အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွှေကူမြို့အနီးရှိ စစ်တပ်စခန်း လက်လွှတ်ရပြီးနောက် လေကြောင်း၊ မြေပြင်စစ်ကြောင်း ထိုးနေ

ခရိုင်မြို့ကြီးဖြစ်သော ဗန်းမော်မြို့စစ်ရေးအတွက် အရေးပါသည့်လမ်းကြောင်းပေါ်ရှိသည့် ရွှေကူမြို့ အနီး စစ်တပ် ခြေကုပ် စခန်းတစ်ခုကို KIA၊ KPDF ပူးပေါင်းတပ်များက သိမ်းလိုက်သည့်အတွက် စစ်တပ်က ညတွင်းချင်းပင်ဝေဟင်၊ မြေပြင် ပြန်လည်ထိုးစစ်ဆင်နေသည်။ 

တိုက်ပွဲများပြင်းထန်နေသည့် ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် စစ်တပ်ခံစစ်စခန်း ကျေးရွာတစ်ရွာကို ကာကွယ်ရေးပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ပြီးနောက် စစ်တပ်က ပြန်လည်ထိုးစစ်ဆင်နေသည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြန်ကြားရေးတာဝန်ခံ၊ စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများထံက သိရသည်။

KIA တပ်နှင့် ကချင်ဒေသကာကွယ်ရေး (KPDF) ပူးပေါင်းတပ်များက ရွှေကူမြို့တောင်ဘက် လေးမိုင်ခန့်အကွာ အင်အား ၃၀ ဝန်းကျင်ရှိ စစ်တပ်အခြေစိုက်စခန်းရှိသော ရွှေဘုန်းမြင့်ကျေးရွာကို လွန်ခဲ့သည့် ရက်အနည်းငယ်မှ စတင်၍တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၃ ရက် ညနေတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

“အဲဒီနေရာက စစ်ကြောင်းတွေခြေကုပ်ထားတဲ့ စခန်းဖြစ်ပါတယ်။ အင်အားကတော့ ၃၀ ကျော်လောက်ရှိတဲ့ ခြေကုပ်စခန်းဖြစ်ပါတယ်။ အဲဒါကို ကျွန်တော်တို့ KIA နဲ့ ပူးပေါင်းတပ်တွေက ဝင်ပြီးမှ ထိုးစစ်ဆင်တာ ဖြစ်ပါတယ်။ စစ်ကော်မရှင်တပ်တွေကတော့ ဆုတ်သွားပါပြီ။ ကျွန်တော်တို့ နယ်မြေရှင်းလင်းရေးတွေက လုပ်ပြီးပါပြီ။ မနက် ၄ နာရီကျော်ကတည်းက ပြန်ပြီးထိုးစစ်ဆင်တယ်လို့ ကြားပါတယ်။ မြေပြင်အခြေအနေ တွေက သေချာမသိရသေးပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ယမန်နေ့တွင် ပြောသည်။

ရွှေဘုန်းမြင့်ရွာသည် ရွှေကူမြို့မှ အရှေ့ဘက် စင်းခန်းရွာ၊ ထိုမှတဆင့် ဗန်းမော်မြို့သို့ သွားရောက်နိုင်သည့် အဓိက လမ်းမကြီးပေါ်တွင်ရှိပြီး ရွှေကူမြို့ကာကွယ်ရေးအတွက် ကာကင်းအနေဖြင့် စစ်တပ်က အခိုင်အမာ ခံစစ်ပြင်ထားသည့် စခန်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အကုန်ရှင်းလင်းနိုင်တယ်။ သူတို့လည်း ဒရောသောပါး ပြေးကြတာ၊ ကျန်တာတွေ အကုန်ထားခဲ့တယ်။ ရသလောက်ပဲသယ်သွားနိုင်တာ။ အလောင်းတွေလည်း ကျန်ခဲ့တယ်” ဟု KIA သတင်းရင်းမြစ် အမျိုးသားတစ်ဦးကလည်း ပြောသည်။

ရွှေကူမြို့အနီး စစ်ရေးအခြေအနေပြမြေပုံ။ 

အဆိုပါ ကျေးရွာကို လက်လွှတ်လိုက်ရပြီးနောက် ညပိုင်းနှင့် နောက်တစ်နေ့ (ဩဂုတ်လ ၄ ရက်)  နံနက်တို့တွင် မြေပြင်ထိုးစစ်နှင့် ဗုံးကြဲမှုများရှိခဲ့သည်ဟု သိရသည်။

“မနက် ၁ နာရီ ၂၀ လောက်အချိန်မှာ တံတားဦး(လေဆိပ်) တက် ဂျက်ဖိုက်တာ နှစ်စီးနဲ့ ဗုံးလေးလုံးချတယ်”ဟု အထက်ပါ KIA သတင်းရင်းမြစ်က ဆိုသည်။

ရွှေကူမြို့အခြေစိုက် အမှတ်(၅၆)ခြေလျင်တပ်ရင်း (ခလရ-၅၆) တပ်ရင်းက လက်လွှတ်လိုက်ရသော ရွှေဘုန်းမြင့်ရွာအပြင် မြို့အရှေ့ဘက် ခြောက်မိုင်ခန့်ရှိ ငဘတ်ကြီးရွာနှင့် တော်လှန်ရွာတို့ကိုပါ လက်နက်ကြီး များဖြင့် ပစ်ခတ်နေသည်ဟု သိသည်။

စစ်တပ်၏ ဗုံးကြဲမှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှု ရှိ မရှိ မသိရသေးဘဲ ရွှေကူမြို့အနီးရှိ ကျေးရွာအများစုသည် ယခင်လကတည်းက ဘေးလွတ်ရာဒေသသို့ တိမ်းရှောင်ခဲ့ကြသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အဲဒီဘက်က တိုက်ပွဲဧရိယာဖြစ်နေလို့ ကျွန်တော်တို့က အနီးကပ်မသွားနိုင်ဘူး၊ အခုထိတော့ သတင်း အတိအကျမရသေးဘူး။ ပစ်တာတော့ တညလုံး တမနက်လုံး ဆူညံနေတာပဲ၊ လေယာဉ်ကြဲတာလည်း ကြားရတယ်” 

ရွှေကူမြို့အရှေ့ဘက် မိုင် ၆၀ ခန့်အကွာတွင် ခရိုင်မြို့ကြီးဖြစ်သော ဗန်းမော်မြို့ရှိသည်။ စစ်တပ်နှင့် KIA တို့  အပြန်အလှန်သိမ်းပိုက်ရန် ကြိုးစားနေကြသည့်အတွက် မြို့တွင်းတိုက်ပွဲ ပြင်းထန်နေသည်မှာ နှစ်နှစ်ခန့် ကြာမြင့်နေပြီဖြစ်ပြီး စစ်တပ်က မြို့ပေါ်မှနေရာအများစု ပြန်စိုးမိုးထားသည်။

ရွှေကူမြို့အရှေ့ဘက် မိုင် ၃၀ ခန့်အကွာတွင် စင်းခန်းတံတားနှင့် စင်းခန်းတိုက်နယ်ရွာရှိပြီး ဗန်းမော်မြို့ကို စစ်ကူပို့ရန် စင်းခန်းမှာ ကြားခံစခန်းအဖြစ် အသုံးပြုနိုင်သလို ဗျူဟာအရ အရေးပါသည့်အတွက် အဆိုပါ  စင်းခန်းရွာအား သိမ်းပိုက်နိုင်ရန် စစ်တပ်က စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ရွှေကူမြို့အနီး နှစ်ဖက် တိုက်ပွဲများ ပြင်းထန်နေကြောင်း နောက်ဆက်တွဲအခြေအနေများ မသိရသေးကြောင်း Myanmar Now ကို ယမန်နေ့က အတည်ပြုသည်။

ကသာမြို့နှင့် ငအိုးမြို့မှ စစ်ကူအင်အားများကို စုစည်းပြီးနောက် ရွှေကူမြို့မှတဆင့် စင်းခန်းရွာကို ဦးတည်ကာ စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို KIA နှင့် ပူးပေါင်းတပ်များက ဇွန်လနှင့် ဇူလိုင်လအတွင်း အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က စစ်ကြောင်းဆက်လက်မထိုးနိုင်တော့ဘဲ ခံစစ်အနေအထားဖြင့်သာ ခုခံနေရသည်ဟု အထက်ပါ KIA သတင်းရင်းမြစ်အမျိုးသားက ပြောသည်။

“ရန်သူက ရွှေကူမြို့တွင်းနဲ့ အနီးအနားက ရွာတွေကနေ မထွက်နိုင်ဘူး။ စင်းခန်းကို ဦးတည်ချက် ကျိုးသွားပြီ”ဟု ထိုသူက ဆိုသည်။

စစ်တပ်၏ စစ်ကူများ ရွှေကူမြို့ကို အဆက်မပြတ်ရောက်ရှိလာပြီးနောက် ဇွန်လ ၈ ရက်တွင် ရွှေကူမြို့မှ ဒေသခံများ မြို့မှ တိမ်းရှောင်ကြရန်နှင့် မြို့အဝင်အထွက်လမ်းပိုင်းအချို့ သွားလာခွင့် ပိတ်လိုက်ကြောင်း KIA က ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ပြီးနောက် ရွှေကူမြို့ပေါ်နှင့် အနီးအနားဝန်းကျင် ကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်ကြသလို အချို့ ဒေသခံများလည်း မြို့ပေါ်တွင် ဆက်လက်နေထိုင်နေ ကြဆဲဖြစ်သည်ဟု သိရသည်။

ကချင်ပြည်နယ်အတွင်း ရွှေကူမြို့အပြင် ဗန်းမော်မြို့နှင့် အင်းတော်ကြီးဒေသတို့တွင်လည်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။

၂၀၂၄ ခုနှစ် မတ်လမှ စသည့် KIA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်အတွင်း ရှမ်းပြည်နယ်ရှိ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်အတွင်းရှိ မြို့ပေါင်း ၁၄ မြို့ကို သိမ်းပိုက်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button