ကမ္ဘာ့ရေနံတင်ပို့မှု၏ ဗဟိုချက်ဖြစ်သော အရှေ့အလယ်ပိုင်းဒေသစစ်ပွဲများကြောင့် ကမ္ဘာ့နိုင်ငံများတွင် လောင်စာဆီဈေးကွက်လှုပ်ခတ်နေပြီး ပြည်တွင်းလောင်စာဆီသုံးစွဲမှု၏ ၉၀ ရာခိုင်နှုန်းကျော်ကို ပြည်ပမှ တင်သွင်းနေရသည့် မြန်မာတွင်လည်း လောင်စာဆီဝယ်ယူတင်သွင်းရာတွင် ရိုက်ခတ်မှုရှိလာနိုင်ကြောင်း စွမ်းအင်ဆိုင်ရာကျွမ်းကျင်သူများက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်တွင် အီရန်နိုင်ငံကို အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုပြီးနောက် ကမ္ဘာ့ရေနံတင်ပို့မှု ငါးပုံတစ်ပုံဖြတ်သန်းသယ်ဆောင်သော ဟော်မုဇ်ရေလက်ကြား (Strait of Hormuz)ကို မဖြတ်သန်းရန် အီရန်က သတိပေးထားရာ ရေနံတင်သင်္ဘောများ ဖြတ်သန်းသွားလာရန် ခက်ခဲသွားသည်။ ထို့ကြောင့် ကမ္ဘာ့ဈေးကွက်တွင် လောင်စာဆီရှားပါးပြတ်လပ်မှုအန္တရာယ်ကြီးလာပြီး ဈေးနှုန်းများလည်း မြင့်တက်လာခဲ့သည်။
အီရန်စစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာရေနံတင်ပို့မှုများအပေါ် ရိုက်ခတ်မှုရှိလာချိန် စစ်ကော်မရှင်ကလည်း ရေနံသင်္ဘောများပိတ်ဆို့မှုဖြစ်နေသည်ဆိုကာ ပုံမှန်မဟုတ်သည့် စက်သုံးဆီခြိုးခြံချွေတာရေးအစီစဉ်ကို ယခုနှစ် မတ်လ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
လျှပ်စစ်ကားမဟုတ်သော ပုဂ္ဂလိကပိုင် အိမ်စီးကားနှင့် ဆိုင်ကယ်များကို မတ်လ ၇ ရက်မှစ၍ တစ်ရက်သုံး တစ်ရက်နား မောင်းနှင်ရန် သတ်မှတ်ခဲ့သည်။ ကားနံပါတ်၏ စုံဂဏန်းဖြင့်စသော ယာဉ်များကို စုံရက်များတွင်မောင်းနင်ရန်နှင့် “မ”နံပါတ်ဖြင့် စသောယာဉ်များကို “မ” ရက်တွင်မောင်းရန် ညွှန်ကြားခဲ့ပြီး မလိုက်နာလျှင် အရေးယူမည်ဟုဆိုသည်။
အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် ဆီသင်္ဘောများဖြတ်သန်းရာ ရေလမ်းကြောင်းတစ်လျှောက် အတားဆီးနှင့် အဟန့်အတားပိတ်ဆို့မှုများဖြစ်နေ၍ ထိုကဲ့သို့ ဆီချွေတာရန် စီစဉ်ခြင်းဖြစ်ပြီး အသေးစိတ် အချက်လက်များကို ထည့်သွင်းထုတ်ပြန်ခြင်းမရှိပေ။
ရေနံနှင့် စွမ်းအင်ဆိုင်ရာ ဈေးကွက်ကျွမ်းကျင်သူတို့၏ အဆိုအရ မြန်မာသည် စက်သုံးဆီလိုအပ်ချက်ကို ပြည်ပတင်သွင်းအပေါ် အကြီးအကျယ်မှီခိုနေရခြင်း၊ လောင်စာဆီဝယ်ရန် နိုင်ငံခြားငွေအကျပ်အတည်း ဖြစ်နေခြင်း စသည့် ပို၍ထင်သာမြင်သာရှိသော အကျပ်အတည်းများရှိထားပြီးဖြစ်သည်။

စစ်အာဏာသိမ်းထားသည့် မြန်မာတွင် ဒီဇယ်၊ ဓာတ်ဆီကဲ့သို့သော သန့်စင်ပြီးရေနံထွက်ပစ္စည်းများကို အရှေ့တောင်အာရှရှိ စက်သုံးဆီဖြန့်ဖြူရောင်းချနေသော စင်ကာပူ၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ အဓိကတင်သွင်းနေခြင်းဖြစ်သည်။
ထို့ကြောင့် စက်သုံးဆီဝယ်ယူတင်သွင်းရန် နိုင်ငံခြားငွေရှားပါးမှုပြဿနာထက် ဒေသတွင်းနိုင်ငံများတွင် ဆီရှားပါးပြီး ဝယ်ယူရခက်ခဲနိုင်၍ မြန်မာတွင် ဆီပြတ်လပ်မှုဖြစ်စေနိုင်ကြောင်း ဘယ်လ်ဂျီယံအခြေစိုက် စွမ်းအင်ဆိုင်ရာ ဈေးကွက်သုတေသနအဖွဲ့ Kpler ၏ အကြီးတန်းဦးဆောင်သုတေသီ Zameer Yusof က Myanmar Now ကို အီးမေးမှတဆင့် ပြောဆိုသည်။
“လက်ရှိ လောင်စာဆီပြတ်လပ်မှုတွေက ဒေသတွင်းမှာ ကုန်ပစ္စည်း လုံးဝမရှိခြင်းကြောင့်မဟုတ်ဘဲ ငွေကြေးနဲ့ နိုင်ငံခြားငွေလဲလှယ်မှုကန့်သတ်ချက်တွေကြောင့် ဖြစ်နိုင်ခြေပိုများပါတယ်” ဟု ၎င်းက ပြီးခဲ့သည့် သီးတင်ပတ်နှောင်းပိုင်းတွင် ပြောသည်။
စစ်တပ်အာဏာသိမ်းထားသည့် မြန်မာတွင် အာဏာသိမ်းလိုက်ချိန်မှစကာ နိုင်ငံခြားငွေရှားပါးပြတ်လပ်မှု၊ နိုင်ငံတကာ၏ ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုများကြောင့် အမေရိကန်ဒေါ်လာဖြင့် ပေးချေဝယ်ယူရသည့် လောင်စာဆီများကို စစ်တပ်က အလျင်မီအောင် တင်းသွင်းဖြန့်ဖြူပေးနိုင်ခြင်းမရှိတော့ဘဲ ပြည်တွင်း၌ မကြာခဏ လောင်စာဆီများပြတ်လပ်ခဲ့သည်။
ထို့အခြေအနေကြောင့် ရေနံဝယ်ယူရန် သမားရိုးကျမဟုတ်သည့် ငွေပေးချေစနစ်များကို အသုံးပြုနေပြီး တရုတ်ယွမ်ဖြင့်ပေးချေခြင်း၊ စိုက်ပျိုးရေးထွက်ကုန်များ သို့မဟုတ် ကျောက်စိမ်းနှင့် ကျွန်းသစ်များကဲ့သို့ ကုန်စည်များဖြင့် ကုန်ပစ္စည်းချင်းဖလှယ်ကာဝယ်ယူနေရကြောင်း ကျွမ်းကျင်သူများက ဆိုသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစ၍ နိုင်ငံတကာအရေးယူပိတ်ဆို့မှုနှင့် နိုင်ငံရေးအရစောင့်ကြည့်မှုများကြောင့် မြန်မာကို လောင်စာဆီရောင်းသူများ သိသိသာသာကျဆင်းသွားသည်ဟုလည်း သိရသည်။
စွမ်းအင်ဆိုင်ရာ ဈေးကွက်သုတေသနအဖွဲ့ Kpler ၏ အချက်အလက်များအရ မြန်မာအတွက် သန့်စင်ပြီး လောင်စာဆီများကို ထိုင်ဝမ်၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုးရီးယားရှိ ရေနံကုမ္ပဏီများအပါဝင် အာရှတစ်လွှား နိုင်ငံများရှိ စွမ်းအင်ကုမ္ပဏီအများအပြားက ရောင်းချပေးခဲ့သည်။ သို့ရာတွင် စစ်အာဏာသိမ်းပြီးနောက် လောင်စာဆီရောင်းချပေးသူ အရေအတွက်သည် သိသိသာသာကျဆင်းသွားပြီး ယခုလက်ရှိ၌ ဒေသတွင်း လောင်စာဆီဖြန့်ဖြူးသော နိုင်ငံအနည်းငယ်သာ ကျန်ရှိတော့သည်။
“လိုရင်းပြောရရင် လောင်စာဆီရောင်းပေးနိုင်တဲ့ ရောင်းချပေးလိုတဲ့သူက ပိုပိုနည်းနည်းသွားနိုင်တဲ့ အခြေအနေမျိုးရှိနေပါတယ်” ဟု Zameer Yusof က ပြောသည်။
ကျယ်ပြန့်လာသော အရှေ့အလယ်ပိုင်းစစ်ပွဲများကြောင့် စက်သုံးဆီများဝယ်ယူတင်သွင်းရာတွင် ရှားပါးကျပ်တည်းမှုပိုဖြစ်စေလာနိုင်သည်ဟု ဆိုသည်။ ပြီးခဲ့သည့် စနေနေ့ (ဖေဖော်ဝါရီလ ၂၈ ရက်နေ့) တွင် အီရန်နိုင်ငံကို အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများ ဖြစ်ပေါ်လာပြီးနောက် ဒေသအလိုက် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့သည်။
ကမ္ဘာ့ရေနံစိမ်းဈေး တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ကျော်ထိမြင့်တက်လာခဲ့ပြီးဖြစ်သလို အာရှနိုင်ငံများတွင်လည်း ရေနံတင်သွင်းရသည့် ဈေးနှုန်းများလည်းမြင့်တက်လာကြောင်း သိရသည်။
ကျပ်ငွေတန်ဖိုး ဒလိမ့်ကောက်ကွေးကျဆင်းလျက်ရှိနေပြီး နိုင်ငံခြားငွေလက်ကျန်နည်းပါးနေသည့် မြန်မာအတွက် ကမ္ဘာ့ရေနံဈေးများမြင့်တက်လာမှုကြောင့် အချိန်တိုအတွင်း စက်သုံးဆီပြတ်လပ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။
မြန်မာသို့ တင်သွင်းလာသည့် စက်သုံးဆီများအနက် နိုင်ငံတကာက အရေးယူပိတ်ဆို့ခံထားရသည့် ရုရှားမှ တင်သွင်းသည့် ဆီများလည်းပါဝင်နေကြောင်း အထောက်ထားများရှိသည်ဟု သိရှိရသည်။
Kpler ၏ ဆန်းစစ်ချက်များအရ အင်ဒိုနီးရှားနိုင်ငံ၊ ကာရီမွန်ကျွန်းသည် ရုရှာဆီများကို မြန်မာအပါဝင် အခြားဈေးကွက်များသို့ တင်ပို့ရာတွင် အရေးပါသည့် ဖြန့်ဖြူးရေးနေရာတစ်ခုဖြစ်ပြီး မကြာသေးမီးက ထိုရေလမ်းကြောင်းမှတဆင့် Harmony၊ Fly Marlin နှင့် Marissa သင်္ဘောများက လောင်စာဆီများ သယ်ယူတင်ပို့ခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်သည် နိုင်ငံခြားငွေအကျပ်အတည်းကြောင့် ပြည်ပသွင်းကုန်အများအပြား ပိတ်ထားပြီး မရှိမဖြစ်ကုန်စည်များဖြစ်သည့် စက်သုံးဆီ၊ စားသုံးဆီ၊ ဆေးဝါးနှင့် ဓာတ်မြေဩဇာကို ဦးစားပေး၍ တင်သွင်းခွင့်ပြုထားသည်။
အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ဈေးနှုန်းများမြင့်တက်နေပြီး ဆီရှားပါးလာချိန် စက်သုံးဆီတင်သွင်းရသည့် စရိတ်များ မြင့်တက်မှုကြောင့် စက်သုံးဆီအတွက် ဒေါ်လာပိုမိုသုံးစွဲရဖွယ်ရှိပြီး ထိန်းသိမ်းရခက်ခဲသည့် အခြေအနေဖြစ်နိုင်ကြောင်း အမည်မဖော်လိုသည့် စီပွားရေးလေ့လာသုံးသပ်သူ အမျိုးသားတစ်ဦးက ပြောသည်။
“ဒါဘယ်လောက်ကြာမလဲ။ ကြာရင်တော့ ပိုပြီးရိုက်ခတ်မယ်။ Short Term (ရေတို) ဆိုရင်တော့ အရင်တုန်းက ဝယ်ထားတဲ့ဟာနဲ့ နည်းနည်းသက်သာမယ်” ဟု ၎င်းက ဆိုသည်။
စုံ၊ မစနစ်ဖြင့် တစ်ရက်ခြား ယာဉ်အသုံးပြုရန် အစီအစဉ်သည် ဆီပြတ်လပ်မှုအတွက် စိုးရိမ်ရခြင်းကြောင့် ကန့်သတ်ခြင်းဖြစ်ပြီး ယခုလအတွင်း လွှတ်တော်ခေါ်ယူ၍ အစိုးရဖွဲ့ရန်ပြင်ဆင်သည့်အချိန် ဧပြီလတွင် နိုင်ငံခြားငွေလဲနှုန်းများထပ်မံမြင့်တက်မှုရှိမရှိ စောင့်ကြည့်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အာဏာသိမ်း စစ်ကော်မရှင်လက်အောက် အခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်နေရသည့် ပြည်သူများသည် ဆီပြတ်လပ်မှုကြောင့် ကုန်ဈေးနှုန်းထပ်တက်လျှင် နောက်ထပ်အကျပ်အတည်းထပ်ဖြစ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းက ဆိုသည်။
စက်သုံးဆီပြတ်လပ်မှုသည် စစ်တပ်၏ လေယာဉ်ဆီ၊ စစ်ကြောင်းချီရာတွင် ထောက်ပံပို့ဆောင်ရေးအဖြစ် မောင်းနှှင်အသုံးပြုသည့် ယာဉ်ယန္တရားများအတွက်လည်း အကျပ်ရိုက်နိုင်သည်ဟု ၎င်းက ဆိုသည်။
“ရိုးရိုး ဓာတ်ဆီ ဒီဇယ်ကလည်း သူတို့ စစ်ကြောင်းချီဖို့ နဲ့ ထောက်ပို့ဖို့ ကားတွေအတွက် အခက်အခဲ ဖြစ်လာမယ်။ အရင်သုံးကြောင်း သွားနိုင်ရင်တစ်ကြောင်းပဲ သွားနိုင်တော့တာမျိုးပေါ့။ ပြည်သူလူထုကတော့ ခံရပေါင်း များနေပြီမို့ ခံနိုင်ရည် ရှိကြမှာပါ။ ကုန်ဈေးနှုန်းကျပ်တည်းလာရင်တော့ နောက်ထပ် crisis တစ်ခု ထပ်ဖြစ်နိုင်တာပေါ့” ဟု ၎င်းက ဆိုသည်။
စစ်ကော်မရှင်သည် စက်သုံးဆီဖူလုံလောက်ငှရေးအတွက် စွမ်းအင်အရင်းအမြစ်သစ်များရှိဖွေမည့် အစီစဉ်မရှိဘဲ ရှိနေသည့် အရင်းအမြစ်နှင့် လက်ကျန်ဆီကို အတင်းအကျပ်ထိန်းချုပ်သည့်သဘော ဖြစ်နေကြောင်း လေ့လာသူများက ဆိုသည်။
အရှေ့အလယ်ပိုင်စစ်ရေးကြောင့် မြန်မာရှိ တရုတ်ရေနံပိုက်လိုင်းမှ ရေနံတင်သွင်းမှုအပေါ် ထိခိုက်
အရှေ့အလယ်ပိုင်းရှိ ပါရှန်ပင်လယ်ကွေ့နိုင်ငံများမှ ဝယ်ယူတင်သွင်းသည့် ရေနံစိမ်းများကို ရခိုင်ပြည်နယ် မဒေးကျွန်း ရေနံတင် ဆိပ်ကမ်းမှတဆင့် တရုတ်- မြန်မာရေနံပိုက်လိုင်းအတိုင်း တရုတ်သို့ တင်ပို့မှုသည်လည်း ယခုစစ်ပွဲကြောင့် သက်ရောက်မှုရှိလာနိုင်သည်။
သို့ရာတွင် ထိုရေနံစိမ်းကို မြန်မာအတွက် အသုံးပြုခြင်းမဟုတ်ဘဲ တရုတ်နိုင်ငံတွင် အဓိက အသုံးပြုရန် တင်သွင်းခြင်းဖြစ်သည်။ Myanmar Now သတင်းဌာနကို မျှဝေခဲ့သည့် Kpler ၏ အချက်လက်များအရ မြန်မာနိုင်ငံသို့ ပင်လယ်ရေကြောင်းမှ တင်သွင်းခဲ့သော ရေနံတင်ပို့မှုအားလုံးနီးပါသည် ကာတာ၊ ကူဝိတ်၊ ဆော်ဒီအာရေဗျစသည့် အရှေ့အလယ်ပိုင်းရေနံတင်ပို့သည့်နိုင်ငံများမှဖြစ်ကြောင်း တွေ့ရသည်။
တရုတ်နိုင်ငံ၊ ယူနယ်ပြည်နယ်ရှိ Petro China စက်သုံးဆီသန့်စင်စက်ရုံအတွက် ရေနံများဝယ်ယူကာ ရခိုင်ပြည်နယ် မဒေးကျွန်းဆိပ်ကမ်းတွင် ရေနံချ၍ တရုတ်ပိုက်လိုင်းအတိုင်းတင်ပို့ခြင်းဖြစ်သည်။
“တင်သွင်းတဲ့ရေနံစိမ်းအများပြားက အရှေ့အလယ်ပိုင်းဒေသက ဖြစ်ပြီး အဲ့ဒီအတွက်ကြောင့် ဟော်မုဇ်ရေလက်ကြားမှာ အဟန်အတားဖြစ်နေတာတွေက ထိခိုက်နိုင်ခြေရှိတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်” ဟု Kpler ၏ အကြီးတန်း ဦးဆောင်သုတေသီ Homayoun Falakshahi က ဆိုသည်။
တရုတ်၏ ရေနံပိုက်လိုင်းသည် မလက္ကာရေလက်ကြားကို ရှောင်ကွင်း၍ လမ်းကြောင်းတိုတိုဖြင့် ရေနံများတင်သွင်းရန် ရည်မှန်းခြင်းဖြစ်ပြီး ပဋိပက္ခများကြောင့် ဖြစ်လာနိုင်သည့် ပင်လယ်ကွေ့ဒေသ ရေနံတင်ပို့မှုဆိုင်ရာ အဟန်အတားများကို ရှောင်လွဲနိုင်မည်မဟုတ်ကြောင်း သိရသည်။
“ဟောမုဒ်ရေလက်ကြားက စီးဆင်းမှုတွေကို တကယ်တမ်းပိတ်ဆို့သွားမယ်ဆိုရင် ပထမဆုံးအနေနဲ့ အာရှပစိဖိတ်ဒေသကို ရောက်ရှိနေတဲ့ အရှေ့အလယ်ပိုင်းက ရေနံတွေ တားဆီးပိတ်ပင်သလိုဖြစ်နိုင်တယ်” ဟု နောက်ထပ် Kpler ၏ သုတေသီတစ်ဦးဖြစ်သူ Muyu Xu က ပြောသည်။
သို့သော် မြန်မာပြည်သူများအတွက် နေ့စဉ်ဘဝအတွက် မရှိမဖြစ်လိုအပ်သည့် ဓာတ်ဆီနှင့် ဒီဇယ်ကို လက်တွေ့ရရှိရန် အခက်ခဲများရင်ဆိုင်နေရပြီဖြစ်သည်။
ကမ္ဘော့ဈေးကွက်တွင် ရေနံရှားပါးပြတ်လပ်လာခြင်းနှင့်အတူ ဒေသတွင်းတင်ပို့ရောင်းချမှုမရေရာခြင်း၊ မြန်မာ၏ နိုင်ငံခြားငွေအကျပ်အတည်းနှင့် ဘဏ္ဍာရေးဆိုင်ရာအကျပ်အတည်းများစွားရှိနေခြင်းကြောင့် အရှေ့အလယ်ပိုင်းစစ်ရေးပဋိပက္ခပိုကျယ်ပြန့်လာလျှင် အကျပ်အတည်းများပိုရင်ဆိုင်လာရဖွယ်ရှိသည်။
စက်သုံးဆီဈေးကြီးမြင့်ခြင်း၊ အချိန်ကြာမြင့်စွာတန်းစီ၍ ဝယ်ယူရခြင်းတို့အပြင် စီးပွားရေးအပေါ် ထိုခိုက်သက်ရောက်မှုများလည်း ပိုမိုပြင်းထန်လာနိုင်ကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။
စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆီဖူလုံရေးအစီစဉ်များစတင်နေပြီး ရက် ၄၀ စာ ဆီသိုလှောင်ထားကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
စစ်ကော်မရှင်သည် အာဏာသိမ်းပြီးနောက် စက်သုံးဆီအကျပ်အတည်းပေါ်လာတိုင်း မစိုးရိမ်ကြရန် အကြိမ်ကြိမ်အခါခါထုတ်ပြောလေ့ရှိသော်လည်း လက်တွေ့တွင် နိုင်ငံအနှံ့အပြားတွင် ခက်ခက်ခဲခဲ ဈေးကြီးပေးဝယ်နေရကြောင်း ဝယ်ယူသူများက ဆိုသည်။
မြန်မာသည် စက်သုံးဆီလုံလောက်မှုမရှိ၍ နှစ်စဉ် ပြည်ပမှ ဒေါ်လာဘီလီယံချီအကုန်ကျခံ၍ တန်ချိန်သန်းနှင့်ချီ တင်သွင်းနေရသည်။ တရားဝင်စာရင်းဇယားများအရ ပြီးခဲ့သည့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် လောင်စာဆီတန်ချိန် ၄ ဒသမ ၁၂ သန်း တင်သွင်းခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၆ ဘီလီယံရှိသည်။



