အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်စစ်ပွဲအတွက် ရက်သတ္တပတ် တစ်ပတ်ကို ဒေါ်လာ ၂ ဘီလီယံလောက် သုံးစွဲနေတာဖြစ်ပြီး စစ်ပွဲစတင်ချိန်ကတည်းက အခုချိန်ထိ သုံးစွဲထားတဲ့ စစ်အသုံးစရိတ်ဟာ ကမ္ဘာပေါ်မှာ လူပေါင်း ၈၇ သန်းကျော်ရဲ့ အသက်ကို ကယ်တင်နိုင်မှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ တွမ် ဖလက်ချာက ဧပြီ ၁၉ ရက်က ပြောလိုက်ပါတယ်။
အမေရိကန်အပြင် တခြားနိုင်ငံတွေကလည်း သူတို့ရဲ့ နိုင်ငံရေး ခံယူချက်တွေနဲ့ စစ်ရေးအသုံးစရိတ်တွေမှာ ပိုသုံးချင်တာကြောင့် နိုင်ငံတကာ အကူအညီပေးရေး ဘတ်ဂျက်တွေကို လျှော့ချပစ်လိုက်ကြတယ်လို့လည်း ဖလက်ချာက ပြောပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ အီရန်စစ်ပွဲရဲ့ ဂယက်ဟာ ကမ္ဘာတစ်ဝန်းကို ရိုက်ခတ်နေပြီး စားသောက်ကုန်နဲ့ လောင်စာဆီ ဈေးနှုန်းတွေကလည်း ၂၀ ရာခိုင်နှုန်းနီးပါးလောက် တက်လာတော့မယ်လို့ ခန့်မှန်းရပါတယ်။
ဒီအခြေအနေကြောင့် အာဖရိကတိုက် နိုင်ငံအတော်တော်များများမှာ လူတွေ ပိုပြီး ဆင်းရဲတွင်းနက်ကုန်ကြတော့မှာဖြစ်သလို နောက်ဆက်တွဲဒဏ်ကို နောက်နှစ်ပေါင်းများစွာအထိ ခံကြရပါလိမ့်မယ်လို့ လန်ဒန်မြို့၊ Chatham House မှာ ပြုလုပ်တဲ့ ဟောပြောပွဲမှာ ဖလက်ချာက ပြောခဲ့ပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



