အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်ထံ ဖုန်းသုံးစွဲသူအချက်အလက်များလွှဲပြောင်းမှု၊ ပိတ်ဆို့အရေးယူမှုများ ချိုးဖောက်မှုတိုင်ကြားချက်များအတွက်Telenor ကို စုံစမ်းစစ်ဆေးပြီ

စစ်တပ်ထံ ဖုန်းသုံးစွဲသူအချက်အလက်များလွှဲပြောင်းမှုသည် လူသားမျိုးနွယ်အပေါ်ကိုကျူးလွန်သည့် ရာဇဝတ်မှုများတွင် ပူးပေါင်းပါဝင်ရာရောက်ကြောင်း သံသယဖြင့် နော်ဝေရဲတပ်ဖွဲ့က တယ်လီနောကို စုံစမ်းစစ်ဆေးမှု စတင်လိုက်သည်။ ထို့အပြင် ပိတ်ဆို့အရေးယူမှုဆိုင်ရာ ဥပဒေ ချိုးဖောက်မှု စွပ်စွဲချက်ကိုပါ စုံစမ်းစစ်ဆေးနေကြောင်း နော်ဝေရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်အာဏာသိမ်းပြီးနောက် တယ်လီနောမြန်မာဆက်သွယ်ရေးလုပ်ငန်းကို လွဲပြောင်းရောင်းချရာတွင် ဖုန်းသုံးစွဲသူ အချက်အလက်မှတ်တမ်းများကို စစ်တပ်ထံလွှဲပြောင်းပေးမှုနှင့် ပိတ်ဆို့အရေးယူမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်မှု စွပ်စွဲချက်များဖြင့် တိုင်ကြားခံရသော တယ်လီနော(Telenor) ကုမ္ပဏီကို နော်ဝေအာဏာပိုင်များက စုံစမ်းစစ်ဆေးမှုစတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

စစ်တပ်ထံ ဖုန်းသုံးစွဲသူအချက်အလက်များလွှဲပြောင်းမှုသည် လူသားမျိုးနွယ်အပေါ်ကိုကျူးလွန်သည့် ရာဇဝတ်မှုများတွင် ပူးပေါင်းပါဝင်ရာရောက်ကြောင်း သံသယဖြင် နော်ဝေရဲတပ်ဖွဲ့ကတယ်လီနောကို  စုံစမ်းစစ်ဆေးမှု စတင်လိုက်သည်။ ထို့အပြင်ပိတ်ဆို့အရေးယူမှုဆိုင်ရာ ဥပဒေ ချိုးဖောက်မှု စွပ်စွဲချက်ကိုပါ စုံစမ်းစစ်ဆေးနေကြောင်း နော်ဝေရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်တပ်အာဏာသိမ်းထားသည့်ကာလ ၂၀၂၂ ခုနှစ် မတ်လတွင် ၎င်း၏ ဆက်သွယ်ရေးလုပ်ငန်း(Telenor Myanmar Ltd) ကို အပြီးသတ်လွှဲပြောင်းရောင်းချ၍ မြန်မာနိုင်ငံမှ ထွက်ခွာခဲ့သည်။ 

ထိုသို့ထွက်ခွာရာတွင် တယ်လီနောသည် ထိုစဉ်အချိန်က အရပ်သားများအပေါ်ကို ဖမ်းဆီးနှိပ်စက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်နေသည့် စစ်တပ်ထံသို့ ၎င်းတို့ကွန်ရက်သုံးစွဲသူများ၏ ဖုန်းခေါ်ဆိုမှုမှတ်တမ်းနှင့် အချက်လက်များကို လွှဲပြောင်းပေးခဲ့သလို နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်မပါဘဲ ပိတ်ဆို့ထားသော စောင့်ကြည့်ထောက်လှမ်းရေးကိရိယာများကို လွှဲပြောင်းခဲ့သည်ဟု စွပ်စွဲခံထားရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုစွပ်စွဲချက်များအတွက် ယနေ့တွင် အော်စလိုတရားရုံးဝရမ်းဖြင့် တယ်လီနောရုံးချုပ်ကို ဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့ပြီး ထိုဖြစ်စဉ်နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ နော်ဝေစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

တယ်လီနောမြန်မာဆက်သွယ်ရေးလုပ်ငန်းဟောင်းနှင့်ပတ်သက်၍ အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုစတင်နေကြာင်း၊ တရားစွဲဆိုသော အကြောင်းကြားစာလက်ခံရရှိထားကြောင်းကို တယ်လီနောကုမ္ပဏီက  အော့စလို စတော့အိတ်ချိန်းထံတင်ပြသည့် အကြောင်းကြားစာတွင် ဖော်ပြထားသည်။ 

နော်ဝေအာဏာပိုင်များ၏ ယခုစုံစမ်းစစ်ဆေးမှုဖြစ်စဉ်သည် ပြီးခဲ့သည့်နှစ်က တယ်လီနောကုမ္ပဏီကို နော်ဝေအခြေစိုက် ဥပဒေရေးရာအဖွဲ့အစည်း Simonsen Vogt Wiig က မြန်မာ အရပ်ဘက်အဖွဲ့အစည်း နှစ်ခုဖြစ်သည့် Defend Myanmar Democracy၊ Myanmar Internet Project နှင့် မသဇင်ညွန့်အောင်တို့ကို ကိုယ်စားပြုတရားစွဲဆိုသွားသည့် နောက်ဆက်တွဲဖြစ်စဉ်လည်းဖြစ်သည်။

ထိုတရားစွဲဆိုမှုမတိုင်မီ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင်  တယ်လီနောသည် နော်ဝေအစိုးရ၏ မြန်မာနှင့်ပတ်သက်၍ ချမှတ်ထားသည့် စည်းမျဉ်းများကို ချိုးဖောက်သည်ဟုဆိုကာ နော်ဝေရဲတပ်ဖွဲ့ထံ Justice For Myanmar(JFM) နှင့် ICJ Norway တို့က တိုင်ကြားခဲ့သည်။

ယခုတရားစွဲဆိုမှုတွင် ပါဝင်သည့် Myanmar Internet Project အဖွဲ့၏ ဒီဂျစ်တယ်အခွင့်အရေး လေ့လာသူ ကိုသစ်ဉာဏ်က တယ်လီနောကို နော်ဝေအာဏာပိုင်များက စုံစမ်းစစ်ဆေမှုနှင့်ပတ်သက်၍ သိရှိထားပြီး တိုင်ကြားမှု၏ နောက်ဆက်တွဲတိုးတက်မှုဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

”လူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေက တအားအရေးကြီးတယ်။ အဲ့ဒီ ကိုယ်ရေးကိုယ်တာ အချက်လက်တွေကို ဒီလိုမျိုးအင်အားရှိတဲ့သူတွေပေါ့နော်။ စီးပွားရေးလုပ်ငန်းသမားတွေ၊ တခြား အင်အားရှိတဲ့သူတွေအနေနဲ့ ဒါတွေအားလုံးကို တစ်ဦးချင်ရဲ့ privacy (လျှို့ဝှက်ကိုယ်ရေးအချက်အလက် ) အတွက်ကို လေးစားလိုက်နာဖို့ လိုအပ်တယ်ပေါ့။ လူ့အခွင့်အရေးဆိုင်ရာစံနှုန်းတွေနဲ့ သွေဖည်ပြီးတော့ ဘယ်အာဏာပိုင်နဲ့ ဘယ်လိုပါဝါရှိတဲ့သူတွေဖြစ်ပါစေပေါ့နော်။ လွယ်လင့်တကူလွှဲပြောင်းတဲ့ကိစ္စမျိုး၊ တစုံတခုကြောင့် လုပ်တဲ့ကိစ္စမျိုးတွေဟာ မဖြစ်သင့်ဘူး” ဟု သူက ပြောသည်။ 

သို့သော် ထိုအခြေအနေနှင့် စံနှုန်းများကို တယ်လီနောဘက်က လိုက်နာရန် ပျက်ကွက်ခဲ့သဖြင့် ထိခိုက်နစ်နာသူများရှိခဲ့ပြီး ၎င်းတို့အတွက် တာဝန်ယူမှုတာဝန်ခံမှုရှိစေရန် တိုင်ကြားခဲ့ခြင်းဖြစ်ကာ ယခုကဲ့သို့ နော်ဝေအာဏာပိုင်များက စတင်စုံစမ်းစစ်ဆေးခြင်းမှာ တိုးတက်မှုဖြစ်ကြောင်း ကိုသစ်ဉာဏ်က ဆိုသည်။

တယ်လီနောမြန်မာကို ရောင်းချစဉ်က အဆိုပါဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုသူ ၁၈ သန်းဝန်းကျင်ရှိပြီး လူပုဂ္ဂိုလ်ဆိုင်ရာအချက်အလက်များဖြစ်သည့် အမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်နံပါတ်၊ ဖုန်းခေါ်ဆိုမှုမှတ်တမ်း၊ တည်နေရာစသည့် အချက်အလက်များကို စစ်တပ်ထံ လွှဲပြောင်းပေးခဲ့ကြောင်း၊ တယ်လီနောသည် သုံးစွဲသူများအပေါ်ကို အန္တရာယ်ကျရောက်စေနိုင်ကြောင်း သိလျက်နှင့် အချက်အလက်များပေးခဲ့သည်ဟု ပြီးခဲ့သည့်နှစ် တရားစွဲဆိုစဉ်က ထုတ်ပြန်ခဲ့သည်။ 

အာဏာသိမ်းစစ်တပ်၏ မတရားသဖြင့် ကြိုးပေးစီရင်ခြင်းခံခဲ့ရသည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်၏ ဖုန်းမှတ်တမ်းနှင့် အချက်အလက်များကိုလည်း ၎င်းဖမ်းဆီးမခံရမီ သီတင်းပတ် အနည်းငယ်အတွင်း  တယ်လီနောက စစ်တပ်ထံလွှဲပြောင်းပေးခဲ့ခြင်းကြောင့် တရားစွဲဆိုသွားရန် စီစဉ်ကြောင်း ဦးဖြိုးဇေယျာသော်၏ ဇနီးဖြစ်သူ ဒေါ်သဇင်ညွန့်အောင်က သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်အကြာ ၂၀၂၂ ခုနှစ် မတ်လအတွင်း နော်ဝေနိုင်ငံအခြေစိုက် တယ်လီနော လုပ်ငန်းစုထံမှ တယ်လီနောမြန်မာကို လက်ဘနွန် သန်းကြွယ်သူဌေးပိုင် M1 Group နှင့် စစ်တပ်နှင့် ဆက်နွှယ်သော စီးပွားရေးလုပ်ငန်းရှင် ဦးသိန်းဝင်းဇော်၏ ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုတို့ ပူးပေါင်းထူထောင် ထားသည့် Investcom ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် လွှဲပြောင်း ဝယ်ယူခဲ့သည်။

၎င်းတို့ဝယ်ယူပြီးနောက် တယ်လီနောမြန်မာမှ ATOM Myanmar သို့ အမည်ပြောင်းလဲခဲ့ပြီး လက်ရှိအချိန်အထိ ထိုအမည်ကို အသုံးပြုနေသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles