ဇူလိုင်-၂၇၊ ၂၀၂၅။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၌ ညအိပ်ရပ်နားခဲ့သည့် စစ်ကောင်စီ၏စစ်သင်္ဘောအုပ်စုသည် ဧရာဝတီမြစ်အတိုင်း အထက်သို့ ဆက်လက်ထွက်ခွာရာ ရွှေကူမြို့နယ် ငဘတ်ဝကျေးရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။
ဇူလိုင် ၂၇ရက်တွင် ရွှေကူမှ ဗန်းမော်မြို့သို့ ဦးတည်ထွက်ခွာသည့် စစ်သင်္ဘောအုပ်စုအပြင် ခြေလျင် စစ်ကြောင်းကိုပါ ငဘတ်ဝကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခံရပြီး ရေကြောင်း၊ ကုန်းကြောင်း နောက်ပြန်ဆုတ်သွားသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီ စစ်ကြောင်းသည် စစ်သင်္ဘောအုပ်စုလုံခြုံရေးအတွက် မြစ်ကမ်းဘေးကပ်လိုက်လာခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

Public Service Announcement
အခြား စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း “သင်္ဘောတွေကတော့ မြစ်ကျဉ်းအဝင်ပေါ့ ငဘတ်၀ မှာ အဲဒီမှာ ရပ်နေတာ။ ဆက်တိုးလို့မရဘူး။ ပြီးတော့ ကုန်းလမ်းကနေ သူတို့က အင်အားသုံးလေးရာလောက်နဲ့ ထိုးစစ်ဆင် တက်လာတာ အဲဒါလည်း ငဘတ်၀ အနားမှာ ဖြတ်တိုက်ခံရတော့ သူတို့တော်တော်အထိနာပြီးမှ ပြန်ဆုတ်နေပြီ”ဟု ပြောသည်။
စစ်ကောင်စီ၏ စစ်သင်္ဘော ၁၄စီးသည် ယနေ့ (ဇူလိုင် ၂၇ရက်) နေ့လည်တွင် ရွှေကူမြို့မှ ဆန်တက်လာခြင်းဖြစ်သည်ဟု ဆိုသည်။
“ဒါပေမဲ့ သူတို့ ဆက်တိုးလို့မရဘူး။ ငဘတ်ဝမှာ တင်ရပ်နေတာ။ ဒီ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ကုန်းလမ်းဘက်ကလည်း အင်အား ၃၀၀ကျော်လောက်နဲ့ ထိုးစစ်ဆင်တက်လာတာ။ မနေ့ကလည်း ဖြတ်တိုက်ခံရတယ်။ မနေ့ကလည်း အတော်အထိနာတယ်။ ဒီနေ့လည်း သူတို့ ဆက်တိုးလာတာ။ အဲဒါလည်း သူတို့ ဒီနေ့ တော်တော်အထိနာသွားတာ။ မနေ့ကတော့ ၁၇ယောက်လောက် သေတယ်လို့ ပြောတယ်။”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီသည် KIAက မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေသည့် ဗန်းမော်မြို့ကို ရေကြောင်းမှ စစ်အင်အား ခဲယမ်းရိက္ခာ ဖြည့်တင်းရန် ကြိုးပမ်းလာခြင်းဖြစ်သကဲ့သို့ KIAဘက်ကလည်း ယင်းသင်္ဘောအုပ်စုကို ဟန့်တားနိုင်ရန် ကြားဖြတ်တိုက်ခိုက်နေခြင်းဖြစ်သည်။
