အာဏာသိမ်းစစ်တပ်၏ မဟာမိတ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၏ အတွင်းရေးမှူးချုပ် ဦးခွန်သိန်းဖေသည် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်/ပါတီ (UWSA/P) ဌာနချုပ်ရှိရာ ပန်ဆန်းမြို့သို့ ပြီးခဲ့သည့် ဇွန်လဆန်းအတွင်း “ပထမဆုံးအကြိမ်” အလည်အပတ် သွားရောက်ခဲ့ကြောင်း PNO က အတည်ပြုသည်။
အဆိုပါ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်သည် ဩဂုတ်လ ၄ ရက်တွင် ၎င်း၏ Facebook စာမျက်နှာ၌ ၎င်းနှင့် UWSP ၏ ဗဟိုနိုင်ငံရေးဌာနကြီးမှူး ဦးကျောက်အိုက်နပ်လိုင်နှင့် တွေ့ဆုံနေသည့် ပုံကို ဖော်ပြခဲ့သည်။
အဆိုပါတွေ့ဆုံမှုနှင့်ပတ်သက်၍ လက်နက်အရောင်းအဝယ် ကိစ္စတွေ့ဆုံခြင်းဖြစ်နိုင်ကြောင်း Facebook လူမှုကွန်ရက်သုံးစွဲသူများက ခန့်မှန်းနေကြသော်လည်း ထိုအချက်မဟုတ်မှန်ကြောင်း PNO လက်အောက်ခံ ပအိုဝ်းအမျိုးသားတပ် (PNA) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးခွန်ဆန်းအောင်က Myanmar Now ကိုပြောသည်။
“ဦးခွန်သိန်းဖေက ထိုင်းနိုင်ငံကို တာချီလိတ်ကနေသွားတယ်။ ထိုင်းနိုင်ငံကအပြန် “ဝ” ဒေသကို မရောက်ဖူးလို့ သူသွားလည်တာပါ။ သူတို့ရဲ့ အဝတ်အစားတွေကြည့်ရင်လည်းသိပါတယ်။ အလည်သွားတဲ့အချိန်တွေ့ပြီး ဒီတိုင်းစကားပြောကြတာပါ” ဟု ၎င်းက ဆိုသည်။
ခေါင်းဆောင် နှစ်ဦးတွေ့ဆုံရာတွင် လက်နက်ကိစ္စနှင့် နိုင်ငံရေးကိစ္စများ မဆွေးနွေးခဲ့ကြောင်း၊ PNOနှင့် UWSP ကြား ဆက်ဆံရေးသည် ပုံမှန်မိတ်ဆွေဆက်ဆံရေးမျိုးရှိနေကြောင်း ဗိုလ်မှူးခွန်ဆန်းအောင်က ပြောသည်။
ဦးကျောက်အိုက်နပ်လိုင်သည် UWSP တည်ထောင်သူတစ်ဦးဖြစ်သည့် ဦးကျောက်ညီလိုင်၏ သားဖြစ်ပြီး UWSP ဗဟိုအမြဲတမ်းကော်မတီဝင်လည်းဖြစ်သည်။ ၎င်းသည် လွန်ခဲ့သည့်လေးနှစ်က UWSP ၏ ဗဟိုနိုင်ငံရေးဌာန ဌာနကြီးမှူး ဖြစ်ခန့်အပ်ခံရသည်။
PNO အသိုင်းအဝိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကမူ ဆွေးနွေးပွဲတွင် လက်နက်အရောင်းအဝယ်ကိစ္စ ပါမပါကို ၎င်းအနေဖြင့် အတိအလင်းမပြောနိုင်သော်လည်း PNO အနေဖြင့် “ဝ” တပ်ဖွဲ့ထံမှ လက်နက်ဝယ် ယူဖူးကြောင်းဆိုသည်။
“ပအိုဝ်းဒေသ ဆီဆိုင်မြို့အသိမ်းခံရတဲ့နောက်ပိုင်း ပုံမှန်အဆက်အသွယ်ရှိပါတယ်။ တိုက်ပွဲပြင်းထန်တဲ့အချိန် “ဝ” ဌာနချုပ်မှာ PNO ကိုယ်စားလှယ်တစ်ဦးထိုင်ပါသေးတယ်။ သူတို့ဆီက လက်နက်အကူအညီရပါတယ်။ လက်ဆောင်ရတာတွေလည်းရှိသလို ဝယ်ရတာတွေလည်းရှိပါတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။
ဦးခွန်သိန်းဖေ၏ ပန်ဆန်းခရီးစဉ်အတွင်း UWSP ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်းနှင့်တွေ့ဆုံခွင့်ရရန် တောင်းဆိုခဲ့သော်လည်း မြန်မာစစ်တပ်ဘက်က အထင်လွဲမည်စိုးသဖြင့် တွေ့ဆုံခွင့်မရခဲ့ကြောင်း၊ ဦးခွန်သိန်းဖေသည် ၎င်းတွေ့ခွင့်ရသည့် “ဝ” ခေါင်းဆောင်အချို့အား PNO ၏ ရပ်တည်ချက်ကို ပြောပြခဲ့ကြောင်းအထက်ပါသတင်းရင်းမြစ်က ပြောသည်။
“PNO ရဲ့နဂိုမူလ အဖွဲ့အစည်းရဲ့နိုင်ငံရေး လမ်းကြောင်း၊ ကိုယ့်နယ်မြေကို ယနေ့အထိ ထိန်းချုပ်နေတယ် ဆိုတာရယ်၊ အစိုးရနဲ့ နိုင်ငံတကာအဖွဲ့တွေ၊ လူထုထောက်ခံတာရဖို့ နိုင်ငံရေးပါတီအဖြစ်နဲ့ ရွေးကောက်ပွဲ ဝင်တယ်ဆိုတာ ပြောပြခဲ့တယ်။ ပြည်သူ့စစ်အသွင်နဲ့ တရားဝင် လက်နက်ကိုင်ထားတယ်ဆိုတာတွေရယ် ပြောပြခဲ့တယ်” ဟု ၎င်းက ဆိုသည်။
ဦးခွန်သိန်းဖေကို UWSP ဘက်က မည်ကဲ့သို့ ပြန်ပြောခဲ့သည်ကိုမူ လတ်တလောမသိရသေးပေ။
ယင်းခရီးစဉ်နှင့်ပတ်သက်၍ UWSA ၏ လားရှိုးမြို့ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းကို Myanmar Now က အွန်လိုင်းမှ တဆင့် စာပို့မေးမြန်းခဲ့သော်လည်း ယခုသတင်းရေးသားချိန်အထိ အကြောင်းမပြန်ပါ။
ကရင်နီတော်လှန်ရေးတပ်များနှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးကမူ PNO အတွင်းရေးမှူး ဦးခွန်သိန်းဖေ၏ ပန်ဆန်းခရီးစဉ်သည် တော်လှန်ရေးတပ်များအတွက် စိုးရိမ်ပူပန်ရမည့် အခြေအနေမဟုတ်သော်လည်း သတိထားစောင့်ကြည့်ရမည့် ကိစ္စဖြစ်သည်ဟု ဆိုသည်။
“မစိုးရိမ်ပါဘူး။ သတိတော့ထားရမှာပါ။ အဓိက “ဝ” ကနေတဆင့် တရုတ်လုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံဖို့နဲ့ ရှမ်းတောင်မှာလုပ်ငန်းတွေ အတွက်စီးပွားရေးကိစ္စပဲလို့ မြင်ပါတယ်။ လက်နက်ကတော့စားပွဲအောက်မှာ လုပ်နိုင်ပါတယ်။ ပအိုဝ်းလည်း “ဝ” လို ပြည်နယ်တောင်းပြီး မိတ်ဆွေရှိအောင် တည်ဆောက်တာလည်း ဖြစ်နိုင်ပါတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။
ယခုသီတင်းပတ်အတွင်းမှာပင် UWSP ထိပ်တန်းခေါင်းဆောင်များသည် နေပြည်တော်သို့သွားပြီး သမ္မတအသွင်ပြောင်းထားသည့် စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်အပါအဝင် စစ်တပ်၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) တို့နှင့် သီးခြားစီတွေ့ဆုံခဲ့ သည်။
“ဝ” ကိုယ်စားလှယ်အဖွဲ့ကို UWSP ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက ဦးဆောင်လာခြင်းဖြစ်ပြီး ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် ဦးပေါက်အိုက်ခမ်း၊ အမှတ် (၁၇၁) စစ်ဒေသ နိုင်ငံရေးမှူး ဦးထင်ဆမ်ရန် အပါအဝင် တပ်မဟာ(၄၆၈)နှင့် တပ်မဟာ (၄၁၇) တို့မှ ကိုယ်စားလှယ်များပါဝင်သည်။
“ဝ” တပ်ဖွဲ့ဘက်က ဦးမင်းအောင်လှိုင်သမ္မတ အဖြစ်တာဝန်ယူခဲ့သည်ကို ထပ်လောင်း ထောက်ခံပြီး ပြည်ထောင်စုမပြိုကွဲရေးအခြေခံ၍ ပြည်ထောင်စုစနစ်အတွင်း ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ထောက်ခံပြီး သဘောထားကွဲလွဲမှုများ ဖြေရှင်းနိုင်ရန် အမြဲတမ်းတံခါးဖွင့်ထားသည်ဟု ပြောကြားခဲ့ကြောင်း ဩဂုတ်လ ၄ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။
၎င်းတို့ နှစ်ဖက်အနေဖြင့် မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) များကို ပြင်းပြင်းထန်ထန် တိုက်ဖျက်သွားမည်ဟုလည်း သတင်းတွင်ဖော်ပြသည်။
PNO သည် နိုင်ငံရေးပါတီအဖြစ် လက်ရှိတွင် ရပ်တည်ဖွဲ့စည်းထားသလို စစ်တပ်နှင့် ပူးပေါင်း၍ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယား (ကရင်နီ) ပြည်နယ် နယ်စပ်ဒေသတွင် တော်လှန်ရေးတပ်များကို တိုက်ခိုက်နေသည်။
PNO နှင့် “ဝ” ခေါင်းဆောင်တို့ တွေ့ဆုံမှုကိစ္စ ပအိုဝ်းအဖွဲ့ဘက်က ဖော်ပြလာမှုသည် မြန်မာနိုင်ငံတွင်စစ်တပ်အာဏာသိမ်းမှုဖြစ်ပြီး ငါးနှစ်အကြာတွင် ပထမဆုံးဟု ဆိုနိုင်သည်။



