နေ့သစ်/People’s Spring
ထိုင်းနိုင်ငံရောက်မြန်မာအချို့ ဇန်နဝါရီဒုတိယပါတ်မှာ အိမ်ရှင် ထိုင်းနိုင်ငံသားတချို့နဲ့ခိုက်ရန်ဖြစ်ပွားတာကစပြီးဆက်တိုက်ဆိုသလိုပြသာနာတွေဖြစ်ပွားခဲ့တာကြောင့် ထိုင်းရောက်မြန်မာတွေကြားထဲစိုးရိမ်မှုတွေမြင့်တက်လာပါတယ် ။ပြသာနာဖြစ်တဲ့မြန်မာအချို့ကို အကြောင်းပြုပြီး ထိုင်းနိုင်ငံသားအချို့ကြားမှာ မြန်မာတွေအပေါ် အမုန်းပွားလာတာကြောင့်ဖြစ်ပါတယ် ။ ဒီပြသာနာတွေဟာသွေးရိုးသားရိုးမဟုတ်ပဲ နောက်ကွယ်မှာ အာဏာသိမ်းစစ်အုပ်စုရဲ့လက်ပါနိုင်တယ်ဆိုတဲ့သုံးသပ်မှုတွေလည်း ရှိနေပါတယ် ။ ဒါကြောင့် အခုတပါတ်မှာ ထိုင်းရောက်မြန်မာအချို့ဖြစ်ခဲ့တဲ့ပြသာနာနဲ့ ထိုင်းရောက်မြန်မာတွေကြားစိုးရိမ်မှုတွေအကြောင်းပြောပြပါမယ်။
ပြသာနာအစက ဇန်နဝါရီ ၁၁ရက်က ထိုင်းနိုင်ငံ၊စမွတ်ပရာကန်ခရိုင်မှာ The One စားသောက်ဆိုင်ပို မြန်မာနိုင်ငံသားရဲ့ကားနဲ့ အစားအသောက်တွေအိမ်အရောက်ပို့ပေးတဲ Line man ကထိုင်းအလုပ်သမားတဦးရဲ့ ဆိုင်ကယ် မတော်တဆဖြစ်ခဲ့ပါတယ်။ ထိုင်းဒလီသမားက ဆိုင်ကယ်ဟွန်းတီးခဲ့လို့ မြန်မာနိုင်ငံသားက လက်ခလယ်ထောင်ပြပြီးခိုက်ရန်ဖြစ်ပွားပြီးဆိုင်ကိုလိုက်ခဲ့ဖို့ စိန်ခေါ်ခဲ့ပါတယ်။
ဆိုင်ကိုလိုက်လာတဲ့ ထိုင်းဒလီသမားနဲ့ သူငယ်ချင်း ၂ ဦး ကို စားသောက်ဆိုင်ထဲက မြန်မာတွေက အုပ်စုလိုက် တုတ်တွေနဲ့ ဆိုယ်ကယ်ကိုထွက်ရိုက်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ ထိုင်းလူမှုကွန်ရက်သုံးစွဲသူတွေကြား ပျံ့နှံ့ခဲ့ပါတယ်။ စမွတ်ပရာကန်ဟာဘန်ကောက်မြို့နဲ့ ၁၈ မိုင်ကျော်ပဲဝေးပြီးကားနဲ့ဆိုရင် မိနစ်ပိုင်းပဲမောင်းရပါတယ်။

Public Service Announcement
ဒီဖြစ်စဥ်အပေါ် အခွင့်ကောင်းယူပြီး ထိုင်းအမျိုးသားရေးအစွန်းရောက်အဖွဲ့ဖြစ်တဲ့ ပြည်သူ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကော်မတီ
(PDRC)က နှုတ်ခမ်းမွှေး(နာမည်ပြောင်)နဲ့အဖွဲ့သားတွေကပါဝင်လာပြီးလူမျိုးရေးပဋိပက္ခအဖြစ်လှုံ့ဆော်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ထိုင်းနိုင်ငံသားက မြန်မာလုပ်သား သတ်တဲ့ လူသတ်မှုကျူးလွန်တာမျိုး ၊မြန်မာလုပ်သားက ထိုင်းနိုင်ငံသားကိုသတ်တဲ့ လူသတ်မှုကျူးလွန်တာမျိုး ဖြစ်စဉ်တွေ ရှိခဲ့ပေမယ့် အခုလိုအုတ်အော်သောင်းနှင်းမဖြစ်ခဲ့ဘူးလို့ ထိုင်းရောက်မြန်မာလုပ်သားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။
နှုတ်ခမ်းမွှေးနဲ့အဖွဲ့က ဇန်နဝါရီ ၁၂ရက်မှာ မြန်မာလုပ်သားတွေ အလုပ်လုပ်တဲ့ဆိုင်ရှေ့ကိုလာပြီး အလုပ်သမားတွေကိုရှာပေးဖို့ ၊ဖမ်းဆီးအရေးယူဖို့ လူစုလူဝေး နဲ့ ထိုင်းရဲတပ်ဖွဲ့ကို တောင်းဆိုပါတယ်။ ထိုင်းရောက်မြန်မာမုန်းတီးရေးကိုလည်း လှုံံ့ဆော်ခဲ့ပါတယ်။
အဲဒီလို လှုံ့ဆော်မှုတွေလုပ်ပြီး တစ်ရက်အကြာ ဇန်နဝါရီ ၁၃ရက်မှာပဲ ထိုင်းရောက်မြန်မာလုပ်သားတချို့ရဲ့ ရမ်းကားမှုတွေ၊ ထိုင်းရောက်မြန်မာအချို့ရိုက်နှက်ခံရမှုတွေဟာ တစ်ရက်တည်း ဖြစ်ရပ်သုံးခုရှိခဲ့ပါတယ်။
ဇန်နဝါရီ ၁၃ရက်မှာ ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်မှာ ထိုင်းအမျိုးသမီးနဲ့ ယာဉ်တိုက်မှုဖြစ်တဲ့ မြန်မာလူငယ်ကို Grab မောင်းသူတွေက ဝိုင်းရိုက်နှက်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။ယာဉ်တိုက်မှုဖြစ်တဲ့ နေရာကို ထိုင်းGrab မောင်းသူတွေရောက်လာပြီး ဝိုင်းရိုက်နှက်ခဲ့တာဖြစ်ပါတယ်။
နွန်ထဘူရီခရိုင်က အသက်(၂၀)အရွယ် မြန်မာလူငယ် ဝိုင်းဝန်းရိုက်နှက်ခံရတဲ့ဖြစ်စဉ်ဟာ စမွတ်ပရာကန်ခရိုင်မှာဖြစ်တဲ့ စားသောက်ဆိုင်ဖြစ်စဉ်ရဲ့ လူမျိုးရေးပဋိပက္ခလှုံ့ဆော်မှု နောက်ဆက်တွဲလို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီသူတွေက သုံးသပ်ကြပါတယ်။
ဒါအပြင်ဇန်နဝါရီ ၁၃ ရက် မနက် ၃နာရီကျော်မှာ ထိုင်းနိုင်ငံ လာ့ငူးမြို့၊ ရပ်ကွက်(၆)က လမ်းမပေါ်မှာရှိတဲ့ ကားနဲ့ဆိုင်ကယ်တွေကို ဆေးကြောင်နေတဲ့ မြန်မာတစ်ဦးက လိုက်လံရိုက်နှက် ဖျက်ဆီးခဲ့တဲ့ဖြစ်စဥ်ပေါ်ပေါက်လာပြန်ပါတယ်။လူတွေအိပ်မောကျနေတဲ့အချိန်မှာ ကားမဘေးမှာရပ်ထားတဲ့ ကားတွေနဲ့ ဆိုင်ကယ် ၂၀နီးပါးကို မူးယစ်နေတဲ့မြန်မာတဦးကဖျက်ဆီးခဲ့တာပါ။
ဒါ့တင်အကသေးပဲ ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာလည်း မြန်မာတွေ အချင်းချင်း အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားပြီး ဓားနဲ့ထိုးရမ်းကားမှု ဖြစ်ခဲ့ပြန်ပါတယ်။ချွန်ဘူရီခရိုင်၊ ဖန်ထောင်မြို့၊ ဘန့်ကောင်လမ်းက Seven Eleven စတိုးဆိုင်ရှေ့မှာ ဇန်ဝါရီ ၁၃ ရက် ညပိုင်းက ဖြစ်ပွားခဲ့တာပါ။အုက်စုဖွဲ့ခိုက်ရန်ဖြစ်ပွားမှုမှာတုတ်တွေ ၊ဓါးတွေပါ အသုံးပြုခဲ့တာကြောင့် ဒဏ်ရာရသူအချို့လည်းရှိခဲ့ပါတယ်။
ဆက်တိုက်ဆိုသလိုဖြစ်ခဲ့တဲ့ ပြသာနာတွေကြောင့်ထိုင်းနိုင်ငံလူမှုကွန်ယက်မှာ မြန်မာတွေအပေါ် ဝေဖန်မှုတွေ ၊အမုန်းစကားပြောမှုတွေ မြင့်တက်လာပါတယ် ။ဒါအပြင်ပြသာနာရှာသူတွေကိုထောင်ချပြီး မြန်မာနိုင်ငံကိုနှင်ချဖို့ပြောဆိုမှုတွေပိုများလာပါတယ် ။
Khaosod သတင်းဌာနရဲ့ ထိုင်းဘာသာနဲ့ဖော်ပြတဲ့ဖေစ်ဘွခ်က မြန်မာသတင်းတွေရဲ့အောက်မှာ မြန်မာနိုင်ငံသားတွေအပေါ်ရေးသားတဲ့မှတ်ချက်တွေကိုကြည့်ရင် ထိုင်းနိုင်ငံသားတွေရဲ့အခုဖြစ်ရပ်တွေအပေါ် စိတ်ဆိုးဒေါသထွက်နေတာကိုအတိုင်းသားတွေ့ရပါတယ် ။
“ အပြစ်ပေးရင် အပြင်းထန်ဆုံး အရေးယူပေးပါ။ တခြားမြန်မာတွေ နောက်နောင် ထိုင်းလူမျိုးတွေအပေါ် ဒါမျိုး ထပ်မလုပ်ရဲအောင် နမူနာပြ (စံပြ) အနေနဲ့ ထိထိရောက်ရောက် အပြတ်အသတ် အရေးယူပေးပါ။” လို့ ထိုင်းနိုင်ငံသားတဦးကမှတ်ချက်ရေးသားပါတယ် ။
အခြားထိုင်းနိူင်ငံသားတဦးကလည်း line man တွေနဲ့ခိုက်ရန်ဖြစ်ပွားပြီး ပြန်တောင်းပန်တဲ့မြန်မာတွေနဲ့သတင်းအောက်မှာ “ အပြစ်ရှိရင် ထောင်ချမယ်၊ ပြစ်ဒဏ်စေ့ရင် နာမည်ပျက်စာရင်း (Blacklist) သွင်းပြီး ဒီနိုင်ငံထဲကို တစ်သက်လုံး ပြန်ဝင်ခွင့်မပေးဘဲ နှင်ထုတ်မယ်။ ခင်ဗျားတို့ဟာ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိတဲ့သူတွေပဲ” လို့မှတ်ချက်ပြုပါတယ် ။
“ ဘယ်တော့မှ ခွင့်မလွှတ်ဘူး၊ မြန်မာပြည်ကိုပဲ ပြန်သွားကြတော့” လို့ထိုင်းနိုင်ငံသားတဦးကလည်းပြောပါတယ်။
“ ငါတို့မြေပေါ်ကနေ အခုချက်ချင်း ထွက်သွားကြ။ ဥပဒေအရ အပြတ်အသတ် အရေးယူမယ်၊ ပြီးရင် ပြည်နှင်ဒဏ်ပေးမယ်၊ ဒီနိုင်ငံကို တစ်သက်လုံး ပြန်ဝင်ခွင့် ပိတ်ပင်မယ်။” လို့ ထိုင်းနိုင်ငံသားတဦးကလည်းစားသောက်ဆိုင်ကရန်ဖြစ်တဲ့မြန်မာတွေ မှတ်ချက်ပြုပါတယ်၊
အခြားထိုင်းနိုင်ငံသားတဦးကလည်း မြန်မာတွေကိုလျော့ပြီးလာအိုလုပ်သားတွေပိုခေါ်ဖို့ အခုလိုမှတ်ချက်ပြုပါတယ် ။” မြန်မာလုပ်သားတွေကို အများကြီး လက်မခံသင့်ဘူး၊ ကောင်းတဲ့သူတွေကိုပဲ သေချာစိစစ်ပြီး လက်ခံသင့်တယ်။ လာအိုလုပ်သားတွေကို ပိုလက်ခံတာက ပိုကောင်းလိမ့်မယ်”
တကယ်တော့ထိုင်းနိုင်ငံသားတွေက ထိုင်းရောက်မြန်မာတွေကိုအမုန်းပွားပြီး အနေခက်အောင်လုပ်ချင်တာမှာ အာဏာသိမ်းမြန်မာစစ်တပ်ရဲ့ဆန္ဒဖြစ်ပါတယ် ။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းထိုင်ူနိုင်ငံကို မြန်မာနိုင်ငံသားသန်းပေါင်းများစွာရောက်ရှိလာပါတယ်။စစ်အာဏာရှင်ကိုတော်လှန်သူတွေ၊ကျောင်းတက်သူတွေ ၊အလုပ်လုပ်သူတွေ ၊စစ်မှူထမ်းရမှာစိုးလို့ထွက်ပြေးလာသူတွေစသဖြင့်သန်းနဲ့ချီရှိပါတယ်။ဒါကြောင့်ထိုင်းရောက်မြန်မာတွေထဲမှာ စစ်တပ်နဲ့နီးစပ်သူ ၊စစ်တပ်ထောက်ခံသူတချို့ရှိတဲ့တိုင် အများစုက စစ်တပ်ကိုမကြိုက်သူ ၊ဆန့်ကျင်တဲ့တော်လှန်သူတွေဖြစ်ပါတယ်။
ထိုင်းရောက်မြန်မာသန်းပေါင်းများစွာရှိပေမယ့်စစ်တပ်ရွေးကောက်ပွဲကိုမဲပေးသူ ရာဂဏန်းပဲရှိတာ ၊တော်လှန်ရေးရန်ပုံငွေ ထောက်ပံ့မှုအများအပြားရှိတာက ဒီအချက်ကိုသိသာစေပါတယ်။ ဒါကြောင့်လည်းစစ်တပ်က ထိုင်းရောက်မြန်မာတွေကို ဒုက္ခပေးဖို့ မကြာခဏ ကြံစည်ခဲ့တာလို့ ထိုင်းရောက်မြန်မာတွေကပြောပါတယ်။
ထိုင်းနိုင်ငံမှာ ထိုင်းနိုင်ငံသားနဲ့ မြန်မာတွေအကြား အမုန်းတရားကြီးထွားအောင် လှုံ့ဆော်တာနဲ့ လူမျိုးရေးပဋိပက္ခဖြစ်အောင် စစ်တပ်ကမြင်မြင်သာသာ စခဲ့တာ ပြီးခဲ့တဲ့ သုံးလကျော်ကတည်းကပါ။
မန္တလေးက ပျူစောထီးခေါင်းဆောင် သင်္ဃန်းဝတ်ပေါက်ကိုယ်တော်က ထိုင်းရောက်မြန်မာတွေထဲမှာ နွေဦးတော်လှန်ရေးတက်ကြွစွာပါဝင်တဲ့ မြန်မာတွေအပေါ် ဖိနှိပ်နေတဲ့ ထိုင်းနှုတ်ခမ်းမွှေးကို ပြီးခဲ့တဲ့ စက်တင်ဘာ ဒုတိယပတ်က ထိုင်းနိုင်ငံမြို့
တော်ဘန်ကောက်မှာသွားရောက်တွေ့ဆုံခဲ့ပါတယ်။
ဘန်ကောက်မြို့မှာ ပေါက်ကိုယ်တော်နဲ့ ထိုင်းနှုတ်ခမ်းမွှေးတွေ့ဆုံမှုအပြီးမှာ စစ်အုပ်စုနဲ့ ပေါက်ကိုယ်တော်ပူးပေါင်းပြီးထိုင်းရောက်မြန်မာတွေကို ဒုက္ခပေးဖို့ကြံစည်ခဲ့ကြပါတယ်။
ပေါက်ကိုယ်တော်ရဲ့အစီအစဉ်ဟာ ထိုင်းနိုင်ငံမှာရှိနေတဲ့ ထောက်ပို့တွေ၊ နွေဦးတော်လှန်ရေးတက်ကြွစွာပါဝင်သူတွေကို နှိမ်နှင်းဖို့ ထိုင်းနှုတ်ခမ်းမွှေးကို လာတွေ့တာလို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတွေကပြောခဲ့ကြပါတယ်။ သူတို့သုံးသပ်တဲ့အတိုင်းပဲ ပေါက်ကိုယ်တော်က အကောင်အထည် ဖော်ခဲ့ပါတယ်။
ဘယ်လိုပြသာနာရှာလဲဆိုရင် ပေါက်ကိုယ်တော်က ပျူစောထီးတွေထဲက သူ့လက်ရုံးလူမိုက်အချို့ကို ထိုင်းကိုစေလွှတ်ပြီး မြန်မာတွေအများဆုံးရှိတဲ့နေရာတွေမှာ ပြဿနာရှာခိုင်းတာ ဖြစ်ပါတယ်။
ပေါက်ကိုယ်တော်က ထိုင်းမှာပြဿနာရှာဖို့အတွက် သူရဲ့လူအချို့ကိုထိုင်းကိုစေလွှတ်ဖို့ စီစဉ်နေတာကို People’s Spring က ၂၀၂၅ နိုဝင်ဘာမှာ စုံစမ်းသိရှိခဲ့ပါတယ်။
“ ထိုင်းကိုသွားပြီး ပြသာနာရှာပေးရပါ့မယ်တဲ့။ ထိုင်းမှာ မြန်မာတွေအနေများတဲ့ ရက်ကွက်တွေ အလုပ်တွေဆီကိုသွားပြီး ပြသာနာရှာပေးရပါ့မယ်တဲ့။ပြီးရင် ပြန်လာရပါ့မယ် ပြောပါတယ်” လို့ ပေါက်ကိုယ်တော်နဲ့ နီးစပ်သူတဦးက လူထုနွေဦးကို သတင်းပေးပါတယ်။
ပေါက်ကိုယ်တော် တပည့်အဖြစ်ခံယူပြီး လူမိုက်လုပ်နေသူတွေဟာ အနေအစားချောင်လို့ လုပ်နေတဲ့သူတွေဖြစ်တယ်လို့ သူက ပြောပါတယ်။ ထိုင်းကိုသွားပြီး မြန်မာနေတာများတဲ့နေရာတွေမှာ ပြသာနာရှာဖို့ ပေါက်ကိုယ်တော်က သူ့တပည့်လူမိုက်တွေကို အသွားအပြန်စာရိတ်ငြိမ်းစေလွှတ်ပေးနေတာလို့စုံစမ်းသိရပါတယ်။
အဲဒီလိုပြသာနာရှာရင် ထိုင်းရောက်မြန််မာတွေကိုအိမ်ရှင်ထိုင်းနိုင်ငံသားတွေက မကြိုက်အောင် ၊မြန်မာတွေအနေကြပ်ပြီး ဒုက္ခရောက်အောင်၊ထိုင်းမှာမနေနိုင်အောင် ပေါက်ကိုယ်တော်ကတဆင့်စစ်တပ်ကကြံစည်နေတာဖြစ်ပါတယ်။
ထိုင်းနှုတ်ခမ်းမွှေးဆိုသူဟာလည်း ထိုင်းရောက်မြန်မာလုပ်သားတွေ အနေကြပ်အောင် ထိုင်းအာဏာပိုင်တွေအပေါ် လိုက်လံဖိအားပေးလိုက်လံဖမ်းဆီးခိုင်းနေသူ ဖြစ်ပါတယ်။ထိုင်းရောက်မြန်မာလုပ်သားတွေကတော့ သူတို့ကို ထိုင်းမဘသလို့ ခေါ်ကြပါတယ်။
ထိုင်းနှုတ်ခမ်းမွှေးဟာ ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာ ၂၃ရက်မှာ ဘန်ကောက်မြို့က စစ်ကောင်စီရဲ့မြန်မာသံရုံးရှေ့ ဆန္ဒပြတာကစပြီး လူသိများလာတာပါ။ထိုင်းရောက်မြန်မာတွေ နှင်ထုတ်ဖို့နဲ့ စစ်ကောင်စီအနေနဲ့ နေရပ်ပြန်ခေါ်ကြဖို့ သူကဆန္ဒပြတောင်းဆိုခဲ့တာပါ။
အဲဒီနောက်ပိုင်းစကြီး နှုတ်ခမ်းမွှေးနဲ့အဖွဲ့ဟာ ထိုင်းရောက်မြန်မာလုပ်သားတွေအပေါ် သိသိသာသာဖိအားပေးလာခဲ့ပါတယ်။ အဓိက အကြောင်းပြချက်ကတော့ စစ်တပ်ကိုတော်လှန်ပြီး နွေဦးတော်လှန်ရေးကိုအားပေးနေကြလို့ပါအာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် ဘန်ကောက်လာခဲ့တဲ့ ၂၀၂၅ ဧပြီ ၅ရက်က ကုလသမဂ္ဂ UNရုံးရှေ့မှာ ကန့်ကွက်ဆန္ဒပြတဲ့သူတွေကို နှုတ်ခမ်းမွေးနဲ့အဖွဲ့ကကိုယ်ထိလက်ရောက် ထိုးကြိတ် ရန်ရှာခဲ့ပါသေးတယ်။
၂၀၂၅ ဇွန်၊ဇူလိုင်လတုန်းက နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့မှာ တရားမဝင်မြန်မာတွေ ဖမ်းဆီးရေးစီမံချက်အတွင်းမှာလည်း နှုတ်ခမ်းမွှေးနဲ့ အဖွဲ့ကမဲဆောက်သွားပြီး သွေးထိုးလှုံ့ဆော်မှုတွေလုပ်ခဲ့ပါသေးတယ်။
ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၂၀ကျော်ကြာနေထိုင်ပြီး မြန်မာလုပ်သားတွေအရေးကူညီနေသူတွေ ပြောပြချက်အရ နှုတ်ခမ်းမွှေးနဲ့အဖွဲ့ကို စစ်ကောင်စီရဲ့ မြန်မာသံရုံးက ထောက်ပံ့ပေးထားတယ်လို့ ပြောပါတယ်။ဘန်ကောက်မြို့Saint Louis ဘူတာအနီးက မြန်မာသံရုံးအဟောင်းအဆောက်အဦထဲကို နှုတ်ခမ်းမွှေးနဲ့အဖွဲ့က မကြာခဏလာလေ့ရှိတယ်လို့လည်း သူကပြောပါတယ်။
စစ်ကောင်စီသံရုံးက မြန်မာ−ထိုင်း ချစ်ကြည်ရေးအသင်းအဖွဲ့အစည်းဖွဲ့ပြီး အဲဒီအဖွဲ့ကနေ နှုတ်ခမ်းမွှေးအဖွဲ့ကို ထောက်ပံ့ပေးနေတာလို့လည်း မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတဦးကလည်း ပြောပါတယ်။
အဲဒီအဖွဲ့မှာ မြန်မာ−ထိုင်း ဘာသာပြန်တွေခန့်ထားပြီး နှစ်နိုင်ငံအမုန်းစကားတွေပြန့်ပွားအောင်လူမှုကွန်ယက်ပေါ်ကနေပါ ဝါဒဖြန့်ချီတာတွေလုပ်ခဲ့သလို ၊ပြင်ပမှာလုပ်နေကြတယ်လို့လည်း စုံစမ်းသိရပါတယ်။
ဒါကြောင့် အခုရက်ပိုင်းအတွင်း ထိုင်းရောက်မြန်မာတွေကြားမှာ ထိုင်းနဲ့မြန်မာတွေအကြား လူမျိုးရေးအမုန်းပွားစေမယ့် ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ပေါ်နေတာဟာ ကြိုတင်ကြံစည်မှုတွေဖြစ်တယ်လို့ ထိုင်းရောက်မြန်မာလုပ်သားတွေအရေးကူညီပေးနေတဲ့ အေအေစီမဟာမိတ်အဖွဲ့က ဦးခိုင်ကြီးက သုံးသပ်ပါတယ်။
“ မြန်မာတွေ အုပ်စုလိုက်ရမ်းကားနေကြတာဟာ ရည်ရွက်ချက်နဲ့အချိန်ကိုက်လုပ်နေတာ” လို့ ဦးခိုင်ကြီးက ပြောပါတယ်။
အခု Assumption UniversityအနီးကThe Oneစားသောက်ဆိုင်မှာ ဖြစ်တဲ့ဖြစ်စဉ်ဟာ ရိုးသားမှုမရှိဘူးလို့ ထိုင်းနိုင်ငံသားအဖြစ်ခံယူထားတဲ့ ထိုင်းရောက်မြန်မာအရေးကူညီပေးနေသူတစ်ဦးကလည်း ပြောပါတယ်။Assumption University ဟာ စစ်အုပ်စုရဲ့ သားသမီးတွေအများစု ပညာသင်ကြားနေတဲ့ကျောင်းလို့ သူက ဆက်ပြောပါတယ်။
“ သူတို့သားသမီးတွေ အများစုတက်တဲ့ကျောင်းနားမှာဖွင့်ထားတဲ့ဆိုင်။ မဘသတွေနဲ့ ဆက်စပ်တယ်လို့ သိရတယ်။နောက်ပြီးနယ်စပ်မှာနွေဦးဆရာတော်ဖမ်းဆီးခံရတယ်ဆိုတဲ့ ဖြစ်စဉ်ရယ် အခု ရိုက်ပွဲတွေဆိုတာဟာ အချိန်ကိုက်ဖြစ်လာတာ” လို့ သူက ထောက်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်းဇန်နဝါရီ ၁၄ရက်မှာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ တရားဥပဒေနဲ့မညီတဲ့ ကိစ္စရပ်တွေမှာ ပတ်သက်ခြင်းမပြုဖို့အပါအဝင် အချက် ၄ချက်လိုက်နာဖို့ ပန်ကြားချက်ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံမှာ ခိုလှုံနေတဲ့မြန်မာနိုင်ငံသားတွေ အနေနဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်မှုရေးရာ ကိစ္စရပ်တွေမှာ ပါဝင် ပတ်သက်ခြင်း မပြုကြဖို့၊ တရားဥပဒေနဲ့မညီတဲ့ ဘယ်ကိစ္စမှာမဆိုပါဝင်ပတ်သတ်ခြင်းမပြုဖို့ တိုက်တွန်းထားပါတယ်။ဒါအပြင် ထိုင်းနိုင်ငံရဲ့ ဥပဒေနဲ့ စည်းမျဉ်းတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ၊ ဒေသန္တရစည်းကမ်းတွေကို လေးစားလိုက်နာဖို့၊ အိမ်ရှင်လူမှုအသိုင်းအဝိုင်းရဲ့ တန်ဘိုးထားမှု၊ လူနေမှုပုံစံတွေနဲ့အညီ သဟဇာတဖြစ်စွာ လိုက်လျောညီထွေနေထိုင်ကြဖို့ အကြံပြုထားပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံစွန့်ခွာထွက်ပြေးကာ ခိုလှုံနေထိုင်နေကြရတဲ့ မြန်မာနိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက် လက်ခံပေးထားတဲ့ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၊ ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူလူထုကိုလည်း အထူးပင် ကျေးဇူးတင်ကြောင်းဖော်ပြထားပါတယ်။ မြန်မာနိုင်ငံသားတွေကို လူသားချင်းစာနာထောက်ထားလျက် ဆက်လက်ကူညီစောင့်ရှောက်ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။
၂၀၂၅ခုနှစ် ဇူလိုင်လက ထုတ်ပြန်ချက်ထဲမှာမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အကြမ်းဖက်စစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် ဖိနှိပ်ရက်စက်မှုတွေကြောင့်ထွက်ပြေးခိုလှုံလာရတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ခြိမ်းခြောက်နေသူများ မဟုတ်ကြောင်း NUGကအသိပေးခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာသိမ်းအကြမ်းဖက်မှုကို ဖယ်ရှားအောင်မြင်ပြီးပါက အမိမြန်မာနိုင်ငံ သို့ ပြန်လည် နေထိုင်ကြမည့်သူများသာ ဖြစ်ကြောင်းအသိပေးထားပါတယ်။
လက်ရှိအခြေအနေမှာနှုတ်ခမ်းမွှေး နဲ့ စစ်တပ်လက်ကိုင်တုတ် ပေါက်ကိုယ်တော် ပေါင်းမိသွားတဲ့အတွက် ထိုင်းရောက်မြန်မာတွေ ပိုသတိထားပြီး နေထိုင်ကြရမယ်လို့လည်း မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတဦးကသတိပေးပါတယ်။
ထိုင်းနိုင်ငံမှာလည်း ကမ္ဘောဒီးနဲ့နယ်စပ်စစ်ပွဲဖြစ်ပြီးနောက်ပိုင်းအမျိုးသားရေးစိတ်ဓါတ်တွေပြင်းထန်လာပါတယ် ။ဒီအခြေအနေမှာ လူမျိုးရေးပဋိပက္ခတွေဖန်တီးလို့လွယ်တဲ့အခြေအနေဖြစ်တာကြောင့်မြန်မာတွေအပေါ်အမုန်းမပွားအောင်နေထိုင်ကြဖို့ လုပ်သားအရေးဆောင်ရွက်သူတွေကတိုက်တွန်းပါတယ်။ လူနည်းစုကပြသာနာရှာရင် သန်းပေါင်းများစွာရှိတဲ့လူအများအပေါ်မှာပါသက်ရောက်မယ့်အခြေအနေဖြစ်ပါတယ်။ ဒါကြောင့်မြန်မာတွေအနေနဲ့ ဥပဒေနဲ့အညီ၊အိမ်ရှင်နိုင်ငံရဲ့ ယဥ်ကျေးမှုဓလေ့ထုံးတန်းတွေနဲ့အညီ သဟဇာတဖြစ်အောင်နေထိုင်ကြဖို့ ထိုင်းရာက်အလုပ်သမားအရေးဆောင်ရွက်သူတွေက အကြံပြုကြပါတယ်။ ။

















































