အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

အိမ်အဝေးကအိမ် (သို့မဟုတ်) ပြန်ရန်အခက်ဆုံးတိုင်းပြည်သို့ ပင်နီဆူလာမှလွမ်းချင်း

စင်ကာပူရှိ ပင်နီဆူလာပလာဇာမှာ ရိုးရိုးဈေးဝယ်စင်တာမဟုတ်ဘဲ အိမ်ပြန်ရန်ခက်ခဲမှုကြောင့် မွန်းကျပ်နေသူများ အချင်းချင်း မှီခိုရာ၊ အိမ်လွမ်းစိတ်ကို အစားအသောက်နှင့် စကားသံများဖြင့် ခေတ္တကုစားရာနေရာအဖြစ် အဓိပ္ပာယ်ဆောင်နေသည်။

မီးပွိုင့်စိမ်း၍ လမ်းကူးလိုက်ပြီးနောက် မြန်မာဈေးဆိုင်များဖြင့် ပြည့်နေသော ဈေးဝယ်စင်တာကြီးက စင်ကာပူမြို့လယ်တွင် ဆီးကြိုနေသည်။

ဈေးဝယ်စင်တာကြီးအတွင်းသို့ လှမ်းဝင်လိုက်သောအခါ စင်ကာပူတွင် နေရာတိုင်း၌ ကြားနေရသည့် အင်္ဂလိပ်နှင့် တရုတ်စကားသံများမဟုတ်ဘဲ ရင်းနှီးနေကျဟန်ပန်သွင်ပြင်နှင့် ရင်းနှီးနေကျ မြန်မာစကား ပြောဆိုသည့် လူငယ်လူရွယ်များက ပျားပန်းခပ်သလို ဥဒဟိုဝင်ထွက်သွားလာနေကြသည်။ တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်၍ လူငယ်လူရွယ်များက ခြေချစရာနေရာမရှိအောင် တိုးဝှေ့နေကြသည်။ 

ထိုနေရာမှာမြန်မာနိုင်ငံသို့ ရောက်သွားသည့်အလား ခံစားချက်ပေးနိုင်သည့် စင်ကာပူမြို့လယ် City Hall ဧရိယာအနီးရှိ ပင်နီဆူလာပလာဇာ (Peninsula Plaza) ပင်ဖြစ်သည်။ တနည်းအားဖြင့် ထိုပလာဇာသည် စင်ကာပူနိုင်ငံ၏ မြန်မာတန်း Little Myanmar in Singapore ဟုပင် ကင်ပွန်းတပ်ရသည့် နေရာလည်း ဖြစ်သည်။

စင်ကာပူနိုင်ငံတွင် အကြောင်းပေါင်းစုံဖြင့် ရောက်ရှိနေသော သိန်းနှင့်ချီသည့် မြန်မာများအတွက် မရှိမဖြစ်လိုအပ်သော ပစ္စည်းများဝယ်ယူရန်နှင့် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံစုဝေးရန် အရေးအပါဆုံး ဗဟိုချက်လည်းဖြစ်သည်။

စင်ကာပူမြို့လယ် ပင်နီဆူလာပလာဇာရှိ လာရောက်သူအချို့ကို ၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – အောင်နိုင်/ Myanmar Now) 

အမိမြေကို ထားခဲ့ပြီး ရည်မှန်းချက်ကိုယ်စီဖြင့် စင်ကာပူသို့ ရောက်ရှိလာခဲ့ကြသော မြန်မာတို့အတွက်  ပင်နီဆူလာပလာဇာမှာ အိမ်လွမ်းစိတ်၊ မြန်မာအစားအသောက်များတမ်းတစိတ်ကို ဖြေသိမ့်ပေးနိုင်သော အိုအေစစ်သဖွယ်ဖြစ်ကြောင်း စင်ကာပူတွင် အလုပ်လုပ်နေပြီး ထိုနေရာသို့ မကြာခဏလာလေ့ရှိသူ အသက် ၃၅ နှစ်အရွယ် မငုဝါ(အမည်လွှဲ) က ဆိုသည်။ 

“အဲဒီနေရာကို ရောက်ရင် မြန်မာပြည်က စျေးတန်းလေးထဲ ရောက်သွားသလို ခံစားရတယ် အသီးအရွက်တွေ ကြည့်နေရတာကိုက အရသာတမျိုးပဲ” ဟု သူကပြောသည်။

“ပြီးရင် အဲဒီနားရောက်ခါနီးရင် မြန်မာဟင်းအနံ့တွေ ရလာတယ်လေ။ အဲဒါဆို စိတ်ကူးထဲပုံဖော်ပြီး ဒါက ဘာဟင်းနံ့ပေါ့လေ။ ပြီးရင် မြန်မာစာ တခုခု စားပြီးမှကို ပြန်ချင်တယ်။ စျေးလည်း ပတ်ဝယ်တယ်။ ပိုက်ဆံ ဒီလောက်ပဲသုံးမယ်ဆိုပြီး တွေးထားလည်း မရဘူး။ ပိုသုံးမိတာမျိုးပေါ့”

ကုန်စိမ်းဆိုင်များမှအစ ပန်းဆိုင်၊ ကုန်စုံဆိုင်၊ အလှပြင်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ငွေလဲကောင်တာနှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်များအထိ မြန်မာလိုရေးထားသော ဆိုင်းဘုတ်များ တင်ထားကြသည်။ မြန်မာအစားအစာ၊ ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ လိုလေသေးမရှိအောင် စုံစုံလင်လင်ဝယ်ယူနိုင်သည်။ 

မြေအောက်ခန်းအတွင်း စားသောက်ဆိုင်များဆီမှ မုန့်ဟင်းခါး၊ လက်ဖက်သုပ်နှင့် အခြားသော မြန်မာ့ရိုးရာအစားအသောက်များချက်ပြုတ်ပြင်ဆင်နေသော မွှေးရနံ့များက စင်ကာပူမြို့လယ် ထိုဈေးဝယ်စင်တာ၏ အဝင်တံခါးဝတွင် သင်းပျံ့နေသည်။ 

မျက်နှာကြက်ဆီမှ မြန်မာသီချင်းသံများလွှင့်ပျံ့နေပြီး မြန်မာ့ဆန်ဆန်အငွေ့အသက်များ လွှမ်းခြုံထားသည်။ 

အာရှ၏ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဗဟိုချက်ဖြစ်ပြီး ဥစ္စာဓနတောင့်တင်းသော စင်ကာပူသည် စည်းကမ်းကြီးသလို လုပ်ငန်းခွင်ဖိအားအလွန်များသည့် နိုင်ငံတစ်ခုဖြစ်သည်။ ရှေးမဆွကတည်းက မြန်မာနိုင်ငံသားအများအပြားသည် ခြင်္သေ့ခေါင်း ငါးကိုယ်လုံး Merlion ရုပ်တုဖြင့် နာမည်ကျော်သော စင်ကာပူနိုင်ငံသို့ လာရောက်အလုပ်လုပ်ခဲ့ကြသည်။ 

ခရီးသွားများ၊ အပန်းဖြေလာရောက်သူများဖြင့် စည်းကားနေသော Merlion ရုပ်တုကို ၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ -အောင်နိုင်/ Myanmar Now) 

လွန်ခဲ့သည့် ငါးနှစ်ကျော်က မြန်မာတွင် ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချ၍ စစ်တပ်က အာဏာသိမ်းလိုက်သည်။ ယင်းနောက် စီပွားရေးပြိုကျလာမှု၊ အလုပ်ကိုင်အခွင့်အလမ်းရှားပါးလာမှုများကြောင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မှုများလာပြီး စင်ကာပူတွင် လာရောက်အလုပ်လုပ်သူ မြန်မာရွှေ့ပြောင်းအလုပ်သမားများလည်း အဆမတန်တိုးလာခဲ့သည်။ 

စင်ကာပူတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမားအရေအတွက်ကို စင်ကာပူအာဏာပိုင်များက အတိအကျထုတ်ပြန်ခြင်းမရှိသော်လည်း စစ်အာဏာမသိမ်းမီက မြန်မာနှစ်သိန်းဝန်းကျင်ရှိသည်ဟု တွက်ဆခဲ့ပြီး ယခုအခါ ထိုပမာဏ၏ နှစ်ဆကျော်အထိရှိနိုင်ကြောင်း စင်ကာပူရောက်မြန်မာများက ခန့်မှန်းကြသည်။ 

မြန်မာ့နိုင်ငံရေးရိုလာကိုစတာနှင့်စင်ကာပူသို့ရွှေ့ပြောင်းခြင်း

၂၀၀၀ ပြည့်နှစ်မတိုင်မီကာလများက စင်ကာပူတွင် အလုပ်လာလုပ်ကြသည့် မြန်မာများအနက် အင်ဂျင်နီယာဘူမိဗေဒပညာရှင်အများအပြားပါဝင်ခဲ့သည်။ 

စင်ကာပူအစိုးရက ၎င်းတို့နိုင်ငံ၏ မြေအောက်ရထားလမ်းတည်ဆောက်ရေးလုပ်ငန်းများတွင် မြန်မာ၊ တရုတ်နှင့် နိုင်ငံတကာမှ အင်ဂျင်နီယာဘူမိဗေဒပညာရှင်များ၏ လုပ်အားကို အသုံးပြုခဲ့ရသည်ဟု သိရသည်။ 

ထို့စဉ်အချိန်များက မြန်မာနိုင်ငံမှ အင်ဂျင်နီယာဘူမိဗေဒပညာရှင်များသည် ဘူမိဗေဒလုပ်ငန်းတွင် ကွင်းဆင်းခြင်း၊ လက်တွေ့လုပ်ကိုင်ခြင်းတို့တွင် စွမ်းရည်ပြည့်သူများဖြစ်၍ အလုပ်အကိုင်အခွင့်အလမ်း အတွက် မျက်နှာပွင့်ခဲ့ကြသည်။ သို့သော် ထိုစဉ်က အိမ်ထောင်ဦးစီး အမျိုးသားများက စင်ကာပူတွင် အလုပ်လုပ်ကြပြီး ဇနီးနှင့် မိသားစုဝင်များက ပြည်တွင်း၌သာ အဓိကနေထိုင်ခဲ့ကြသည်။ 

ထိုစဉ်ကတည်းက ပင်နီဆူလာပလာဇာတည်ရှိခဲ့ပြီး မြန်မာအသိုင်းအဝိုင်းက အိမ်လွမ်းစိတ်ဖြေဖျောက်ရန် တွေ့ဆုံကြသည်။ မြန်မာလက်ဖက်ရည်ဆိုင်အချို့ရှိနေပြီး ဆိုင်မှ ဖွင့်ပေးသော မြန်မာသီချင်းသံများကို နားဆင်၍ မြန်မာအစားအသောက်များကို အရသာခံမြည်းစမ်းကြသည်ဟု ပင်နီဆူလာပလာဇာတွင် စီးပွားရေးလုပ်ငန်းလည်ပတ်နေပြီး စင်ကာပူတွင် နေထိုင်ခဲ့သည်မှာ အနှစ် ၂၀ ကျော်ကြာပြီဖြစ်သည့် အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ဆိုသည်။


စင်ကာပူမြို့လယ်ပင်နီဆူလာပလာဇာသို့လာရောက်သူအချို့ကို၂၀၂၆ခုနှစ်ဩဂုတ်လအတွင်းကတွေ့ရစဉ်။ (ဓာတ်ပုံ အောင်နိုင်/ Myanmar Now) 

ထို့နောက် ၂၀၁၅ ခုနှစ် ၌ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ အစိုးရတက်လာချိန်တွင် အင်ဂျင်နီယာဘူမိဗေဒပညာရှင်များအပါအဝင် စင်ကာပူတွင်ရောက်ရှိနေသည့် မြန်မာအချို့က ၎င်းတို့ ရရှိထားသော အမြဲတမ်းနေထိုင်ခွင့်ကတ်(PR) ကို စင်ကာပူအစိုးရထံ ပြန်အပ်၍ ပြည်တော်ပြန်ခဲ့ကြောင်း ၎င်းက ဆိုသည်။ 

သို့သော် စစ်တပ်က တကျော့ပြန်အာဏာသိမ်းလိုက်ပြီးနောက် အထွေထွေစီးပွားရေးပြိုကျလာမှုနှင့် ဘက်ပေါင်းစုံယိုယွင်းလာမှုများကြောင့် တချိန်က PR ကတ်များပြန်အပ်ခဲ့သူများသည် စင်ကာပူသို့ ဒုတိယံမိခြေဦးလှည့်လာကြသည်။ ၎င်းတို့၏ မိသားစုများလည်းပါလာကြသည်။ ထို့အပြင် မြန်မာတွင် အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုကြောင့် လူငယ်လူရွယ်အများအပြားလည်း ရောက်ရှိလာခဲ့သည်။ 

“ဗမာပြည်(မြန်မာပြည်)မှာ လူငယ်လူရွယ် ပညာတတ်တွေ အကုန်လုံးက စင်ကာပူမှာ ရရာအလုပ်နဲ့လုပ်မယ်ဆိုပြီး လာကြတာ။ အဲ့ဒါ အန်တီတို့တိုင်းပြည်အတွက် ဝမ်းအနည်းရဆုံးကာလပဲ။ ဒီမှာဆိုရင် အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုပေမယ့် ဘွဲ့ရဘာညာဆိုတဲ့သူတွေအကုန်လုံးက စင်ကာပူနိုင်ငံရဲ့ Work Permit မှာမှ အိမ်အကူဆိုတဲ့ဟာနဲ့လာကြရတယ်။ အလုပ်ရရင်ပြီးရောဆိုတဲ့အနေအထားပဲ” ဟု အဆိုပါ အမျိုးသမီးက ဆိုသည်။

အရွယ်ရောက်ပြီးလူငယ်များကို စစ်ထဲဆွဲသွင်းမည့် အဓမ္မစစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းတွင် စင်ကာပူသို့ရောက်ရှိလာသူလည်း ပိုများလာသည်။ တိုးလာသည့် လူဦးရေနှင့်အပြိုင် မြန်မာအစားအစာနှင့် ထုတ်ကုန်ပစ္စည်းဝယ်ယူမှုများလည်းတိုးလာပြီး ပင်နီဆူလာပလာဇာတွင် ရန်ကုန်မြို့ရှိဈေးများအတိုင်း ဝယ်ယူရရှိသည့်အခြေအနေဖြစ်ကြောင်း သူက ပြောသည်။ 

သူ၏ စင်ကာပူတွင်နေထိုင်သည့် နှစ် ၂၀ ကျော်ကာလအတွင်း အလွှာအသီးသီး၊ စုံလင်ကွဲပြားသော လူတန်းစားအသီးသီးက ရရာအလုပ်လုပ်ကိုင်နေသည်ကို တွေ့ကြောင်း သူကဆိုသည်။ ၎င်းတို့ထဲတွင် ပညာတတ်အသိုင်းအဝိုင်း၊ သာမန်မိသားစုဝင်များ၊ ပညာရေးတပိုင်းတစဖြင့် ကျောင်းရပ်နားထားသော လူငယ်လူရွယ်များပါဝင်သည်။


ပင်နီဆူလာပလာဇာသို့လာရောက်သူအချို့ကို၂၀၂၆ခုနှစ်ဩဂုတ်လအတွင်းကတွေ့ရစဉ်။ (ဓာတ်ပုံ- အောင်နိုင်/ Myanmar Now) 

စင်ကာပူရောက်မြန်မာများအနေဖြင့် အိမ်အကူ၊ သူနာပြုအကူ၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး၊ ဆောက်လုပ်ရေး၊ စားသောက်ဆိုင်ဝန်ထမ်းမှအစ အင်ဂျင်နီယာ၊ ကုမ္ပဏီဝန်ထမ်းနှင့် လစာကောင်းသော အခြားသောလုပ်ငန်းနယ်ပယ်များတွင် အလုပ်လုပ်ကိုင်နေကြသည်။

ထို့အပြင် စင်ကာပူတက္ကသိုလ်များတွင် ပညာသင်ကြားသူ ငွေကြေးတတ်နိုင်သည့် မိသားစုဝင်များလည်း တွေ့ရသည်။ စင်ကာပူရောက် မြန်မာကျောင်းသားအချို့မှာ ဘားနှင့် စားသောက်ဆိုင်များ၌ အချိန်ပိုင်းအလုပ်ဝင်ရောက်လုပ်ကိုင်နေသည်ကို တွေ့ရသည်။ 

ပြန်ရန်အခက်ဆုံးမွေးရပ်မြေသို့ပင်နီဆူလာမှတမ်းတခြင်း

“လူငယ်များသည် တိုင်းပြည်၏ အနာဂတ်” ဟူသော အယူအဆမှာ စစ်အာဏာရှင်လက်အောက်တွင် မှေးမှိန်ပျောက်ကွယ်သွားပြီး မြန်မာလူငယ်များသည် အာဏာရှင်များဖန်းတီးသော ယန္တရားအတွင်းမှ လွတ်မြောက်ရန် စင်ကာပူနှင့် အခြားသော ပြည်ပနိုင်ငံများသို့သွားရောက်၍ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရှင်သန်ရုန်းကန်နေကြရသည်။

စင်ကာပူတွင် စားသောက်ဆိုင်များသို့ရောက်လျှင် မြန်မာဘာသာစကားဖြင့် အစားအသောက်များမှာနိုင်သည်အထိ မြန်မာဝန်ထမ်းများကိုတွေ့ရသည်။ ထိုအချက်မှာ စစ်အာဏာရှင်စနစ်ကြောင့် လူသားအရင်းအမြစ်ဆုံးရှုံးမှု၊ ဦးနှောက်ယိုစီးမှုကို မီးမောင်းထိုးပြနေသည်။ 

သို့သော် အရပ်သားအရေခြုံ ဦးမင်းအောင်လှိုင်၏ စစ်အစိုးရအဖွဲ့သည် ပြည်ပနိုင်ငံအသီးသီးသို့ ရောက်နေသူများကို လက်လှမ်းမီသမျှ အစွမ်းကုန်တင်းကျပ်လျက်ရှိသဖြင့် နိုင်ငံတကာရောက် မြန်မာများ၏ မွေးရပ်မြေသို့ပြန်ရန်ခရီးမှာ အခက်အခဲဆုံးဖြစ်လာသည်။ 


ရုံးပိတ်ရက်တွင်ပင်နီဆူလာပလာဇာအနီးလမ်းမဘေးပလက်ဖောင်းပေါ်တွင်ဝိုင်းဖွဲ့တွေ့ဆုံကြသောစင်ကာပူရောက်မြန်မာများကို၂၀၂၆ခုနှစ်ဩဂုတ်လအတွင်းတွေ့ရစဉ်။ (ဓာတ်ပုံ- အောင်နိုင်/ Myanmar Now) 

ပိုက်ဆံရှိလျှင် ပြည်ပနိုင်ငံများသို့ သွားရောက်ရန် သတ်မှတ်ချက်များအတိုင်း စီစဉ်နိုင်သော်လည်း မွေးရပ်မြေပြန်ရန်အတွက် ခက်ခဲသောလုပ်ငန်းစဉ်အဆင့်ဆင့်ကျော်ဖြတ်ရသည်။ 

ပြည်ပရောက် မြန်မာအလုပ်သမားများအနေဖြင့် ကိုယ့်မွေးရပ်တိုင်းပြည်သို့ ပြန်ရာတွင် မြန်မာသံရုံး၏ ခွင့်ထောက်ခံစာ၊ ဝင်ငွေခွန်နှင့် လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းလွှဲပြောင်းပြီးကြောင်းအထောက်အထား၊ ပြည်ပအလုပ်သမားသက်သေခံကတ်ပြား(OWIC) ကတ်စသည်တို့ကို ပြသရပြီး ရန်ကုန်လေဆိပ်၌ စစ်တပ်လက်အောက်ခံဝန်ထမ်းများ၏ အကျပ်ကိုင်ငွေညှစ်မှုများကိုလည်းကျော်ဖြတ်ကြရသည်။

ထို့ကြောင့် စင်ကာပူရောက်မြန်မာများအတွက် ပင်နီဆူလာပလာဇာမှာ ရိုးရိုးဈေးဝယ်စင်တာမဟုတ်ဘဲ စစ်အာဏာသိမ်းထားသောတိုင်းပြည်မှ ထွက်ခွာလာခဲ့ပြီး တိုင်းတပါးတွင် အခက်အခဲကိုရင်ဆိုင်နေသည့် မြန်မာတိုင်းရင်းသားများ၏ အချင်းချင်း မှီခိုရာ၊ အိမ်လွမ်းစိတ်ကို အစားအသောက်နှင့် စကားသံများဖြင့် ခေတ္တကုစားရာနေရာအဖြစ် အဓိပ္ပာယ်ဆောင်နေကြောင်း စင်ကာပူတွင် နေထိုင်နေသည်မှာ နှစ်ပေါင်း ၂၀ ကျော်ရှိပြီဖြစ်သည့် မမေကျော်စိုးညွှန့်က Myanmar Now ကို ပြောသည်။ 

အသက် ၅၄ နှစ်အရွယ် မမေကျော်စိုးညွှန့်က စစ်အာဏာသိမ်းမှုကို အပြင်းအထန်ဆန့်ကျင်သူဖြစ်ပြီး နွေဦးတော်လှန်ရေးတွင် ရန်ပုံငွေထောက်ပံ့ကူညီရန် ဖွင့်လှစ်ထားသည့် ရေချမ်းစင်ဆိုင်ကို ဦးဆောင်သူလည်းဖြစ်သည်။

မွေးရပ်တိုင်းပြည်က ဖိအားများအပြင် စင်ကာပူတွင် ရင်ဆိုင်ကြရသည့် လုပ်ငန်းခွင်ဖိအားများကြောင့် အိမ်လွမ်းစိတ်ကို ဖြေဖျောက်ရန် ထိုပလာဇာသည် အလွန်အရေးကြီးသည့် နေရာတစ်ခုဖြစ်ကြောင်းလည်း သူက ဆိုသည်။ 

“တကယ်အလုပ်လုပ်တဲ့သူတိုင်းက ဦးနှောက်ကြီး အခွံကျန်အောင်ညှစ်ထုတ်ခံရတာ။ ရုံးမှာဆိုလည်း ရုံးမှာမို့လို့ပေါ့နော်။ အိမ်မှာဆိုလည်း (အိမ်အကူလုပ်သူများအတွက်) သူများနဲ့အတူနေရတဲ့ ဒုက္ခရှိတယ်။ ကောင်းနေရင်တော်သေးတယ်။ တူတူနေရင် ကိုယ့်မိသားစုတစုတည်းတောင် အဆင်မပြေကြဘူး။ အဲ့ဒီဟာတွေ ပြဿနာတွေအများကြီးကြားမှာ Survive (ရှင်သန်) ကြရတာ” ဟု သူကပြောသည်။

ထို့ကြောင့် အားလပ်ရက်ရချိန် ထိုပလာဇာသို့လာ၍ သူငယ်ချင်းအပေါင်းသင်းများဖြင့်တွေ့ဆုံကြသည်။ အိမ်အကူလုပ်သူများအတွက် ရှားရှားပါးပါးရသော အားလပ်ရပ်များတွင် မိသားစုများထံ ငွေလွှဲပို့ခြင်း၊ အဝတ်အစား၊ အစားအသောက်နှင့် လိုအပ်သော အသုံးအဆောင်များကို ဝယ်ခြမ်းကြသည်။ 

စင်စစ်အားဖြင့် ထိုပလာဇာရှိ မြန်မာစားသောက်ကုန်နှင့် ပစ္စည်းများမှာ ဆိုင်ခန်းငှားရမ်းခ၊ မြန်မာပြည်မှ တင်သွင်းရသည့် စရိတ်စကများကြောင့် ဈေးနှုန်းသိပ်မသေးလှပေ။ သို့သော်လည်း ကိုယ့်ရေကိုယ်မြေ၊ ကိုယ့်ရိုးရာအစားအသောက်များကို တမ်းတစိတ်ဖြင့် လာရောက်အားပေးကြခြင်းဖြစ်သည်ဟု ဆိုသည်။ 


ရုံးပိတ်ရက်တွင်ပင်နီဆူလာပလာဇာအနီးလမ်းမဘေးပလက်ဖောင်းပေါ်တွင်ဝိုင်းဖွဲ့တွေ့ဆုံကြသောစင်ကာပူရောက်မြန်မာများကို၂၀၂၆ခုနှစ်ဩဂုတ်လအတွင်းတွေ့ရစဉ်။ (ဓာတ်ပုံ အောင်နိုင်/ Myanmar Now) 

စနေ၊ တနင်္ဂနွေနှင့် အားလပ်ရက်များတွင် ထိုပလာဇာအနီးတဝိုက် လမ်းမဘေးပလက်ဖောင်းများ၌ ဝိုင်းဖွဲ့ထိုင် အစားသောက်များစားကြသည်။ စည်းကမ်းအလွန်တင်းကျပ်သော နိုင်ငံဖြစ်သော်လည်း ပင်နီဆူလာပလာဇာအနီးတဝိုက် ဘလူးတုဆောင်းဘောက်များဖြင့် မြန်မာသီချင်းသီဆိုမှုများကိုလည်း တွေ့မြင်ရသည်။ 

စင်ကာပူအစိုးရအနေဖြင့် ဥပဒေကြောင်းအရ တားမြစ်ရန်လိုအပ်ပါက အသိပေးညွှန်ကြားမည်ဖြစ်ပြီး အများပြည်သူအနှောင့်အယှက်မဖြစ်လျှင် ပြဿနာမရှိကြောင်း၊ တပြိုင်တည်းတွင် စင်ကာပူရောက် မြန်မာများ၏ ဖိအားများကိုလည်း ထည့်သွင်းစဉ်းစားပေးသည်ဟု ထင်မြင်ကြောင်း မမေကျော်စိုးညွှန့်က ဆိုသည်။

သို့သော် လိုအပ်သည်ထက်စည်းမကျော်ရန် လိုအပ်ကြောင်း သူက ဆိုသည်။

“ဒီလူတွေလာတဲ့အတွက် သူတို့မှာ ကောင်းတာလည်းရှိတယ်။ ဆိုးတာလည်းရှိတယ်။ ကောင်းတာက သူတို့နိုင်ငံမှာ လိုအပ်တဲ့နေရာတွေမှာ ဝိုင်းလုပ်ပေါ့လေ။ ဒီအလုပ်သမားတွေရဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိတယ်။ နိုင်ငံတစ်နိုင်ငံမှာ အလုပ်သမားမရှိရင်လည်းဘာမှလုပ်လို့မရဘူး။ အားလုံးက သူ့နိုင်ငံသားက အကုန်မလုပ်ချင်ဘူးလေ”ဟု သူက ဆက်ပြောသည်။ 

အာဏာရှင်စနစ်ကြောင့် ခေတ်ပျက်နေချိန် ခိုလှုံအလုပ်လုပ်ကိုင်ခွင့်အတွက် ကျေးဇူးတင်သည်ဟု သူက ပြောသည်။

သို့ရာတွင် အခြေအနေအရ အမိမြေကိုခွဲနေရသော်လည်း ကိုယ့်ရေကိုယ့်မြေကို လွမ်းဆွတ်စိတ်မှာ လူတိုင်းရင်ထဲ ကိန်းဝပ်နေပြီး အခွင့်အခါသင့်လျှင် အိမ်ပြန်မည့်အတွေးလည်းခေါင်းထဲရှိနေသည်ဟု စင်ကာပူရောက်မြန်မာအချို့က ဆိုသည်။ 

အာဏာမသိမ်းမီက စနေ၊ တနင်္ဂနွေရုံးပိတ်လျှင် အိမ်လွမ်းစိတ်ဖြင့် စင်ကာပူမှ နေ့ချင်းပြန်သူများပင် ရှိခဲ့သည်။ NLD အစိုးရအုပ်ချုပ်နေစဉ် ထိုစဉ်အချိန်က စင်ကာပူရောက်မြန်မာများအတွက် ကိုယ့်ဂုဏ် ကိုယ့်သိက္ခာဖြင့် လက်မထောင်နိုင်သော ကာလများဖြစ်ခဲ့သည်။ 

ယခုအချိန်တွင်မူ အာဏာရှင်စနစ်က အရာရာကို ပိတ်ဆို့ထားသည်။ 

အိမ်မပြန်နိုင်သေးသည့် စင်ကာပူရောက်မြန်မာတို့အတွက် ပင်နီဆူလာပလာဇာသည် အိမ်အဝေးမှ အိမ်တစ်ခုဖြစ်နေမည်ဟုဆိုလျှင် မှားမည်မဟုတ်ပေ။

ထိုနေရာသည် ရှားရှားပါးပါး ပိတ်ရက်များတွင် လာရောက်ဆုံစည်းကြသော အဓိကဆုံမှတ်ဖြစ်ပြီး တွေ့ကြဆုံကြ၊ စကားပြောကြ စားသောက်ကြနှင့် ခဏတာ ကိုယ်စိတ်နှစ်ပါး အမောဖြေစရာဖြစ်ကြောင်း မငုဝါက ဆိုသည်။ 

ဖိအားများကြားကပင် ပင်နီဆူလာကို အကြောင်းပြု၍ ဖူးစာဆုံကြသော အတွဲများပင်ရှိကြောင်း သူက ယခုကဲ့သို့ ဆိုလိုက်သည်။

“အဲဒီမှာတွေ့ပြီး ကြိုက်ကြပြီး မင်္ဂလာဆောင်ကြသူတွေ အသိထဲမှာတောင်ရှိတယ်။ ပင်နီဆူလာ ဖူးစာပေါ့ဗျာ”

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles