အာရက္ခတပ်တော် (AA) ထိန်းချုပ်မှုအောက်တွင်ရှိနေသည့် ရခိုင်ပြည်နယ် ဂွမြို့နယ် ကျိန္တလီမြို့ရှိ အမှတ် ၃ ရပ်ကွက်ကို ယမန်နေ့ (ဇူလိုင် ၈) နံနက်ပိုင်းတွင် စစ်တပ်၏စစ်သင်္ဘောများက အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး အရပ်သားခြောက်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများနှင့် AA တို့က အတည်ပြုသည်။
ရေတပ်စစ်သင်္ဘောများသည် ဘင်္ဂလားပင်လယ်အော်ထဲမှနေ၍ ကျိန္တလီမြို့ လူနေရပ်ကွက်ထဲသို့ လှမ်းပစ်ခြင်းဖြစ်ကြောင်း ဒေသခံတို့ကပြောသည်။ ဇူလိုင် ၈ ရက် တစ်ရက်တည်းတွင် စစ်သင်္ဘောလေးစီး သည် ပင်လယ်ထဲမှနေ၍ ဂွကမ်းခြေနှင့်ဘောမိကမ်းခြေတို့ဆီသို့ လက်နက်ကြီး ၈၇ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု AA က ထုတ်ပြန်သည်။
ရေတပ်ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားသည့် ကျိန္တလီမြို့ခံ အရပ်သားခြောက်ဦးတွင် ငါးဦးသည် အမျိုးသမီးများဖြစ်ပြီး အသက်ငါးနှစ်အရွယ်မိန်းကလေးငယ်တစ်ဦးလည်းပါဝင်ကြောင်း အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်သည်။
AA သည် လူဦးရေ ၆၀၀၀ ကျော်ရှိသည့် ကျိန္တလီအပါအဝင် ရခိုင်ပြည်နယ်တောင်ဘက်စွန်း ဂွမြို့နယ်တစ်ခုလုံးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် သိမ်းယူခဲ့သည်။
ဂွမြို့ကိုရခဲ့ပြီးနောက် အာရက္ခတပ်တော် (AA) သည် မြို့၏အရှေ့ဘက် ဧရာဝတီတိုင်းထဲရှိ ရေကြည်၊ အင်္ဂပူ၊ လေးမျက်နှာ၊ တောင်ဘက်မှ သာပေါင်းမြို့တို့ကို ဆက်လက်ထိုးစစ်ဆင်နေသည်။ လက်ရှိအချိန်အထိ AA ၏ထိုးစစ်ကို စစ်တပ်က ခုခံထားနိုင်သည်။
AA ၏ ဇူလိုင်လ ၈ ရက် သတင်းထုတ်ပြန်ချက်တွင် ကျိန္တလီမြို့တွင်းတိုက်ခိုက်ခံရမှုသည် ရခိုင်- ဧရာဝတီနယ်စပ် တိုက်ပွဲများတွင် စစ်တပ်ကအထိနာသဖြင့် အရပ်သားပစ်မှတ်များကို စစ်တပ်က တမင်လက်တုံ့ပြန် တိုက်ခိုက်ခြင်းဟု စွပ်စွဲထားသည်။ ထိုထုတ်ပြန်ချက်တွင် စစ်တပ်ကို ‘ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်တပ်’ ဟုလည်း AA က သုံးနှုန်းထားသည်။
စစ်တပ်သည် ဂွမြို့ကို ပြန်ရယူနိုင်ရေးအတွက် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးလုပ်နေကြောင်းလည်း ပြီးခဲ့သည့်လအတွင်း AA က သတင်းထုတ်ပြန်ခဲ့သည်။
နယ်စပ်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း AA နှင့် ဒေသခံတို့ကဆိုသော်လည်း စစ်တပ်ဘက်ကမူ ထိုသတင်းကို အမှောင်ချထားသည်။
AA က ၎င်းတို့သည် ဇွန်လ ၁၇ ရက်မှ ဇူလိုင် ၃ ရက် ကြားတွင် ရေကြည်မြို့နယ်ထဲရှိ စစ်တပ်၏ ကာကင်းစခန်း လေးခုထက်မနည်းကို သိမ်းနိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

စစ်တပ်ကလည်း ရေကြည်မြို့ကို ၎င်းတို့ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ပုံမှန်သတင်းထုတ်ပြန်နေသည်။ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက စစ်တပ်သြဇာလွှမ်းသည့် ရွေးကောက်ပွဲကို ရေကြည်မြို့၌ ကျင်းပခဲ့သည်။
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်- ဧရာဝတီနယ်စပ်နှင့် ပုသိမ်- မုံရွာလမ်းပိုင်းသို့ စစ်တပ်က တပ်အင်အားသစ်များ စေလွှတ်နေပြီး ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်ဘက်တွင်လည်း စစ်ကူများရောက်နေကြောင်း ထောက်လှမ်းရေးသတင်းများကို အခြေခံ၍ အာရက္ခတပ်တော် (AA )နှင့် နီးစပ်သည့်အမျိုးသားတစ်ဦးကပြောသည်။
“သူတို့ (စစ်တပ်)ဘက်က ဒရုန်းတွေလည်း မိုးရာသီဆိုတော့ သိပ်အလုပ်မဖြစ်ဘူး။ တိုက်ပွဲကတော့ နေ့တိုင်းရှိတယ်။ အဲဒီဘက်မှာက စစ်မျက်နှာလေးခု၊ သာပေါင်း၊ရေကြည်၊အင်္ဂပူ၊ရေကြည်။ အင်္ဂပူမြို့နယ်ကတော့ သူတို့စစ်မျက်နှာဖွင့်လို့ ကိုယ့်ဘက်(AA)က လိုက်ကာရင်းတိုက်ပွဲဖြစ်ရတာ “ဟု ၎င်းကဆိုသည်။
စစ်တပ်သည် AA သိမ်းပိုက်ထားသောစခန်းကုန်းများနှင့် တိုက်ပွဲဖြစ်ပွားရာနေရာတို့ကို ဂျက်ဖိုက်တာများဖြင့် အကြိမ်ကြိမ် လာရောက်တိုက်ခိုက်ခြင်း၊ ဒရုန်းများဖြင့်တိုက်ခိုက်ခြင်း၊ အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကို ဆက်တိုက်ပြုလုပ်နေသည်ဟု AA ၏ ထုတ်ပြန်ချက်အရသိရသည်။
ဇူလိုင်လ ၇ ရက်ကလည်း ဂွမြို့နယ် စည်ပင်ကျောက်ကြီးရွာအနီးဝန်းကျင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဇွန်လအတွင်း ဂွမြို့နယ်ကို လေးကြိမ် ဗုံးကြဲစဉ် သုံးဦး သေဆုံး၊ ၁၄ ဦး ဒဏ်ရာရခဲ့သည်။
AA သည် ရခိုင်ပြည်နယ်တွင် မြို့တော်စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်တို့မှလွဲလျှင် ၁၄ မြို့နယ်ကိုလည်းကောင်း၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုလည်းကောင်း သိမ်းပိုက်ထားသည်။
လက်ရှိတွင် အာရက္ခတပ်တော် (AA ) သည် ရခိုင်ပြည်နယ်၌ စစ်တွေ၊ ကျောက်ဖြူ၊ ချင်းပြည်နယ်၌ မင်းတပ်နှင့် ကန်ပက်လက်တို့၌ စစ်မျက်နှာများ ဖွင့်ထားသလို မကွေး၊ ဧရာဝတီ၊ ပဲခူးတိုင်းတို့တွင်လည်း စစ်တပ်နှင့်တိုက်ပွဲများဖြစ်နေသည်။



