးပါသော ဂြိုဟ်တုဆက်သွယ်ရေးစနစ် ဖြစ်သည်။ တပ်ဖွဲ့များတွင် အဆိုပါ လက်ကိုင်ဆက်သွယ်ရေးစနစ်ကို တပ်ဆင်ထားခြင်းဖြင့် တပ်ဖွဲ့များ၏ တည်နေရာများနှင့် လှုပ်ရှားမှုများကို အချိန်နှင့်တပြေးညီ အမိန့်ပေးနိုင်ပြီး၊ ထောက်ပံ့ပို့ဆောင်ရေးယာဉ်များတွင် ထိုစနစ်ကို တပ်ဆင်ထားခြင်းဖြင့် စစ်ဆင်းရေးများတွင် အလွန်အရေးကြီးသော နောက်တန်းထောက်ပံ ပို့ဆောင်ရေးယန္တရားတစ်ခုလုံးကို လိုသလို အမိန့်ပေးညွှန်ကြားနိုင်မည် ဖြစ်သည်။
သို့ရာတွင် ၂၀၁၁ ခုနှစ်က ရုရှားတို့ အဆင့်မြှင့်တင်ခဲ့သော GLONASS- K1 သည်ဟောင်းနွမ်းနေပြီး၊ ၂၀၂၃ ခုနှစ်တွင် GLONASS-K2 ဖြင့် အဆင့်မြှင့်တင်မှုများ ဆက်လက်လုပ်ဆောင်နေချိန် ရုရှားစစ်တပ်သည်ပင် ထိထိရောက်ရောက် အသုံးမပြုနိုင်သေးပါ။ GLONASS System ကို ယူကရိန်းစစ်တပ်ကလည်း ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသည်။ အမေရိကန်၏ စွမ်းအားမြင့်သော အီလက်ထရောနစ် စစ်ဆင်ရေးလက်နက်များဖြင့် အလွယ်တကူ ဖျက်ဆီးနိုင်ခြင်းကြောင့် ဗင်နီဇွဲလားနှင့် အီရန်နိုင်ငံတို့တွင် အသုံးပြုနေသော ရုရှား၏ လေကြောင်းရန်ကာကွယ်ရေး စနစ်များသည် တုတ်တုတ်မျှမလှုပ်နိုင်တော့သည်ကို တွေ့မြင်နေရပြီး၊ ရုရှား၏ စစ်လက်နက်များကို ဈေးကြီးပေးပြီး ဝယ်ယူထားသော နိုင်ငံများအတွက် ထိုအချင်းအရာသည် စိုးရိမ်စရာ ဖြစ်လာပါသည်။
အချုပ်ဆိုရလျှင် မင်းအောင်လှိုင်အတွက် GLONASS System ကို အသုံးပြုလိုသော လတ်တလော ရည်ရွယ်ချက်သည် ပြည်ပကျူးကျော်စစ်အတွက် ပြင်ဆင်ခြင်းထက်၊ ပြည်တွင်း၌ ရင်ဆိုင်နေရသော တိုင်းရင်းသားပေါင်းစုံ၏ လက်နက်ကိုင်တော်လှန်ရေးကို ထိထိရောက်ရောက် ချေမှုန်းနှိမ်နင်းလိုသောကြောင့် ဖြစ်သည်။ အာဏာသိမ်းစ အစောပိုင်းနှစ်များနှင့်မတူ ယခုအခါ မင်းအောင်လှိုင်လေတပ်သည် ပိုမိုတိကျသော ဗုံးကြဲမှုများ လုပ်ဆောင်လာနေသလို၊ ၁၀၂၇ စစ်ဆင်ရေးကာလနှင့်မတူ စစ်တပ်၏ ဒရုန်းတိုက်ခိုက်ရေးစွမ်းရည်သည် အလျင်အမြန်တိုးတက်လာ နေပြီဖြစ်သည်။ မင်းအောင်လှိုင်သည် GLONASS System မြေပြင်စခန်းတည်ဆောက်မှု ပြီးစီးသွားပါက တော်လှန်ရေး အင်အားစုများအပေါ် ပိုမိုတိကျသော စစ်ဆင်ရေးများကို ပြုလုပ်လာလိမ့်မည် ဖြစ်ပါကြောင်း လေ့လာသုံးသပ် တင်ပြလိုက်ရပါသည်။



