ထိုင်းနိုင်ငံရောက်မြန်မာများ ဆန္ဒပြခံရမှုအပေါ် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်များက အောင်ပွဲခံသည့်အရေးအသားများဖြင့်ဆက်တိုက် ဝါဒဖြန့်ရေးသားနေကြသည်။
စက်တင်ဘာ ၂၃ ရက်ကထိုင်းအမျိုးသားရေးအဖွဲ့အစည်းလေးဖွဲ့မှ လူ ၄၀ ခန့်က ဘန်ကောက်မြို့ရှိ စစ်ကောင်စီ၏ မြန်မာသံရုံးရှေ့သွားရောက်ပြီး ထိုင်းနိုင်ငံအတွင်း မြန်မာများ ရွှေ့ပြောင်းအခြေချနေထိုင်လာမှု များပြားနေသည့်အပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
ထိုသို့ ဆန္ဒပြအပြီးတွင် စစ်ကောင်စီ၏ ဝါဒဖြန့်လော်ဘီများဖြစ်သော Kyaw Swar ၊ Ko Thet ၊ မှိုင်းဝေ ၊ ကျော်မျိုးမင်း၏ NP News တို့က အောင်ပွဲခံသည့် အရေးအသားများဖြင့် ဆက်တိုက်ဖော်ပြခဲ့ကြသည်ကို တွေ့ရသည်။
စစ်ကောင်စီလော်ဘီ မှိုင်းဝေ ချန်နယ်က “ဝန်ကြီးချုပ် ပသွန်ထန်ဟာ ထိုင်းနိုင်ငံအတွင်းမှာတရားမဝင် ခိုအောင်း နေထိုင်ပြီး ထိုင်းနိုင်ငံရဲ့အကျိုးစီးပွားကို ထိခိုက်အောင်လုပ်နေတဲ့ အကြမ်းဖက် NUG/PDF /KNU နဲ့ အကြမ်းဖက်အားပေးသူတွေကို စတင်နှိမ်နင်းမှုတွေ ခပ်စိပ်စိပ် လုပ်ဆောင်လာတာကိုတွေ့ရပါတယ်”ဟု ဘန်ကောက်တွင် ဆန္ဒပြအပြီး နာရီပိုင်အကြာတွင် ရေးသားခဲ့သည်။
ထို့အပြင် “ယခုလိုလုပ်ဆောင်ခြင်းအားဖြင့် ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံရဲ့ ကုန်စည်စီးဆင်းမှု မြန်မြန် အကောင်အထည်ဖော်နိုင်မယ်ဖြစ်သလို အကြမ်းဖက်သမားတွေကိုလည်း ထိုင်းနိုင်ငံ အနေဖြင့် လုံးဝလက်မခံကြောင်း ပြသရာရောက်ပါတယ်။ ဒါ့အပြင် ထိုင်း-မြန်မာ အစိုးရနှစ်ရပ်ရဲ့ ချစ်ကြည်ရေးပိုမိုတိုးတက်လာမှာဖြစ်သလို အေးချမ်းစွာလုပ်ကိုင် စားသောက်လိုတဲ့ ပြည်သူတွေအနေနဲ့လည်း ထိုင်းနိုင်ငံအစိုးရကို ကျေးဇူးတင်နေမှာ တော့အမှန်ပါပဲ”ဟု ဆက်လက်ရေးသားခဲ့သည်။
Ko Thet အကောင့်ကလည်း “NUG/PDF တွေကြောင့် အာရှလမ်းမကြီး ပိတ်ခဲ့ရသလို နယ်စပ်ဂိတ်တွေလည်း ပိတ်ခဲ့ရတယ်။ ထိုင်းအတွက် ဒေါ်လာသန်းပေါင်းများစွာ နေ့စဉ်နစ်နာခဲ့ရတယ်။ စီးပွားရေးထိခိုက်လို ထိုင်းတွေ တင်းနေချိန်မှာ NUG တွေ၊ နီပိတ်တွေက ထိုင်းအစိုးရကို မြန်မာတွေရပိုင်ခွင့် ၁၀ ချက်ဆိုပြီး ဆန္ဒပြတောင်းဆိုတယ်။ ထိုင်းက လိုက်လျောမှု မရှိတဲ့အပြင် မြန်မာအလုပ်သမားတွေကို တစ်ရစ်ပြီး တစ်ရစ်ကြပ်လာတယ်။ နောင် ဒီထက်ဆိုးမယ်”ဟု ရေးသားခဲ့သည်။
ထိုသို့ ရေးသားမှုကို Kyaw Swar ချန်နယ်ကလည်း ထပ်ဆင့်ဖော်ပြထားသည်။ Ko Thet အကောင့်သည် မြန်မာများ ဆန္ဒပြခံရမှုအပေါ် ဝမ်းမြောက်သည့်အနေဖြင့် သုံးကြိမ်ရေးသားထားသည်ကို တွေ့ရသည်။
NP Newsမှ ကျော်မျိုးမင်းကလည်း “မြန်မာတွေကို မောင်းထုတ်ဖို့ ထိုင်းတွေ ဆန္ဒပြ” ခေါင်းစဥ်ဖြင့် ပြောထားသည်ကို တွေ့ရသည်။
သို့သော် ၎င်းတို့ရေးသားထားသကဲသို့ မြန်မာများကထိုင်းအစိုးရကို အချက် ၁၀ ချက်တောင်းဆိုခဲ့သည်ဆိုခြင်းမှာ မမှန်ဘဲ သတင်းအမှားဖြစ်သလို ၊ အာရှလမ်းမတိုက်ပွဲမှာ စစ်ကောင်စီက အောင်ဇေယျ စစ်ဆင်ရေးဟုဆိုကာ စစ်ကြောင်းထိုးလာသဖြင့် KNLA ဦးဆောင်၍ တော်လှန်ရေးတပ်များက ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မြဝတီ မြို့အနီးရှိ စစ်တပ်စခန်းအများစုကိုလည်း KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းကစပြီး ထိုင်းအမျိုးသားရေးအဖွဲ့အချို့သည် ရွှေ့ပြောင်းအလုပ်သမားများအပေါ် ကန့်သတ်မှုများလုပ်ဆောင်ပေးရန်အချက်(၈)ချက်ကို ထိုင်းအစိုးရထံ စတင်တောင်းဆိုခဲ့သည်။
ထို့အပြင် အဆိုပါဆန္ဒပြသောဖြစ်စဥ်ကို ထိုင်းနိုင်ငံတွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေနေသော Bangkok Post ၊ The Nation ၊ The Reporters ၊ Khaosod English စသောသတင်းဌာနများတွ် ရေးသားဖော်ပြသည်ကို မတွေ့ရပေ။
“ထိုင်းတွေက သိတယ် ပညာတက်လူငယ်တွေ။ ဒီဟာက လူနည်းစုက လုပ်တာကို မဟုတ်ဘူး။ လူဆယ်ဂဏန်းပဲပါတာ။ ပြဿနာက ဒီအရေးကို မြန်မာက ဆရာကြီးဆိုတဲ့သူတွေကိုယ်တိုင် ပြောဆိုရေးသားနေတာက ပိုဆိုးနေတာ။ အဓိက ဘာမှမဟုတ်ဘူး”ဟု ထိုင်းနိုင်ငံတွင် ဆယ်စုနှစ် သုံးခုကြာ အခြေချနေသူ မြန်မာအမျိုးသမီးတစ်ဦးက ပြောသည်။
“ထိုင်းမှာလည်း မြန်မာလိုပေါ့။ အမျိုးသားရေးအစွန်းရောက်တဲ့ လူအချို့ရှိတာပေါ့။ အခု အဲဒီအဖွဲ့တွေက လုပ်တာပေါ့။ အဲဒီအဖွဲ့တွေကလည်း စကစရဲ့ အသုံးချခံဖြစ်နေမလာပေါ့။ အရင် မြန်မာတွေ သံရုံးမှာဆန္ဒပြရင် ငြိမ်နေတဲ့ စကစလော်ဘီတွေက အခု ထိုင်းတွေပြတော့ ဝမ်းပန်းတသာနဲ့ ပြောလာပြီဆိုတော့ သံရုံးရဲ့စနက်များ ပါနေမလားပေါ့”ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ ၊CDM သံအရာရှိ ဦးဝေလင်းမောင်က ပြောသည်။
ထိုသို့ ဆန္ဒပြသည့်ယမန်နေ့တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)ကတောင်းဆိုချက်တစ်ခု ထုတ်ပြန်ခဲ့သည်။
အကြမ်းဖက်စစ်အုပ်စုထံမှ ထွက်ပြေးတိမ်းရှောင်လာသည့် မြန်မာပြည်သူလူထုအပေါ် စာနာစိတ်ထားကာ ကူညီကယ်ဆယ်ပေးရန် ထိုင်းနိုင်ငံအား NUCCက စက်တင်ဘာ ၂၃ရက် တောင်းဆိုသည်။
ပြည်ပနိုင်ငံများသို့ တိမ်းရှောင်လာရသော မြန်မာပြည်သူများအနေဖြင့် အသက်ရှင် ရပ်တည်နိုင်ရန် စိန်ခေါ်မှုများ၊ တရားဝင်နေထိုင်ခွင့်၊ အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးစသည့် အခြေခံလိုအပ်ချက် များစွာရှိနေပါသောကြောင့် လူသားချင်းစာနာ ထောက်ထားသောအားဖြင့် ပိုမိုထိရောက် လေးနက်သည့် အကူအညီများ ပေးရန်လည်း မေတ္တာရပ်ခံ တိုက်တွန်းထားသည်။
မြန်မာနိုင်ငံမှ ပြည်သူလူထုသည် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ မတရား ဖိနှိပ်မှုများ၊ မတရားစစ်မှုမထမ်းမနေရ ဥပဒေများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာရကြောင်း ဖော်ပြသည်။ စစ်အုပ်စု၏ ဖိနှိပ်မှု အမျိုးမျိုးကြောင့် ထွက်ပြေးလာကြရသော အပြစ်မဲ့အရပ်သား ပြည်သူများသည် အိမ်များ ဆုံးရှုံးခြင်း၊ စာရွက်စာတမ်းများ ပျက်စီးဆုံးရှံးခြင်းများကို ရင်ဆိုင်ကြုံတွေ့နေရသည့်အတွက် ထိုင်းနိုင်ငံအတွင်း ဝင်ရောက် ခိုလှုံရာတွင် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်းလည်း အသိပေးထားသည်။
ယင်းသို့ လူ့အခွင့်အရေးချိုးဖောက်နေသော အကြမ်းဖက် စစ်အုပ်စုထံမှ ထွက်ပြေးတိမ်းရှောင်လာသည့် မြန်မာပြည်သူလူထုအပေါ် စာနာစိတ်ထားကာ ကူညီကယ်ဆယ်ပေးရန်နှင့် အထောက်အထားမဲ့ မြန်မာပြည်သူများအား ထိုင်းနိုင်ငံအတွင်း ယာယီ နေထိုင်ခွင့်ပေးသည့် အစီအစဉ်များကို ရေးဆွဲအတည်ပြုပေးစေလိုကြောင်း ထိုင်းနိုင်ငံကို တောင်းဆိုထားသည်။