အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ခေါင်းဆောင်၏ ထိုင်းခရီးစဉ် ဘာထူးခြားမည်နည်း၊ ဆွေးနွေးမှုများတွင် စွမ်းအင်ကဏ္ဍပါဝင်မည် 

စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ထိုင်းခရီးစဉ်တွင် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် နယ်စပ်လုံခြုံရေးသာမက စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးလည်း အဓိကဆွေးနွေးမည် ဖြစ်သည်။

စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ထိုင်းခရီးစဥ်အတွင်း နှစ်ဖက်ဆွေးနွေးမှုများ၌ နှစ်စဥ် ဒေါ်လာသန်းပေါင်းများစွာ အခွန်ရစေသည့် စွမ်းအင်ဆိုင်ရာ ကိစ္စရပ်လည်း ပါဝင်မည် ဖြစ်ကြောင်း သိရှိရသည်။ 

သြဂုတ်လ ၆ ရက်တွင် စတင်မည့်  ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံ ခရီးစဉ်သည် နှစ်ရက်တာ ကြာမြင့်မည်ဟု ကနဦးသိရှိထားသည်။

စစ်ခေါင်းဆောင်၏ ထိုင်းခရီးစဉ်မတိုင်မီ ရက်ပိုင်းအလို ဇူလိုင်လ ၃၁ ရက်တွင် စစ်အုပ်စုသည် မုတ္တမကမ်းလွန်လုပ်ကွက် M-3 (အောင်သိင်္ခစီမံကိန်း) မှ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့ကို မြန်မာပြည်တွင်းအသုံးပြုရန် ရောင်းချရေးသဘောတူစာချုပ် (Domestic Gas Supply Agreement- DGSA) ကို ထိုင်းနိုင်ငံ၏ PTTEP International Limited နှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း စစ်တပ်ထိန်းချုပ်သတင်းဌာနများက ထုတ်ပြန်ခဲ့သည်။

စစ်အုပ်စု၏ ထုတ်ပြန်ချက်အရ ထိုစီမံကိန်းမှ သဘာဝဓာတ်ငွေ့ကို ၂၀၂၈ ခုနှစ် ကုန်ပိုင်းတွင် စတင်ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် ဓာတ်မြေဩဇာ စက်ရုံများအတွက် အဓိက အသုံးပြုသွားမည်ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုသဘောတူညီချက်သည် မြန်မာနိုင်ငံရှိ သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ထိုင်းအစိုးရပိုင် PTTEP ၏ ဆက်လက်ရင်းနှီးမြှုပ်နှံမှုကို ထင်ရှားစေသည့် ဖြစ်ရပ်လည်း ဖြစ်သည်။

စစ်ခေါင်းဆောင်၏ ခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးကိစ္စများ၊ နယ်စပ်ဒေသတည်ငြိမ်းရေးတို့ကို ဆွေးနွေးသွားမည်ဟု စစ်အုပ်စုပြောခွင့်ရ ဒေါ်ခိုင်ခိုင်စိုးက Myanmar Now ကို ပြောသည်။

“အဓိကက ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးပေါ့၊ စိုက်ပျိုးရေးလည်း ပါပါမယ်။ ငြိမ်းချမ်းရေးကိစ္စဆိုရင် နယ်စပ်ဒေသပေါ့နော်၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ကိစ္စတွေ ဒါတွေ ပါပါမယ်ရှင့်” ဟု ၎င်းကဆိုသည်။

ထို့အပြင် စစ်ခေါင်းဆောင်၏ ခရီးစဉ်အတွင်း သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဝန်ကြီးများ လိုက်ပါလာမည်ဖြစ်ပြီး စွမ်းအင်ကဏ္ဍကိုလည်း ထည့်သွင်းဆွေးနွေးသွားမည်ဟု ဒေါ်ခိုင်ခိုင်စိုးကဆိုသည်၊ သို့ရာတွင် အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။

“စွမ်းအင်ကဏ္ဍ… (အတွက်) လောလောဆယ်တော့ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပြင်ဆင် လာတာပဲ။ ဟိုမှာ ဆွေးနွေးတဲ့အပေါ် မူတည်ပြီးတော့မှ ပြောသွားမှာပါ” ဟုလည်း ဒေါ်ခိုင်ခိုင်စိုးက ပြောသည်။

၂၀၂၁ အာဏသိမ်းပြီး ဆန္ဒပြပြည်သူများကို အကြမ်းဖက်နှိမ်နင်းမှုကြောင့် အရှေ့တောင်အာရှအသင်းဝင် နိုင်ငံများက မြန်မာနိုင်ငံရှိ စစ်ခေါင်းဆောင်များနှင့် ၎င်းတို့က နိုင်ငံရေးအရခန့်အပ်ထားသူများကို အာဆီယံထိပ်သီးအစည်းအဝေးများတက်ခွင့် ပိတ်ပင်ထားသည်။ ယခုနှစ်ဆန်းပိုင်းတွင် စစ်တပ်က စိတ်တိုင်းကျခြယ်လှယ်ကာ ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို အကြောင်းပြု၍ စစ်ခေါင်းဆောင်က သမ္မတဘွဲ့ခံယူပြီး အရပ်သားအသွင် အစိုးရဖွဲ့လိုက်သော်လည်း အာဆီယံအဖွဲ့ကြီးက ၎င်းတို့၏ မြန်မာဆိုင်ရာမူကို ဆက်လက်ကျင့်သုံးနေသည်။ ထိုင်းနိုင်ငံကမူ မြန်မာနှင့် ထိတွေ့ဆက်ဆံမှုများ ပြန်လုပ်မည်ဟု ဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူလ် (Anutin Charnvirakul)က ယမန်နေ့တွင် ပြောဆိုခဲ့သည်။ 

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ အာဆီယံဗဟိုဌာနချုပ်၌ ယမန်နေ့က ပြောကြားသော မူဝါဒရေးရာ မိန့်ခွန်းတွင် ၎င်းက “မြန်မာနိုင်ငံအရေးဟာ စိန်ခေါ်မှုကြီးတစ်ခု ဖြစ်ပါတယ်… ထိုင်းနိုင်ငံအနေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ပွင့်လင်းစွာပြုလုပ်ပြီး မြေပြင်ပကတိ အခြေအနေတွေကို တုံ့ပြန်နိုင်မယ့်အပြင် ထင်ရှားတဲ့ တိုးတက်မှုတွေကို အားပေးမြှင့်တင်နိုင်မယ့် စနစ်တကျ ပြန်လည်ထိတွေ့ဆက်ဆံရေး ချဉ်းကပ်မှုပုံစံကို ထောက်ခံပါတယ်”ဟု အနုတင်က ပြောသည်။

နယ်စပ်လုံခြုံရေး၊ ဒုက္ခသည်အရေး၊ တိုက်ပွဲများကြောင့် ရပ်ဆိုင်းသွားသည့် ကုန်သွယ်ရေးစသည့် အကြောင်းပြချက်များဖြင့် ထိုင်းနိုင်ငံသည် စစ်အစိုးရနှင့် ပုံမှန်ဆက်ဆံရေး အမြန်ဆုံးပြန်ထူထောင်လိုသည့် အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်သည်။ 

ထိုင်းအစိုးရက မြန်မာစစ်ခေါင်းဆောင်၏ ခရီးစဥ်အတွင်း အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးပြဿနာ၊ နယ်စပ်ကုန်သွယ်ရေးပြန်လည်စတင်ရေး နှင့် မြစ်ရေညစ်နွမ်းမှုဆိုင်ရာ ကိစ္စရပ်ကို ဖြေရှင်းနိုင်ငံရန် ထိုင်း-မြန်မာ စုပေါင်းအလုပ်ဖွဲ့တစ်ခု ဖွဲ့စည်းရေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများက ရေးသားထားသည်။

စစ်ခေါင်းဆောင်ကို ထိုင်းလွှတ်တော်အမတ် ဝေဖန်

ထိုင်းနိုင်ငံရှိ နိုင်ငံရေးပါတီငယ်တစ်ခုဖြစ်သော Fair Party ၏ လွှတ်တော်အမတ် Kannavee Suebsang ကမူ ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံခရီးစဉ်ကို ကန့်ကွက်ကြောင်း သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

လွန်ခဲ့သည့် ငါးနှစ်ကျော်အတွင်း မြန်မာပြည်သူပေါင်းများစွာ၏ အသက်ကို နုတ်ယူပြီး၊ လူသန်းပေါင်းများစွာကို ထွက်ပြေးစေခဲ့ကာ၊ အထူးသဖြင့် ထိုင်းနိုင်ငံအပေါ်ကို ကြီးမားသည့် နောက်ဆက်တွဲဆိုးကျိုးများ သက်ရောက်စေခဲ့သည့်  လမ်းကြောင်းဟောင်းအတိုင်း မြန်မာစစ်ခေါင်းဆောင် ဆက်သွားမည်သာဖြစ်ကြောင်း ၎င်းက ရေးသားထားသည်။

အာရကန်ရိုဟင်ဂျာ အမျိုးသားကောင်စီ ဥက္ကဋ္ဌနှင့် ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း BROUK အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ဦးထွန်းခင်က ထိုင်းအစိုးရ၏ စစ်ခေါင်းဆောင်ကို လက်ခံကြိုဆိုမှုသည် ရိုဟင်ဂျာ လူမျိုးသုဥ်းသတ်ဖြတ်မှုတွင် အသက်ရှင်ကျန်ရစ်သူများအတွက် “အလွန်စိတ်ထိခိုက်ဖွယ် သတင်းစကား” ဖြစ်သည်ဟု ပြောသည်။

 ရိုဟင်ဂျာ လူမျိုးသုဥ်းသတ်ဖြတ်မှုတွင် တာဝန်ရှိသည့် စစ်ခေါင်းဆောင်ဦးမင်းအောင်လှိုင်ကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်ထားပြီး၊ ယခုစစ်ခေါင်းဆောင် ထိုင်းနိုင်ငံရောက်ရှိနေချိန်တွင် ၎င်းအားဖမ်းဆီးရန် အာဂျင်တီးနား

တရားရေးအာဏာပိုင်များက ထိုင်းအစိုးရထံ တရားဝင်တောင်းဆိုပေးရန်လည်း ဦးထွန်းခင်က တိုက်တွန်းထားသည်။

 “သူ့ကို ကြိုဆိုရမှာ မဟုတ်ဘူး၊ ဖမ်းဆီးရမှာပါ” ဟု ဦးထွန်းခင်က ပြောသည်။ ၎င်းကထိုသို့ဆိုသော်လည်း အာဂျင်တီးနားတရားရုံး ထိုကဲ့သို့ တိုက်တွန်းမှုမရှိသေးသကဲ့သို့၊ ထိုင်းအစိုးရကလည်း မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဆီးရန် မည်သည့်အလားအလာမျှမရှိပေ။

လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ Justice For Myanmar (JFM) ကမူ ထိုင်းအစိုးရပိုင် PTT ၏ လက်အောက်ခံ PTTEP နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့ ပူးပေါင်း လုပ်ကိုင်နေသည့် မြန်မာနိုင်ငံ၏ ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းများမှ ဝင်ငွေများသည် စစ်တပ်၏ အဓိက နိုင်ငံခြားဝင်ငွေရင်းမြစ်များအနက် တစ်ခုဖြစ်ကြောင်း ထောက်ပြထားသည်။

ထို့ကြောင့် ထိုင်း၏ စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသည် စစ်အုပ်စု၏ ဘဏ္ဍာရေးစွမ်းရည်ကို ဆက်လက်ထောက်ပံ့ပေးနေသည်ဟုလည်း JFM က ဝေဖန်ထားသည်။

၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၈ ရက်တွင် ကရင်ပြည်နယ် မြ၀တီမြို့နယ် သုံးထပ်ကွေ့ရှိ ဘုရားကုန်း ဗုံးကြဲခံရပြီးအပျက်အစီးများကို တွေ့ရစဉ်။ (ဓာတ်ပုံ- ပေးပို့)

၂၀၂၄ ခုနှစ် ဇွန်လအတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ (UN Human Rights Council) ၏ (၅၆) ကြိမ်မြောက် ညီလာခံသို့ သောမတ်စ် အန်ဒရူးစ်တင်သွင်းသည့် သေမင်းတမန် ကူးသန်းရောင်းဝယ်ရေးဟု အမည်ပေးထားသည့် အစီရင်ခံစာတွင် ထိုင်းနိုင်ငံ၏ Siam Commercial Bank (SCB) အပါအဝင် ဘဏ်အချို့သည် စစ်ကောင်စီအတွက် စစ်ဘက်ဆိုင်ရာ ငွေလွှဲပြောင်းမှုများကို ကူညီပေးခဲ့သည်ဟု ဖော်ပြသည်။

ထိုင်းကုမ္ပဏီများသည် စစ်အုပ်စုအတွက် လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်တွင် ပါဝင်လာသည့်အပြင် ၂၀၂၂ ခုနှစ် နှင့်၂၀၂၃ခုနှစ်တို့အတွင်း ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများမှတဆင့် မြန်မာစစ်တပ်ထံ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများတင်ပို့ခဲ့သည့် တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၃၀ နီးပါး ရှိသည်ဟုလည်း ထိုအစီရင်ခံစာတွင် ဖော်ပြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button