အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် နားရိုင်းရွာသစ်အနီး အွန်လိုင်း ငွေလိမ်စခန်း (ကျားဖြန့်) တစ်ခု စီးနင်းခံရပြီး တရုတ်နိုင်ငံသား အများအပြား အပါအဝင် ၄၉ ဦးကို လက်နက်များ၊ လုပ်ငန်းအသုံးအဆောင်ပစ္စည်းများနှင့်တကွ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ခိုလမ်-နမ့်စန်း လမ်းပေါ် နားရိုင်းရွာသစ်ကျေးရွာအနီးရှိ အဆိုပါအွန်လိုင်းငွေလိမ်စခန်းကို ဩဂုတ်လ ၃ ရက် ညနေတွင် ဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား ၃၈ ဦးအပြင် မြန်မာနိုင်ငံသား ၁၁ ဦး ဖမ်းဆီးရမိသည်ဟု စစ်တပ်က ယမန်နေ့တွင် ထုတ်ပြန်သည်။
စီးနင်းမှုအတွင်း သေနတ်အရှည်နှစ်လက်၊ ပစ္စတိုနှစ်လက် အပါအဝင် အွန်လိုင်းငွေလိမ်လုပ်ငန်းအတွက် အသုံးပြုသည့် ဖုန်း၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကိုပါ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
ကျားဖြန့်လုပ်ငန်းရှိသည့် နားရိုင်းရွာသစ်မှာ အရှေ့အလယ်ပိုင်းတိုင်းလက်အောက်ခံ (ရ-လ-ခ) နားရိုင်း ပြည်သူ့စစ်အဖွဲ့များ အဓိက ထိန်းချုပ်သည့်နေရာဖြစ်သည်။
လွန်ခဲ့သည့် သုံးလခန့်ကတည်းက အဆိုပါနေရာတွင် ငွေလိမ်လုပ်ငန်း လုပ်ကိုင်သည့် တရုတ်နိုင်ငံသားများ ရောက်ရှိနေခြင်းဖြစ်သည်ဟု စစ်တပ်သတင်းရင်းမြစ်အား ကိုးကား၍ ဒေသအခြေစိုက် သတင်းဌာနအချို့က ဖော်ပြထားသည်။
ယခုနှစ်ဆန်းပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း လဲချား၊ မိုင်းပန်၊ ကွန်ဟိန်းမြို့နယ်များအတွင်း အွန်လိုင်း ငွေလိမ်ဂိုဏ်းနှင့် ဆက်စပ်သည့် တရုတ်နိုင်ငံသား ၁၀၀ ကျော် အပါအဝင် စုစုပေါင်း လူဦးရေ ၁၅၀ ကျော်အား စစ်တပ်က ဖမ်းဆီးရမိခဲ့သည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ရက် ၁၀၀ ပြည့် မိန့်ခွန်းတွင် မြန်မာနိုင်ငံအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် ဆက်စပ်သည့် နိုင်ငံခြားသား ခုနစ်သောင်းကျော်အား ဖမ်းဆီးနိုင်ခဲ့သည်ဟု ထည့်သွင်းပြောဆိုခဲ့ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ဆက်လက်တိုက်ဖျက်မည်ဟု ဆိုထားသည်။
သို့ရာတွင် စစ်တပ်၏ လက်အောက်ခံ ပြည်သူ့စစ်ထိန်းချုပ်နယ်မြေများရှိရာ ကရင်ပြည်နယ် မြဝတီ၊ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ်အချို့တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းများ ဆက်လက်လည်ပတ်နေသည်ဟု ဒေသခံများထံက စုံစမ်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းကို ရွှေ့လာသည့် ကျားဖြန့်
တရုတ်နယ်စပ်အနီးရှိ UWSA “ဝ” တပ်ဖွဲ့ ထိန်းချုပ်ဒေသများနှင့် ကိုးကန့်ဒေသတို့တွင် စစ်တပ် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ စတင်၍ အွန်လိုင်းငွေလိမ်လုပ်ငန်းများ ကျယ်ပြန့်လာခဲ့သည်။
၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းတွင် တရုတ်အစိုးရက တရုတ်-မြန်မာနယ်စပ်ရှိ အွန်လိုင်ငွေးလိမ်လုပ်ငန်းများအား စတင်နှိမ်နင်းခဲ့သည်။ ကိုးကန့်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ဆက်စပ်သည့် စစ်တပ် လက်အောက်ခံ လောက်ကိုင်ဒေသဦးစီးအဖွဲ့နှင့် ၎င်းတို့၏ မိသားစုဝင်များကိုပါ တရုတ်အစိုးရက ဖမ်းဆီးခဲ့သည်။
တရုတ်အစိုးရ ဖိအားပေးသဖြင့် UWSA “ဝ” တပ်ဖွဲ့ထိန်းချုပ်သည့် မိုင်းပေါက်၊ ပန်ဆန်းအပါအဝင် ထိန်းချုပ် ဒေသများအတွင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် ဆက်စပ်သည့် တရုတ်နိုင်ငံသား တစ်ထောင်ကျော်ကို “ဝ” တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး တရုတ်အစိုးရထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
“၁၀၂၇ စစ်ဆင်ရေး” ကာလတွင် ကိုးကန့်နှင့် “ဝ” တပ်ဖွဲ့များက ၎င်းတို့ထိန်းချုပ်ဒေသရှိ အွန်လိုင်း ငွေလိမ်ဂိုဏ်းများအား ထပ်မံဖမ်းဆီးကာ တရုတ်အစိုးရလက်သို့ အပ်နှံခဲ့ကြသည်။
ထိုသို့ ဖမ်းဆီးမှုများအတွင်း ထွက်ပြေးလွတ်မြောက်လာသည့် တရုတ်နိုင်ငံသားအများအပြားလည်း ရှိခဲ့သည်။
အဆိုပါ တရုတ်နိုင်ငံသားများသည် တရုတ်နယ်စပ်နှင့် ဝေးကွာသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်း၊ မိုင်းရယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီး၊ မိုင်းနောင်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် အတွင်းပိုင်းကျသည့် ကျေးရွာများသို့ ရွှေ့ပြောင်းလာကာ အွန်လိုင်းငွေလိမ် လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်နေကြခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်းက ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်၊ ပန်စင်ရွာအနီး အင်အား ၂၀၀ ဝန်းကျင်ရှိ ကျားဖြန့်လုပ်ငန်းတစ်ခုကို စစ်တပ်က ဝင်ရောက်စီးနင်းချိန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့ဝင် သုံးဦးပါ ဖမ်းဆီးခံရသည်။
ရှမ်းပြည်တောင်ပိုင်း ဝမ့်ဟိုင်းအခြေစိုက် SSPP တပ်ဖွဲ့သည် ရှမ်းပြည်မြောက်ပိုင်းရှိ နောင်ချို၊ သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ နမ္မတူ၊ မိုးမိတ်၊ မဘိမ်း၊ မူဆယ်၊ တန့်ယန်းနှင့် မိုင်းရယ်မြို့တို့တွင် စစ်ရေးအဓိက လှုပ်ရှားသည်။
စစ်တပ်က သီပေါနှင့် ကျောက်မဲနယ်များကို ပြန်ထိန်းချုပ်ပြီးနောက် ကျားဖြန့်ဖမ်းဆီးရေးလှုပ်ရှားမှုများ ပိုမိုပြုလုပ်လာရာ ဆက်ဆံရေးကောင်းမွန်သည့် စစ်တပ်နှင့် SSPP တို့အကြား ထိုစဉ်က ဆက်ဆံရေး တင်းမာခဲ့သည်။
သီပေါ၊ နမ့်လန်နှင့် မိုင်းရယ်မြို့အနီး ကျေးရွာများတွင် တရုတ်နိုင်ငံသားများပါဝင်သည့် ကျားဖြန့် လုပ်ငန်းများရှိသည်ဟု ရှမ်းတောင်ဒေသခံများက ယမန်နှစ် ဒီဇင်ဘာလအတွင်းက ပြောထားသည်။
“နမ့်လန်နဲ့ မိုင်းရယ်ကြားက ရွာကြီးတွေမှာ အများကြီးပါပဲ။ မိုင်းခေးရွာမှာဆို စခန်းအကြီးကြီးချပြီး လုပ်နေကြတာပါ။ ဒီနေရာဖမ်းရင် ဟိုနေရာကို ရွှေ့တာပဲ၊ ရှမ်းအဖွဲ့တွေ သိပါတယ်။ ဒီလိုနဲ့ဆို အမြစ်ဖြတ်ဖို့ မလွယ်ဘူးလို့ ထင်ပါတယ်” ဟု နမ့်လန်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ကျားဖြန့်နှိမ်နင်းရေးနှင့်ပတ်သက်ပြီး စစ်တပ်က “အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီ” ဖွဲ့စည်း၍ အမျိုးသားရေးတာဝန်တရပ်အဖြစ် တိုက်ဖျက်နေသည်ဟု ယမန်နှစ် နိုဝင်ဘာလအတွင်းက ပြောထားသည်။
သို့သော်လည်း ကျားဖြန့်လုပ်ငန်းများမှာ အမြစ်ပြတ်သွားခြင်းမရှိဘဲ နေရာ ရွှေ့ပြောင်း ဆက်လက် လုပ်ကိုင်နေကြကာ ရှင်သန်ကြီးထွားနေဆဲသာဖြစ်ကြောင်း ၎င်းတို့ အခြေစိုက်ရာဒေသများ၌ နေထိုင်သူများက Myanmar Now ကို ပြောထားကြသည်။







