အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အဓမ္မပြုကျင့်ပြီး နှိပ်စက်သတ်ဖြတ်မှု ကျူးလွန်သူများကို သေဒဏ်နှင့်ထောင်ဒဏ်ချကြောင်း AA ထုတ်ပြန် 

ပုဏ္ဏားကျွန်းမြို့နယ်၌ အမျိုးသမီးငယ်တစ်ဦးကို မုဒိမ်းကျင့်နှိပ်စက်သတ်ဖြတ်မှုတွင် ကျူးလွန်သည့် အမျိုးသား သုံးဦးကို ပြစ်ဒဏ်အသီးသီးချလိုက်ကြောင်း AA က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၌ အမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်ပြီး နှိပ်စက်သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် လူသုံးဦးအနက် တစ်ဦးကို သေဒဏ်ပေးလိုက်ပြီး ကျန်နှစ်ဦးကို ထောင်အနှစ် ၂၀ ချမှတ် လိုက်သည်ဟု အာရက္ခတပ်တော် (AA) က ထုတ်ပြန်သည်။ 

AA ၏ စစ်တွေခရိုင်တရားရုံးက ကိုမောင်တင်ဝင်း (၃၇ နှစ်) ကို တရားခံအဖြစ် လည်းကောင်း၊ ကြံရာပါများအဖြစ် မောင်အေးကျော် (၂၉ နှစ်)နှင့် မောင်သန်းစိုး (၂၁ နှစ်) ဆိုသူတို့ကို ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်တွင် အမိန့်ချလိုက်ခြင်းဖြစ်သည်။ 

ဖြစ်စဉ်မှာ ပုဏ္ဏားကျွန်းမြို့နယ် အောင်ဆိပ်ရွာမှ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးသည် ဇူလိုင်လ ၁၈ ရက်က ပျောက်ဆုံးပြီးနောက် ဇူလိုင်လ ၂၂ ရက်တွင် တန်းစွယ်- ကျော်ဇံရွာလားလမ်းဘေး သရက်တောခြံဝင်း အတွင်း စမ်းချောင်းထဲ၌လက်ထိတ်နောက်ပြန်ခတ်၊ မှောက်လျက်အနေအထားဖြင့် သေဆုံးနေသည်ကို ဒေသခံများက တွေ့ရှိခဲ့သည်။

AA ၏ တရားဥပဒေစိုးမိုးရေးနှင့်ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်)က ထိုအမျိုးသမီးငယ်၏ ခန္ဓာကိုယ်တွင် ဓားဒဏ်ရာ အများအပြားနှင့်  အဓမ္မပြုကျင့်ခံထားရကြောင်းတွေ့ရှိခဲ့ပြီး တရားခံများ ဖမ်းဆီးနိုင်ရေး စုံစမ်းစစ်ဆေးမည်ဟု ကြေညာသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဆက်လက်စုံစမ်းရာတွင် အဆိုပါအမျိုးသမီးအား ယိုးတရုပ်​​ရွာ ကျားလောင်ပွန်းဘုန်း​ကြီးကျောင်း ယာယီစစ်ရှောင်စခန်း၌ နေထိုင်သည့် ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာသား ကိုမောင်တင်ဝင်းက နံနက် ၁၁ နာရီခွဲခန့်တွင် လူမှုရေးကိစ္စအတွက် အကူအညီလိုအပ်သည်ဟုဆိုကာ ခေါ်ယူခဲ့ကြောင်း စုံစမ်း စစ်ဆေးနိုင်ခဲ့သည်ဟု AA တရားရေးဘက်က ဆိုသည်။ 

ထို့နောက် ဇူလိုင်လ ၂၃ ရက်တွင် အဆိုပါအမှုနှင့်ပတ်သက်၍ ကိုမောင်တင်ဝင်း အပါအဝင် သံသယ တရားခံ သုံးဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း နောက်တစ်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ကိုမောင်တင်ဝင်းက အဓမ္မပြုကျင့်ရန် ကြိုတင်ကြံရွယ်ခေါ်ယူခဲ့ပြီး သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံသည်။ အသုံးပြုခဲ့သော လက်ထိတ်မှာလည်း ၎င်း ကောက်ရထားသည်ဖြစ်ကြောင်း၊ ကျန်နှစ်ဦးမှာ ၎င်းကို ကူညီခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု AA တရားရေး အဆိုအရ သိရသည်။ 

စစ်ဆေးချက်အရ ကိုမောင်တင်ဝင်းကို မုဒိမ်းကျင့်၊ လူသတ်မှု ကျူးလွန်ကြောင်းထင်ရှားသောကြောင့်  ရာဇသတ်ကြီးဥပဒေ ပုဒ်မ- ၃၀၂ (၁) (ဂ) အရ “မသေမချင်း လည်ပင်းကြိုးကွင်းသတ်စေ”ဟု AA တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

အလားတူ ကြံရာပါများနှစ်ဦးကိုလည်း ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၆၄ အရ ထောင်ဒဏ် အနှစ် ၂၀ ချလိုက်ပြီး ချုပ်ရက်များခံစားခွင့်ပြုကြောင်း AA ရဲဌာန ( AA အခေါ် ဒီလပ်ဌာန) ၏ ယမန်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ 

ပုဏ္ဏားကျွန်းမြို့နယ်အမှုမှ ပြစ်မှုကျူးလွန်သူများကို ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ-AA ၏  ‘အာရက္ခမှုခင်းနဲ့ ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့’ )

အဆိုပါအမှုနှင့်ပတ်သက်ပြီး Myanmar Now အနေဖြင့် ထပ်မံ သိရှိလိုသည်များ ရှိသော်လည်း AA တရားရေး၊ AA ပြောရေးဆိုခွင့်ရှိသူတို့၏ မှတ်ချက်များ မရနိုင်သေးပေ။ 

မုဒိမ်းကျင့်လူသတ်သည့်တရားခံကို သေဒဏ်ပေးခြင်းမှာ ထိရောက်သည့်ပြစ်ဒဏ်ဖြစ်ပြီး အမှန်အကန် ကြိုးကွင်းစွပ်သေဒဏ်စီရင်စေမည်ဟု ရခိုင်ဒေသရှိ တရားလွှတ်တော်ရှေ့နေ အမျိုးသမီးတစ်ဦးက ပြောသည်။

“သတ်ရတယ်။ ဘာကြောင့်လဲဆိုရင် တစ်ကြိမ်ကြိုးကွင်းသတ်တဲ့အခါ မသေလိုက်တဲ့ သာဓကတွေရှိလို့ အဲဒီလို မသေမချင်း ကြိုးကွင်းစွပ်သေဒဏ်လို့ချတာ”ဟု ၎င်းက ဆိုသည်။

သို့သော် ကြံရာပါဟုဆိုသူနှစ်ဦးကိုလည်း ရာဇသတ်ကြီး ပုဒ်မ ၁၀၉ ပြဋ္ဌာန်းချက်အတိုင်း ကျူးလွန်ခဲ့သော ပြစ်မှုရင်းအတွက် ပြဋ္ဌာန်းသည့် ပြစ်ဒဏ်အတိုင်းချမှတ်စေချင်ကြောင်း ဆက်လက်ပြောဆိုသည်။

“မုဒိမ်းကျင့်၊လူသတ်ဖို့ ကူညီပေးမှုအတွက် ရာဇာသတ်ကြီးပုဒ်မ ၁၀၉ ပြဋ္ဌာန်းချက်ပါအတိုင်း ကျူးလွန်ခဲ့တဲ့ ပြစ်မှုရင်းအတွက် ပြဋ္ဌာန်းထားတဲ့ပြစ်ဒဏ်အတိုင်း ချရင်ပိုကောင်းတယ်။ စမ်းချောင်းထဲကို ခေါ်လာတယ်။လက်ထိတ်ခတ်တယ်။ မျက်နှာကို အဝတ်နဲ့အုပ်တယ်။ အခင်းဖြစ်နေရာမှာ ကျူးလွန်သူနဲ့ ထားခဲ့တယ် ဆိုကတည်းက မုဒိမ်းကျင့်၊ လူသတ်ဖို့ရည်ရွယ်ချက်နဲ့လုပ်တာကို ကူညီပေးတာလေ “

“ကျွန်မဖြစ်စေချင်တာက မုဒိမ်းကျင့်လူသတ်မှုဖြစ်ဖို့ အားပေးကူညီတဲ့အတွက် မုဒိမ်းမှုပြစ်ဒဏ်အရလည်း ထောင်ဒဏ် အနှစ် ၂၀ ချလို့ရတယ်” ဟု ၎င်းက ပြစ်ဒဏ်အကြောင်း ဆက်ပြောသည်။

AA ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေး ဌာန(ဒီလပ်)ဆိုသည်မှာ မြန်မာနိုင်ငံမှာရှိသည့် ရဲတပ်ဖွဲ့ဌာန ကဲ့သို့ ဖြစ်ပြီး ရခိုင်ပြည်တွင်းတွင် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအီးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ၊ ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ရေးတို့အတွက် ဖွဲ့စည်းထားခြင်းဖြစ်သည်။

AA သည် မြို့သိမ်းတိုက်ပွဲမဖော်ဆောင်မီကာလ ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၂ ရက်က ဖြစ်ပွားခဲ့သည် ပြည်နယ်မြို့တော် စစ်တွေတွင် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား သတ်ဖြတ်မှုဖြင့် ဖမ်းဆီးခဲ့သည့် ကိုမျိုးမြင့်ဇော်ဆိုသူကိုလည်း “မသေမချင်းကြိုးကွင်းစွပ်သတ်စေ ”အမိန့်ချမှတ်ခဲ့သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်နှင့်ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထားပြီး ခရိုင် ရှစ်ခု ဖွဲ့စည်း၍ အုပ်ချုပ်လျက်ရှိသည်။ လက်ကျန်မြို့နယ်များဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့ကိုလည်း ၂၀၂၇ ခုနှစ် မကုန်မီ သိမ်းမည်ဟု ကြွေးကြော်ထားသည်။ 

အုပ်ချုပ်ရေးယန္တရားလည်ပတ်နေသလို စစ်မျက်နှာ အများအပြား ဖွင့်ထားရသော AA အနေဖြင့် ဒေသတွင်း တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှုများလည်းရှိနေသည်။  

ယခုနှစ်များအတွင်း ရခိုင်ဒေသ၌ အသက်မပြည့်သေးသော ကလေးငယ်များ အပါအဝင် အမျိုးသမီးများ အဓမ္မ ပြုကျင့်ခံရမှု ခပ်စိပ်စိပ်ဖြစ်ပေါ်နေပြီး ဒေသတွင်းလူထုကလည်း ထိုဖြစ်စဉ်များအပေါ်ကို ဝေဖန်မှုများ ရှိနေသည်။ 

AA ၏  ‘အာရက္ခမှုခင်းနဲ့ ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့’ က ရခိုင်ပြည်နယ်တွင် ယခုနှစ် မတ်လ ၂၂ ရက်မှ ဇူလိုင်လ ၂၇ ရက်အတွင်း လူသတ်မှု၊ ခိုးမှု၊ မူးယစ်ဆေးဝါးစသည့်  အမှုပေါင်း ၂၀ နီးပါး ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားပြီး ထိုအထဲတွင် သက်ငယ် မုဒိမ်းမှုကျူးလွန်ရန် ကြံစည်မှု တစ်မှု၊  မုဒိမ်းမှု တစ်မှု၊ မုဒိမ်းကျင့် သတ်ဖြတ်ခံရသည့်အမှု တစ်မှုပါဝင်နေသည်။ 

အာရက္ခတပ်တော်က ထုတ်ပြန်ထားသည့် သက်ငယ်မုဒိမ်းပညာပေးကမ်ပိန်းပိုစတာ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button