အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေး အရေးပါသည့် မုံရွာ- ယာကြီး- ကလေးဝ လမ်းပိုင်း ထိန်းချုပ်နိုင်ဟု စစ်တပ် ထုတ်ပြန်

လက်လွှတ်ထားရသော ကုန်သွယ်ရေးလမ်းများ ပြန်စိုးမိုးနိုင်ရန် ထိုးစစ်ဆင်နေသည့် စစ်တပ်က အိန္ဒိယ- မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် စစ်ကိုင်းတိုင်းမှ လမ်းပိုင်းတစ်ခုကို ထိန်းချုပ်နိုင်ပြီဟု ကြေညာသည်။

အိန္ဒိယ- မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အချက်အချာကျသည့် စစ်ကိုင်းတိုင်း မုံရွာ- ယာကြီး- ကလေးဝ လမ်းပိုင်းကို တစ်လကျော်ကြာ ထိုးစစ်ဆင်ပြီးနောက် ပြန်လည်ထိန်းချုပ်နိုင်ပြီဟု ယမန်နေ့ (ဇူလိုင်လ ၇ ရက်)တွင် စစ်တပ်က ထုတ်ပြန်သည်။ 

စစ်ကိုင်းတိုင်း မုံရွာမြို့နှင့် ကလေးဝမြို့အထိ ဆက်သွယ်ထားသည့်  ၁၁၅ မိုင်ရှည်လျားသော ထိုလမ်းပိုင်းအား ဇွန်လဆန်းမှ စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးအင်အားစုများ အားကောင်းသည့် ကနီ၊ မင်းကင်း၊ ကလေးဝမြို့နယ်များကို ဖြတ်သန်းသွားသောလမ်းလည်းဖြစ်သည်။ 

ထိုလမ်းတစ်လျှောက်မှ ကနီမြို့နယ် ရေလယ်ကျွန်း ၊ ကျောက်လုံးကြီးတဲစု၊ ချောင်းမ၊ အောင်မင်္ဂလာ၊ သစ်ရာပင်၊ ဝင်းကုန်း၊ ညောင်ပင်လယ်၊ ကွမ်းပင်ရေ၊ လာပို့၊ မင်းကင်းမြို့နယ်၊ ထုံးကြီးရွာ၊ ကျော်ရွာ၊ မြေနီ၊ စည်ပင်သာ၊ မိုင်တစ်ရာတဲစု၊ သဲကြမ်းတဲစုရွာတို့ကို သိမ်းပိုက်ပြီး ဇူလိုင်လ ၇ ရက်တွင် ကလေးဝမြို့နယ်မှ ၎င်းတို့တပ်ဖွဲ့များနှင့် ပူးပေါင်းနိုင်ခဲ့ကြောင်း စစ်တပ်၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။ 

ထိုလမ်းပိုင်းမှာ အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသလို မကွေး၊ ချင်းဒေသတို့နှင့်ပါ ချိတ်ဆက်နိုင်သည့်အတွက် တော်လှန်ရေးအင်အားစုများအတွက် အခရာကျသည့်လမ်းပိုင်း ဖြစ်သည်။ 

စစ်တပ်၏ထိုးစစ်အတွင်း အချက်အချာကျသည့်နေရာအချို့ ပြန်ရရှိသွားသော်လည်း လမ်းပိုင်းတစ်ခုလုံး ထိန်းချုပ်နိုင်ခြင်းမရှိဟု ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်များက ပြောကြသည်။ 

“မုံရွာကနေ တစိတ်တပိုင်း ကနီ၊ ချောင်းမ တစ်နေရာလောက်၊ ကလေးဝဘက် တချို့တဝက် ကွက်ကြား ကွက်ကြား၊ ကြိုကြားကြိုကြားလောက်ပါပဲ။ အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ အနေအထား မရှိပါဘူး”ဟု ယင်းမာပင်ခရိုင်မှ မြေပြင်ရဲဘော်တစ်ဦးက ပြောသည်။ 

အိန္ဒိယနယ်စပ်မှသည် ကလေး- တမူးလမ်းကြောင်းကိုဖြတ်ပြီး မုံရွာ- မန္တလေးမြို့သို့ တိုက်ရိုက်ချိတ်ဆက်ကာ ကုန်စည်ပို့ဆောင်မှုများ ပြန်လည်စတင်နိုင်တော့မည်ဟု စစ်တပ်ဘက်က ဆိုသော်လည်း ဘန့်ဘွေး၊ ချောင်းမ၊ ယာကြီးတာဝါတိုင် စသည့် နေရာအချို့တွင်သာ စစ်တပ်က နေရာယူထားနိုင်ပြီး လမ်းပိုင်း ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဆိုသည်။ 

“လမ်းပိုင်းကတော့ လောလောဆယ်တော့ လည်ပတ်နိုင်မယ့်အခြေအနေတော့မရှိပါဘူး။ သူတို့ အကုန်လုံး အလုံးစုံ ထိန်းချုပ်နိုင်ဖို့ကလည်းမလွယ်ပါဘူး။ ဒီလမ်းပိုင်းကိုထိန်းချုပ် ထားမယ်ဆိုရင် သူတို့ကလည်း ခံစစ်ထိုင်အနေနဲ့နေရမှာပဲလေ။ နေရမှာပဲဆို ဒီဘက် တော်လှန်ရေးအင်အားစုတွေ ဘက်ကလည်း တိုက်ခိုက်တာတွေ ရှိလာမှာပဲ”ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။ 

ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီးတို့ပါဝင်သည့် ယင်းမာပင်ခရိုင်သည် တော်လှန်ရေးအင်အားစုများ အားအကောင်းဆုံးနယ်မြေများထဲမှ တစ်ခုဖြစ်သော်လည်း ယခုနှစ်ပိုင်း တော်လှန်ရေးအဖွဲ့အချင်းချင်း ပွတ်တိုက်မှုများလည်းရှိခဲ့သဖြင့် စစ်ရေးအားပျော့ခဲ့ရကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုအချို့က ထောက်ပြသည်။ 

ကုန်သွယ်ရေးလမ်းများကို ပြန်စိုးမိုးနိုင်ရေး စစ်တပ်ကြိုးပမ်း

မကြာသေးခင်က သွားရောက်ခဲ့သည့် စစ်ခေါင်းဆောင်၏ အိန္ဒိယခရီးစဉ်အတွင်း ကြန့်ကြာနေသည့် စီမံကိန်းများဖြစ်သည့် သုံးနိုင်ငံဖြတ်ကျော်အဝေးပြေးလမ်းစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းကို အရှိန်မြှင့် အကောင်အထည်ဖော်ရန် သဘောတူခဲ့သည်။

အိန္ဒိယနိုင်ငံ မိုရေးမြို့မှတဆင့် မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ကရင်တို့ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံ မဲဆောက်ထိ ချိတ်ဆက်ထားသည့် သုံးနိုင်ငံဖြတ်ကျော်လမ်းမကြီး စီမံကိန်းဖြစ်ပြီး မိုင်ပေါင်း ၈၀၀ ကျော်ရှည်လျားသည်။ 

ထိုလမ်းပိုင်း အစိတ်အပိုင်းများဖြစ်သည့် စစ်ကိုင်းတိုင်းထဲမှ ကလေး – တမူးလမ်းပိုင်း နှင့် မုံရွာ- ယာကြီး- ကလေးဝ လမ်းပိုင်းကို ထိန်းချုပ်ရေးအတွက် စစ်တပ်က ဇွန်လတွင် စစ်ရေးအရှိန်မြှင့်တင်ခဲ့သည်။ 

အိန္ဒိယနယ်စပ် ကလေး- တမူးလမ်းပိုင်းကို စစ်ကြောင်းသုံးခုညှပ်ပြီး ထိုးစစ်ဆင်ခဲ့ရာ ခါမ်းပါတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သော်လည်း လမ်းပိုင်းတစ်ခုလုံး အပြည့်အဝထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံများ ထံက သိရသည်။ 

“ကနန်ကနေ ဝိတုတ် (ရွာ) အထိ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားဆဲပါ။ ကနန်ရွာကတော့ သူတစ်ဝက် ကိုယ်တစ်ဝက်သဘောရှိတယ်။ ခါမ်းပါတ်မြို့ပေါ်က စကစ လက်ထဲမှာ”ဟု  ခါမ်းပါတ်မြို့ မှ ဒေသခံတစ်ဦးက ပြောသည်။ 

စစ်မှုထမ်းဥပဒေဖြင့် အင်အားတစ်သိန်းကျော်ထိ အဓမ္မစုဆောင်းနိုင်ခဲ့ပြီး လျော့နည်းသွားသည့် အင်အားကို ဖြည့်တင်းနိုင်သည့်အပြင် တစ်ဖက်တွင်လည်း တရုတ်၏ ကြားဝင်မှုကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့ အနက် ကိုးကန့်တပ်၊ တအာင်းတပ်တို့နှင့် အပစ်ရပ်သွားပြီးနောက် စစ်တပ်သည် နိုင်ငံအလယ်ပိုင်း၌ စစ်ရေးအရ ဖိအားပေးတိုက်စစ်ဆင်လာနိုင်ခဲ့သည်။  

ယင်းမာပင်ခရိုင်အတွင်း ထိုးစစ်နှင့် ကလေး- တမူးဒေသထိုးစစ်တွင် စစ်တပ်က အင်အားအလုံးအရင်း အသုံးပြုခဲ့ပြီး စစ်မှုထမ်းဥပဒေစုဖြင့် စုဆောင်းထားသည့် တပ်သားသစ် အများအပြား ပါဝင်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဆိုသည်။

“ရန်သူက ပေါ်တာဆွဲထားတဲ့ အင်အားတွေကို ရှေ့က အသေခံခိုင်းပြီး လေယာဉ်နဲ့ဒရုန်း၊ လက်နက် ပစ်အားကိုအသုံးပြုပြီးရှေ့တိုးနိုင်ဖို့ ကြိုးစားနေတာပါ။ တော်လှန်ရေးတပ်တွေဘက်ကလည်း ခံစစ်သေထက် တခြားဗျူဟာတွေသုံးပြီး တိုက်နေကြတာမြင်ရတယ်။ ဒါကြောင့် ဒီလမ်းပိုင်းတွေမှာ စကမရဲ့ ယာယီစိုးမိုးမှုတချို့မြင်တွေ့ရပေမယ့် ရေရှည်ထိန်းချုပ်တည်ငြိမ်နိုင်ဖို့ မမြင်ရဘူး။ ဒေသခံလူထုကိုလည်း နှိပ်စက်သတ်ဖြတ်လုယက်နေတာတွေရှိနေလို့ လူထုကလည်း အမုန်းတရားပြည့်နေတာပါပဲ” ဟု ကလေး တမူးဒေသ စစ်ရေးသတင်းရင်းမြစ်အမျိုးသားတစ်ဦးက ပြောသည်။ 

စစ်တပ်ကြိုးကိုင်သည့် ရွေးကောက်ပွဲအလွန်တွင် စစ်ခေါင်းဆောင်က သမ္မတရာထူးရယူခဲ့ပြီးနောက် ငြိမ်းချမ်းရေးအတွက် လုပ်မည်ဟု ဟန်ပြပြောဆိုနေပြီး တစ်ဖက်တွင်လည်း နိုင်ငံအလယ်ပိုင်း မကွေး၊ စစ်ကိုင်း၊ ချင်း စသည့်ဒေသများတွင် မြေပြင်စစ်ကြောင်းများ အရှိန်မြှင့်လာသလို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ပြီး စစ်ရေးအရ ဖိအားပေးနေသည်။

ယင်းအပြင် နယ်စပ်ကုန်သွယ်ရေးနှင့် ဒေသတွင်း ကုန်သွယ်ရေး လမ်းကြောင်းများ ပြန်ဖွင့်နိုင်ရေး ကြိုးပမ်းနေရာ ကချင်ပြည်နယ်နှင့် မန္တလေးမြို့ကို ဆက်သွယ်ထားသည့်  မန္တလေး- ရွှေဘို- မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်နိုင်ရေးလည်း ပါဝင်နေသည်။

ပြီးခဲ့သည့်ရက်များက စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့တောင်ဘက် ထိုလမ်းမပေါ်မှ ကျေးရွာ နှစ်ရွာကို စစ်တပ် ပြန်ရသွားပြီး တိုက်ပွဲများကြောင့် ကုန်တင်ကားများ သွားလာမရဘဲ ပိတ်မိနေသည်မှာ သီတင်းတစ်ပတ်ခန့် ကြာမြင့်နေပြီ ဖြစ်သည်။ 

မုံရွာ- ယာကြီး- ကလေးဝလမ်းပိုင်းကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း စစ်တပ်က ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ- စစ်တပ်ထိန်းချုပ် MOI) 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button