မင်းအောင်လှိုင်သည် မည်သို့ပင် ဘောင်းဘီချွတ် အရေခွံလဲပါစေ၊ အာဆီယံ၏ အသိအမှတ်ပြုမှုကို ပြန်လည်ရရှိရန် လွယ်ကူမည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် အာဆီယံ၏ အသိအမှတ်ပြုမှုသည် မြန်မာ မပါဝင်သော အဖွဲ့ဝင်နိုင်ငံအားလုံး၏ တူညီဆန္ဒအခြေခံပေါ် မူတည်နေ၍ ဖြစ်သည်။
ဤနေရာတွင် နိုင်ငံတကာအသိုက်အဝန်းက တပြေးညီ သတ်မှတ်ထားသော အလွန်ကြီးလေးသည့် ရာဇဝတ်မှုကြီးများကို အထင်အရှား ကျူးလွန်ထားသူ မင်းအောင်လှိုင်ကို မြန်မာနိုင်ငံ၏ တရားဝင် နိုင်ငံအကြီးအကဲအဖြစ် လက်ခံရန်မှာ အာဆီယံအဖွဲ့ကြီးအတွက် နိုင်ငံရေးအရ အန္တရာယ်ရှိရုံမျှမကဘဲ၊ နိုင်ငံတကာဥပဒေများအရ အလွန်အန္တရာယ်ကြီးသော ခြေလှမ်းဖြစ်ပါလိမ့်မည်။
ထိုအခြေအနေတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံသစ် အရှေ့တီမောနိုင်ငံ၏ တရားရုံးက မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်တစ်စုကို ချင်းတိုင်းရင်းသား လူနည်းစုတို့အပေါ် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများအတွက် ချင်းလူ့အခွင့်အရေးအဖွဲ့က တရားစွဲဆိုခဲ့ခြင်းကို လက်ခံခဲ့သည်။ အရှေ့တောင်အာရှဒေသ၏ အကြီးဆုံးအစ္စလာမ်နိုင်ငံကြီးဖြစ်ပြီး အာဆီယံတွင် ဩဇာအကြီးဆုံးဟု သတ်မှတ်ထားကြသော အင်ဒိုနီးရှားနိုင်ငံကလည်း ရိုဟင်ဂျာလူမျိုးများကို လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များအပေါ် အလားတူ တရားစွဲဆိုမှုကို လက်ခံခဲ့သည်။
ထို့ကြောင့် အင်ဒိုနီးရှားနှင့် အရှေ့တီမောနိုင်ငံတို့၏ သဘောထားရပ်တည်ချက်များသည် မင်းအောင်လှိုင်ကို အသိအမှတ်ပြုရေးနှင့် ပတ်သက်ပြီး အာဆီယံ၏ ရပ်တည်ချက်များအပေါ်များစွာ ဩဇာလွှမ်းမိုးနိုင်ပါသည်။ ထို့ကြောင့် အာဆီယံသည် နိုင်ငံရေးအကျင့်သီလရော၊ ဥပဒေလိုက်နာမှုရော ရှင်းလင်းပြတ်သားစွာ ရပ်တည်ပြသရမည့် အချိန်အခါ ဖြစ်သည်။
ထို့ကြောင့် ခြုံငုံသုံးသပ်ရလျှင် မင်းအောင်လှိုင် ဘောင်းဘီချွတ် အရေခွံလဲပွဲကြောင့် ယခင်က မင်းအောင်လှိုင်ကို တိတ်တိတ်ပုန်း ထောက်ခံကူညီခဲ့ကြသော အိမ်နီးချင်းများနှင့် ဥရောပအာဏာရှင်နိုင်ငံများ ပြောင်ပြောင်တင်းတင်း အသိအမှတ်ပြု ဆက်ဆံလာသည့် အပြောင်းအလဲကလွဲ၍ ကုလသမဂ္ဂ၊ အာဆီယံနှင့် စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်မှုတွင် မြန်မာပြည်သူများ၏ ဆန္ဒနှင့်အညီ ရပ်တည်လျက်ရှိကြသော နိုင်ငံတကာအသိုက်အဝန်းသည် ပြည်သူ့ဆန္ဒအစစ်အမှန်ကို ကျောခိုင်းသွားလိမ့်မည် မဟုတ်ကြောင်း လေ့လာတွေ့ရှိရသည်။
နိုင်ငံတကာ အသိုက်အဝန်း၏ ရပ်တည်ချက်အပြောင်းအလဲသည် မြန်မာနိုင်ငံတွင် စစ်မှန်သော ငြိမ်းချမ်းရေးကို ရိုးသားစွာ အကောင်အထည်ဖော်နိုင်ခြင်း ရှိမရှိပေါ်တွင် မူတည်ပါသည်။ မင်းအောင်လှိုင်စစ်အုပ်စုက အာဏာကို ချုပ်ကိုင်ထားပြီး၊ စစ်တပ်က နိုင်ငံရေးကို ကြီးစိုးခြယ်လှယ်နေသရွေ့ စစ်မှန်သော ငြိမ်းချမ်းရေးဖြစ်စဉ်ကို တွေ့နိုင်မည် မဟုတ်ပါ။
မင်းအောင်လှိုင်စစ်အုပ်စု၏ ပကတိလိမ်ညာလှည့်ဖြားခဲ့မှု မှတ်တမ်းများကို သက်သေများစွာဖြင့် ကောင်းစွာနားလည်နေပြီဖြစ်သော နိုင်ငံတကာအသိုက်အဝန်းသည် လူလိမ်ကို လူရာသွင်းမည် မဟုတ်ပါ။ ထို့အတူ အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအို နိုင်ငံများနှင့် ဥရောပ အာဏာရှင် ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံတို့၏ ခေါင်းဆောင်များ၏ လူလိမ်ကို လူရာသွင်းရန် ကြိုးပမ်းနေမှုသည် ၎င်းတို့၏ နိုင်ငံရေးအကျင့်သီလ ကင်းမဲ့မှုကို ဖော်ပြရုံမျှမက၊ ထိုနိုင်ငံများ၏ ဂုဏ်သိက္ခာကို မည်မျှကျဆင်းနိုင်ကြောင်း ပြန်လည်စဉ်းစားသုံးသပ် သင့်ပါသည်။ လူလိမ်နှင့်ပေါင်းဖက်၍ အကျိုးပျက်စီးရန်သာ ရှိပေလိမ့်မည်ဖြစ်ကြောင်း ‘သုတဇော်’ ၏ သုံးသပ်ချက်ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



