စုံစမ်းစစ်ဆေးခံနေရသည့် နော်ဝေအခြေစိုက် တယ်လီနော(Telenor) ကုမ္ပဏီသည် ဥပဒေကြောင်းအရ အပြစ်ထင်ရှားပါက ဒဏ်ငွေအပြင် လက်အောက်ခံ တယ်လီနော (မြန်မာ) ဆက်သွယ်ရေးလုပ်ငန်းကို လက်လွှဲရောင်းချမှုမှရရှိခဲ့သော အကျိုးအမြတ်နှင့် ပိုင်ဆိုင်မှုများကိုပါ သိမ်းဆည်းခံရနိုင်ခြေရှိသည်ဟု နော်ဝေရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။
မြန်မာစစ်တပ်၏ လူသားမျိုးနွယ်များအပေါ်ကိုကျူးလွန်သော ရာဇဝတ်မှုများနှင့်ပတ်သက်၍ ပူးပေါင်းပါဝင်မှု၊ နော်ဝေအစိုးရက ခွင့်ပြုချက်မပေးထားသော စောင့်ကြည့်ထောက်လှမ်းရေး စက်ပစ္စည်းများ လွှဲပြောင်းပေးမှု ဆိုသော တိုင်ကြားချက်များကြောင့် နော်ဝေအခြေစိုက် တယ်လီနော ကုမ္ပဏီသည် ယခုကဲ့သို့ စုံစမ်းစစ်ဆေးခံနေရခြင်းဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် တယ်လီနောမြန်မာ ဆက်သွယ်ရေးလုပ်ငန်းကို စစ်တပ်နှင့်နီးစပ်သော ကုမ္ပဏီတခု လက်ထဲသို့ လွဲပြောင်းရောင်းချရာတွင် ဖုန်းသုံးစွဲသူ အချက်အလက်မှတ်တမ်းအချို့ကို စစ်တပ်ထံလွှဲပြောင်းပေးမှုမှာ လူသားမျိုးနွယ်အပေါ်ကို ကျူးလွန်သည့် ရာဇဝတ်မှုများတွင် ပူးပေါင်းပါဝင်ရာရောက်သည်ဟု ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ထိုသို့ ဖုန်းသုံးစွဲသူအချို့၏ သုံးစွဲမှုမှတ်တမ်းအချို့ကို စစ်တပ်ထံ လွှဲပြောင်းပေးခဲ့ခြင်းကြောင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူအများအပြား ဖမ်းဆီးထောင်ချခံခဲ့ရသလို လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်သည်လည်း မတရားသဖြင့် ကြိုးပေးကွပ်မျက်ခံခဲ့ရသည်။
တယ်လီနောမြန်မာသည် နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနက လွှဲပြောင်းပေးခွင့် ပြုပေးမထားသော ဆက်သွယ်ရေးဆိုင်ရာ စောင့်ကြည့်ထောက်လှမ်းရေးကိရိယာများကို မြန်မာစစ်တပ်ထံ လွှဲပြောင်းခဲ့သည်ဟု Justice for Myanmar နှင့် ICJ Norway အဖွဲ့တို့၏ အမှုဖွင့်ခြင်းကို ခံထားရခြင်းဖြစ်သည်။
ထိုတိုင်ကြားမှုနှင့်ပတ်သက်၍ ယမန်နေ့ (စက်တင်ဘာလ ၁၅ ရက်) တွင် နော်ဝေနိုင်ငံ ဖော်နီဘူမြို့ရှိ တယ်လီနောရုံးချုပ်ကို နော်ဝေရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေ၍ ကုမ္ပဏီကို စွဲချက်တင်စုံစမ်းစစ်ဆေးမှု စတင်ပြီဖြစ်ကြောင်း ကြေညာခဲ့ကာ နော်ဝေစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
ဥပေဒေကြောင်းအရ အပြစ်ထင်ရှားပါက ရင်ဆိုင်ရနိုင်ခြေရှိသည့် ပြစ်ဒဏ်များနှင့်ပတ်သက်၍ သတင်းထောက်တဦးက မေးမြန်းရာတွင် သတင်းစာရှင်းလင်းပွဲကို ဦးဆောင်သည့် နော်ဝေရဲတပ်ဖွဲ့ တာဝန်ရှိသူများက ယေဘူယျအားဖြင့် ဒဏ်ငွေနှင့် အကျိုးအမြတ်များ သိမ်းဆည်းခံရနိုင်ကြောင်း တုံ့ပြန်ပြောဆိုလိုက်ပြီး ဥပဒေကြောင်းအရ ခိုင်မာသောစီရင်ဆုံးဖြတ်ချက်များအပေါ်တွင် မူတည်ကြောင်း အလေးပေးပြောကြားခဲ့သည်။
“ကုမ္ပဏီအဖွဲ့အစည်းတခုကို တရားစွဲဆိုတာဖြစ်တဲ့အတွက်ကြောင့် ဒါဟာ ကုမ္ပဏီအဖွဲ့အစည်းရဲ့ ရာဇဝတ်မှုဆိုင်ရာတာဝန်ရှိမှုနဲ့ပတ်သက်ပါတယ်။ စတင်အရေးယူနိုင်ခြေရှိတာကတော့ ကုမ္ပဏီကို ဒဏ်ရိုက်တာဖြစ်နိုင်ပါတယ်။ အခြေအနေအပေါ်မူတည်ပြီး သီးခြားအကဲဖြတ်ချက်အပေါ်အခြေခံပြီး ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းမှုဖြစ်နိုင်ပါတယ်” ဟု ထိုတာဝန်ရှိသူများက ပြောဆိုခဲ့သည်။
ပြစ်မှုထင်ရှားပါက အရေးယူခံရလျှင် ယခုစွဲဆိုထားသော တယ်လီနောမြန်မာရောင်းချမှုနှင့် ဆက်စပ်သည့် အကျိုးအမြတ်များ၊ ရောင်းရငွေများကို သိမ်းဆည်းနိုင်သည်ဟု ဆိုသည်။
စစ်တပ်အာဏာသိမ်းထားသည့်ကာလ ၂၀၂၂ ခုနှစ် မတ်လတွင်Telenor သည် ၎င်း၏ ဆက်သွယ်ရေးလုပ်ငန်း(Telenor Myanmar Ltd) ကို အပြီးသတ်လွှဲပြောင်းရောင်းချ၍ မြန်မာနိုင်ငံမှ ထွက်ခွာခဲ့သည်။
တယ်လီနောမြန်မာဆက်သွယ်ရေးလုပ်ငန်းကို ပိုင်ရှင်အသစ်ထံရောင်းချ၍ မြန်မာမှထွက်ခွာရာတွင် ထိုစဉ်အချိန်က အရပ်သားများအပေါ်ကို ဖမ်းဆီးနှိပ်စက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်နေသည့် အာဏာသိမ်းစစ်တပ်ထံသို့ ၎င်းတို့ကွန်ရက်သုံးစွဲသူများ၏ ဖုန်းခေါ်ဆိုမှုမှတ်တမ်းနှင့် အချက်လက်များကို လွှဲပြောင်းပေးခဲ့သလို နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုချက်ပေးမထားသော စောင့်ကြည့်ထောက်လှမ်းရေးကိရိယာများကိုလည်း ပိုင်ရှင်အသစ်ထံ လွှဲပြောင်းခဲ့သည်ဟု Justice for Myanmar နှင့် ICJ Norway အဖွဲ့တို့က နော်ဝေအာဏာပိုင်များထံတိုင်ကြားခဲ့သည်။
တယ်လီနောမြန်မာဆက်သွယ်ရေးလုပ်ငန်းနှင့်င်ပတ်သက်၍ အဆိုပါအမှုနှစ်ခုဖြင့် တရားစွဲစစ်ဆေးခံနေရပြီး လူပုဂ္ဂိုလ်တဦးချင်းအပေါ်ကို စွဲဆိုမှုမရှိကြောင်း တယ်လီနောကုမ္ပဏီက စက်တင်ဘာလ ၁၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
“စစ်တပ် အာဏာပိုင်တွေရဲ့ အမိန့်ကို မလိုက်နာခဲ့ရင် ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေဟာ ထောင်ဒဏ်၊ ညှဉ်းပန်းနှိပ်စက်ခံရမှု ဒါမှမဟုတ် သေဒဏ်တွေအထိ ရင်ဆိုင်ရနိုင်ခြေ ရှိခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့အနေနဲ့ အမှန်တကယ် ရွေးချယ်စရာ မရှိခဲ့သလို ဝန်ထမ်းတွေရဲ့ အသက်အန္တရာယ်ကိုလည်း စိုးရိမ်ရပါတယ်။ ဒါဟာ အလွန်ကျပ်တည်းတဲ့ အခြေအနေတခု ဖြစ်ခဲ့ပါတယ်” ဟု တယ်လီနော၏ သတင်းမီဒီယာဆက်ဆံရေး ဒါရိုက်တာ David Fidjeland က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ရှုပ်ထွေးလွန်သည့် ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ယခင်က ရဲတပ်ဖွဲ့၏ စစ်ဆေးမှုတွင် အနီးကပ်ပူပေါင်းဆောင်ရွက်ခဲ့ပြီး ယခုစုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်၍ ရဲလုပ်ငန်းစဉ်များကို ဆောင်ရွက်ခွင့်ပြုကာ အခြေအနေအသေးစိတ်ကို မှတ်ချက်ပေးခြင်းမပြုဘဲ ဖြစ်ပေါ်တိုးတက်မှုများကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ၎င်းက ဆိုသည်။
ယခုအရေးယူမှုသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်တွင် တက်ကြွလှုပ်ရှားသည့်အဖွဲ့ Justice For Myanmar နှင့် ICJ Norway တို့က တယ်လီနောကို အရေးယူရန် နော်ဝေရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ထိုတိုင်ကြားချက်တွင် တယ်လီနောသည် နော်ဝေအစိုးရက ခွင့်ပြုပေးမထားသော စောင့်ကြည့်ထောက်လှမ်းရေးပစ္စည်းများကို မြန်မာစစ်တပ်နှင့် ဆက်နွှယ်နေသည့် ဝယ်ယူသူထံ လွှဲပြောင်းခဲ့ကြောင်း၊ ထိရှလွယ်သော အချက်အလက်များကို မျှဝေပေးခဲ့ခြင်းဖြင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို အားပေးကူညီခဲ့သည်ဆိုသည့် စွဲချက်များပါဝင်ခဲ့သည်။
ချိုးဖောက်ခဲ့မှုတိုင်ကြားချက်များနှင့်ပတ်သက်၍ နော်ဝေရဲတပ်ဖွဲ့က တယ်လီနောအပေါ် စုံစမ်းစစ်ဆေးခြင်းကို ကြိုဆိုကြောင်း Justice For Myanmar (JFM) က ယနေ့တွင် သတင်းထုတ်ပြန်သည်။
ထိခိုက်နစ်နာမှုအတွက် တယ်လီနောအနေဖြင့် အပြည့်အဝ တာဝန်ခံစေရမည်ဟု JFM ပြောခွင့်ရ မရတနာမောင်က ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုသည်။
“တယ်လီနောက တရားမဝင်စစ်အုပ်စုဆီ ထောက်လှမ်းရေးဆော့ဖ်ဝဲ လွှဲပြောင်းပေးခဲ့တာနဲ့၊ အရေးကြီးပြီး ထိရှလွယ်တဲ့ အချက်အလက်တွေ မျှဝေပေးခဲ့တာတွေကို သက်သေခံဖော်ပြနိုင်မယ့် အထောက်အထားမှတ်တမ်း အများအပြားကိုလည်း ရဲတပ်ဖွဲ့ထံ ပေးပို့ထားပြီးဖြစ်ပါတယ်။ ဒီအထောက်အထားတွေက ကုမ္ပဏီနဲ့ သူတို့ရဲ့ အကြီးတန်းအရာရှိတွေရဲ့ ကြံရာပါပတ်သက်မှုကို ရှင်းရှင်းလင်းလင်း သက်သေပြနေပါတယ်” ဟု ၎င်းက ဆိုသည်။
တယ်လီနောအနေဖြင့် ပုဂ္ဂိုလ်ရေးအချက်အလက်များကို သိလျက်ဖြင့် ပေးအပ်ခဲ့ခြင်းမှတဆင့် စစ်အုပ်စု၏ ဖိနှိပ်သတ်ဖြတ်မှုများကို ကြံရာပါကူညီခဲ့ကြောင်း ၎င်းက ဆိုသည်။
တယ်လီနောသည် JFM နှင့် ICJ တို့၏ တိုင်ကြားမှုအပြင် တရားမကြောင်းအရ တရားစွဲဆိုသည့် အခြားအမှုတခုလည်းရှိနေသည်။
ဆွီဒင်အခြေစိုက် Justice and Accountability Initiative (JAI) အဖွဲ့ကဦးဆောင်၍ နော်ဝေအခြေစိုက် ဥပဒေရေးရာအဖွဲ့အစည်း Simonsen Vogt Wiig က မြန်မာအရပ်ဘက်အဖွဲ့အစည်းနှစ်ခုဖြစ်သည့် Defend Myanmar Democracy၊ Myanmar Internet Project နှင့် ဒေါ်သဇင်ညွန့်အောင်တို့ကို ကိုယ်စားပြုတရားစွဲဆိုထားခြင်းဖြစ်သည်။
ဒေါ်သဇင်ညွန့်အောင်သည် အာဏာသိမ်းစစ်တပ်၏ မတရားသဖြင့် ကြိုးပေးစီရင်ခြင်းခံခဲ့ရသည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်၏ ဇနီးဖြစ်သည်။ ဦးဖြိုးဇေယျာသော် ဖမ်းဆီးမခံရမီ သီတင်းပတ် အနည်းငယ်အတွင်း ၎င်း၏ ဖုန်းမှတ်တမ်းနှင့် အချက်အလက်များကိုလည်း Telenor က စစ်တပ်ထံလွှဲပြောင်းပေးခဲ့ခြင်းကြောင့် တရားစွဲဆိုသွားရန် စီစဉ်ကြောင်း ဒေါ်သဇင်ညွန့်အောင်က တရားစွဲဆိုမှုနှင့်ပတ်သက်သော သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းပြောထားသည်။
စစ်အာဏာသိမ်းပြီးနောက် တနှစ်အကြာ ၂၀၂၂ ခုနှစ် မတ်လအတွင်း နော်ဝေနိုင်ငံအခြေစိုက် တယ်လီနော လုပ်ငန်းစုထံမှ တယ်လီနောမြန်မာကို လက်ဘနွန် သန်းကြွယ်သူဌေးပိုင် M1 Group နှင့် စစ်တပ်နှင့်ဆက်နွယ်သော စီးပွားရေးလုပ်ငန်းရှင် ဦးသိန်းဝင်းဇော်၏ ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုတို့ ပူးပေါင်းထူထောင်ထားသည့် Investcom ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် လွှဲပြောင်း ဝယ်ယူခဲ့သည်။
၎င်းတို့ဝယ်ယူပြီးနောက် တယ်လီနောမြန်မာမှ ATOM Myanmar သို့ အမည်ပြောင်းလဲခဲ့ပြီး လက်ရှိအချိန် အထိ ထိုအမည်ကို အသုံးပြုနေသည်။



