အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရုရှားအကူအညီဖြင့် နျူကလီယားဓာတ်ပေါင်းဖိုတည်ဆောက်မှု လာမည့်နှစ် စတင်မည် 

လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ခေါင်းစဉ်ဖြင့် ရုရှားအစိုးရပိုင် နျူကလီယားကော်ပိုရေးရှင်း Rosatom  က တည်ဆောက်ပေးမည့် နျူကလီယားဓာတ်ပေါင်းဖိုလုပ်ငန်းသည် လာမည့်နှစ်အတွင်း စတင်နိုင်ရန် ကြိုးပမ်းနေသည်။

မြန်မာစစ်အုပ်စု၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် ရည်ရွယ်သည် ဆိုသည့် နျူကလီယား ဓာတ်ပေါင်းဖိုတည်ဆောက်ရေးလုပ်ငန်းများကို ရုရှားအကူအညီဖြင့် လာမည့်နှစ်အတွင်း စတင်မည်ဟု သိရသည်။

ရုရှားအစိုးရပိုင် နျူကလီယား ကော်ပိုရေးရှင်း Rosatomနှင့် ယမန်နှစ်ကတည်းက သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ဆောက်လုပ်မည့်မြေနေရာအတွက် တိုင်းတာရေးနှင့် ကနဦးစစ်ဆေးမှု စာချုပ်တစ်ခုကို ယခုနှစ်ကုန်တွင် လက်မှတ်ရေးထိုးရန် ရှိနေသည်။ အဆိုပါ လုပ်ငန်းများကို၂၀၂၇ ခုနှစ်တွင် စတင်မည်ဟု World Nuclear News (WNN) က ယခုလ ၂၅ ရက်တွင် ဖော်ပြထားသည်။

Rosatom ၏ ဌာနတွင်း ဖြန့်ဝေသည့် Strana Rosatom စာစောင်တွင်လည်း Rosatom ညွှန်ကြားရေးမှူးချုပ် Alexei Likhachev ၏ ပြောကြားချက်ကို ကိုးကား၍ “ ယခုအခါ နှစ်ဖက်သဘောတူညီချက် လက်မှတ်ရေးထိုးထားပြီးဖြစ်၍ ပြည့်စုံသော စာချုပ် မူဘောင်များရရှိထားပြီဖြစ်ရာ မကြာမီ လုပ်ငန်းခွင်အတွင်း စတင်ဝင်ရောက်တော့မည် ဖြစ်သည်”ဟု ထည့်သွင်းဖော်ပြထားသည်။

၂၀၂၅ ခုနှစ် မတ်လက စစ်ခေါင်းဆောင် ရုရှားနိုင်ငံသို့ရောက်ရှိခဲ့စဉ် ထိုစီမံကိန်းအတွက် မူဝါဒဆိုင်ရာ နှစ်ဖက်သဘောတူညီချက် (Intergovernmental Agreement) ကို လက်မှတ်ရေးထိုးခဲ့သည်။

ထို့နောက် စက်တင်ဘာလ ၂၆ ရက်တွင် စစ်ခေါင်းဆောင်က ရုရှားသို့ ထပ်မံရောက်ရှိစဉ် Rosatom မှ ညွှန်ကြားရေးမှူးချုပ် Alexey Likhachev နှင့် တွေ့ဆုံခဲ့ပြီး နျူကလီယားစွမ်းအင် ငြိမ်းချမ်းစွာ အသုံးပြုရေး သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်ဟု The Global News Light of Myanmar သတင်းတွင် ဖော်ပြခဲ့သည်။ ထိုစဉ်က မြန်မာဘက်မှ သိပ္ပံနှင့် နည်းပညာဝန်ကြီးနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးတို့လည်း လိုက်ပါလာသည်။

ဆောက်လုပ်ရေးမစမီ မြေပြင်တိုင်းတာရေးနှင့် အင်ဂျင်နီယာဆိုင်ရာ ကနဦးစစ်ဆေးဆန်းစစ်မှု (Initial Engineering Surveys) စာချုပ်ကို ယခုနှစ်အကုန် လက်မှတ် ရေးထိုးရန် ပြင်ဆင်နေပြီး ၂၀၂၇ ခုနှစ်တွင်  ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ရန် Rosatom ဘက်က မျှော်မှန်းထားသည်ဟု Rosatom ၏ သတင်းထုတ်ပြန်ရေးဌာနဖြစ်သော Atom Media ကလည်း ယမန်နှစ် စက်တင်ဘာလ ၂၆ ရက်တွင် ထုတ်ပြန် ထားသည်။

ရုရှားနှင့် စစ်အုပ်စု နှစ်ဖက်သဘောတူညီချက်လက်မှတ်ရေးထိုးထားမှုအရ  မြန်မာနိုင်ငံတွင် ဓာတ်ပေါင်းဖိုငယ်နှစ်ခု (Small Modular Reactors-SMR) ပါဝင်သည့် ၁၁၀ မဂ္ဂါဝပ် စီမံကိန်း တစ်ခု တည်ဆောက်မည်ဖြစ်ကာ ၃၃၀ မဂ္ဂါဝပ် အထိ တိုးချဲ့နိုင်ရန် ရည်မှန်းထားသည်ဟု WNN အဆိုအရ သိရသည်။

အဆိုပါ စီမံကိန်းတွင် အသုံးပြုမည့်  ဓာတ်ပေါင်းဖိုအမျိုးအစားမှာ နျူကလီယား ရေခဲခွဲသင်္ဘော (Nuclear Icebreaker Fleet) များ၌ အသုံးပြုနေသည့် RITM-200 အမျိုးအစားကို အခြေခံ၍ ပြုပြင်ထားသော RITM-200N ရေဖိအားပေး ဓာတ်ပေါင်းဖို (Pressurised Water Reactor) များ ဖြစ်ကာ ၅၅ မဂ္ဂါဝပ်ရှိ ဓာတ်ပေါင်းဖိုတစ်ခုလျှင် ၅၅ မဂ္ဂါဝပ် ထွက်ရှိမည် ဖြစ်သည်။ 

SMR စက်ရုံ၏ ပုံစံကို ပြသထားစဉ်။  (ဓာတ်ပုံ- Strana Rosatom)

WNN သည် လန်ဒန်အခြေစိုက် ကမ္ဘာ့နျူကလီယားအသင်း (World Nuclear Association – WNA) မှ တရားဝင် ထုတ်ဝေသည့် သတင်း Website တစ်ခုဖြစ်ပြီး နျူကလီယားစွမ်းအင်၊ စက်မှုလုပ်ငန်းနှင့် နည်းပညာဆိုင်ရာသတင်းများကို အထူးပြုဖော်ပြလေ့ရှိသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ယခုလအတွင်း စစ်ခေါင်းဆောင်၏ ရုရှား၊ ဘယ်လာရုစ်ခရီးစဉ်တို့နှင့်ပတ်သက်၍  ဩဂုတ်လ ၂၄ ရက်က မီဒီယာများနှင့်တွေ့ဆုံစဉ် နျူကလီယား ဓာတ်ပေါင်းဖိုတည်ဆောက်ရေး ရုရှားသမ္မတနှင့် ဆွေးနွေးခဲ့ကြောင်း ပြောထားသည်။ 

“ ဆွေးနွေးခဲ့တာတော့ ဟုတ်ပါတယ်။ ဒါကလည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့အတွက် ဖြစ်ပါတယ်။ ကျွန်မ သိသလောက်တော့ Mini ပါ” ဟု ၎င်းက ပြောသည်။ 

စစ်တပ်ဝါဒဖြန့်သူများ၏ အဆိုအရ ထိုစီမံကိန်းကို စစ်ဗိုလ်ချုပ်ကြီးများ အခြေစိုက်ရာ နေပြည်တော် ပေါင်းလောင်းဆည်အနီး၌ တည်ဆောက်မည်ဖြစ်ကြောင်း ယမန်နေ့က ဖော်ပြနေကြသည်။ 

နေပြည်တော် ဇေယျာသီရိမြို့နယ် ပျဉ်းမနားမြို့အရှေ့ဘက် ၁၃ မိုင်ခန့်အကွာ ပေါင်းလောင်းမြစ် ဝန်းကျင်တွင် ပေါင်းလောင်းဆည်နှင့် အထက်ပေါင်းလောင်း၊ အောက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ရှိသည်။ 

စစ်ခေါင်းဆောင်၏ ယခုလ ရုရှားခရီးစဉ်အတွင်း  စီးပွားရေး၊ ကုန်သွယ်မှု၊ ရင်းနှီး မြှုပ်နှံမှု၊ ပညာရေး ကျန်းမာရေး၊ အာကာသနှင့် နည်းပညာ၊ သိပ္ပံနှင့်နည်းပညာ၊ စွမ်းအင် စသော ကဏ္ဍများကို အသေးစိတ် ဆွေးနွေးနိုင်ခဲ့ကြောင်း၊ G to G MoU ၁၂ ခု ရေးထိုးနိုင်ခဲ့ကြောင်း စစ်တပ်က ထုတ်ပြန်ထားသည်။

Strana Rosatom စာစောင်တွင် မြန်မာနိုင်ငံ၏ နျူကလီယားစွမ်းအင်ကဏ္ဍအတွက် လူ့စွမ်းအားအရင်း အမြစ်များ လေ့ကျင့်ပေးနေကြောင်း၊ ရုရှားနိုင်ငံ၌လည်း မြန်မာကျောင်းသား ၉၁ ဦး နျူကလီယားနှင့် ဆက်စပ်နယ်ပယ်များကို သင်ယူလေ့လာနေကြောင်းနှင့် ရုရှားနည်းပြဆရာများကလည်း မြန်မာနိုင်ငံတွင် ဟောပြောပွဲများနှင့် စာမေးပွဲများကို ပုံမှန်ကျင်းပပေးလျက်ရှိကြောင်း ဖော်ပြထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles