close
Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“ပြည်သူကောင်းကျိုးအတွက် တစ်စက်မှ သူတို့(စစ်တပ်)မှာ စေတနာမရှိဘူးဆိုတာတော့ ရှင်းနေတယ်”

— ဒေါ်ခင်ဥမ္မာ (ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) တည်ထောင်သူ)

မေး – စစ်တပ်ရွေးကောက်ပွဲအေပါ် အာဆီသဘောထားဘယ်လိုရှိပါသလဲ။

ဒေါ်ခင်ဥမ္မာ – ကျမမြင်တာကတော့လေ အာဆီယံက ဒီတစ်ခေါက် မလေးရှားဥက္ကဌ ဖြစ်တဲ့အလှည့်မှာတော့ အထူးသဖြင့် ဒီအကြမ်းဖက် စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ၊ တရားမဝင်ရွေးကောက်ပွဲကို သူတို့ရဲ့ ရပ်တည်ချက်ကိုတော့ ပြတ်ပြတ်သားသား ရှင်းရှင်းလင်း လင်း ရထားလိုက်နိုင်တယ်လို့ ကျမတွေ့ရတယ်။ အဲမှာ ဒီရွေးကောက်ပွဲက မြန်မာနိုင်ငံပြဿနာတွေကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး ဆိုတာရယ်၊ လေ့လာသူ ပို့မှာမဟုတ်ဘူး ဆိုတာကတော့ တော်တော်လေးကို ရှင်းရှင်းလင်းလင်း ဖြစ်သွားတာ ကျမတွေ့တယ်။ ဆိုတော့ ဒီအတုအယောင်ရွေးကောက်ပွဲကနေပြီးတော့မှ ရလာမယ့်ရလဒ်အပေါ်မှာ အခုလိုမျိုး ရပ်တည်ချက်က ဒီရလဒ်ကိုပါ တစ်ခါတည်း လက်ခံမှုမရှိဘူးဆိုတာကို ပြထားတယ်လို့ ကျမကတော့ အဲလိုမြင်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးဆိုတာကလည်း သိတဲ့အတိုင်းပဲ တခါတလေကျရင် ကျမတို့ ပြောလို့မရတဲ့ဟာတွေ ရှိတတ်တယ်။ ဥပမာ- အထူးသဖြင့် အာဆီယံမှာက အဖွဲ့ဝင်နိုင်ငံတွေကြားထဲမှာတင် နိုင်ငံရေးစနစ်တွေက တူတာလည်းမဟုတ်ဘူးလေ။ တချို့နိုင်ငံတွေလည်း ဒီမိုကရေစီက နောက်ပြန်ဆွဲနေတယ်။ တချို့နိုင်ငံတွေက တရုတ်ရဲ့ ဩဇာခံလိုမျိုး ဖြစ်နေတဲ့ အခါကျတော့ တရုတ်ကတော့ ဒီအကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို သူက ထောက်လည်းထောက်ခံတယ်၊ စင်ပေါ်ကိုလည်း တင်ပေးဖို့ကြိုးစားမှာပဲ။ အဲဒီအပေါ်မှာ စီးပွားရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း တရုတ်ဩဇာခံဖြစ်နေတဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက တရုတ်ဆီက ဖိအားဘယ်လောက်ရပြီး ဘယ်လောက်အထိ သူတို့က တရုတ်အလိုကျ လိုက်ကပြရမလဲ ဆိုတာလည်း ကျမတို့ မသိဘူးပေါ့။ အဲဒါမျိုးတော့ ကျမတို့ဘက်က ပိုပြီးတော့ ဂရုစိုက်ပြီးတော့မှ အမြဲတမ်း စောင့်ကြည့်နေရမယ်။ အထူးသဖြင့် ကျမတို့အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ စည်းရုံးလှုံ့ဆော်ရေးကတော့ ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားနဲ့ ကျမတို့ အမြဲတမ်း စဉ်ဆက်မပြတ် ထိတွေ့မှုနဲ့ လုပ်နေပါတယ်။ ဒါကြောင့်မိုလို့ ခုနက စာတွေဘာတွေပို့တာအပြင် ကျမတို့ အစည်းအဝေးတွေ သွားလုပ်နေတာတွေရှိတယ်။ အထူးသဖြင့် (၁) အကြမ်းဖက် စစ်အုပ်စုက အာဏာသိမ်းထားတာမဟုတ်ဘူး။ အားလုံးကြားထဲမှာ ရှင်းနေရမှာက အာဏာကိုမသိမ်းနိုင်ဘူး သူတို့။ (၂) နယ်မြေစိုးမိုးမှုကိုလည်း သူတို့ မထိန်းထားနိုင်ဘူး။ နယ်မြေမစိုးမိုးထားနိုင်ဘူး။ သူတို့က ပြောမယ်ဆိုရင် တိုင်းပြည်တစ်ပြည်ရဲ့ အချုပ်အခြာအာဏာကို ပိုင်ထားတဲ့သူ၊ ကိုင်ထားတဲ့သူလို့ တွက်စရာ ကြန်အင်လက္ခဏာ သူတို့ဆီမှာ ဘာမှမရှိဘူး။ အဲဒါကို အဓိက ကျမတို့ သိရမှာဖြစ်တယ်။ သို့သော်လည်း သူတို့ရဲ့ ထွက်ပေါက်အနေနဲ့ကတော့ ဒီရွေးကောက်ပွဲ ဆိုတာကို မဖြစ်ဖြစ်အောင်လုပ်ပြီးတော့မှ သူတို့ ကမ္ဘာကိုတော့ ကြေညာမှာပဲ။ ကျမရဲ့အမြင်ကကျတော့ သူတို့အာဏာတည်မြဲရေး၊ သူတို့ဆက်ပြီးတော့မှ ပြည်သူတွေကို စစ်ဖိနပ်အောက်မှာ စစ်ကျွန်ပြုရေးနဲ့ တိုင်းပြည်ရဲ့ သဘာဝ သယံဇာတတွေကို သူနဲ့ သူ့မိသားစု အကျိုးစီးပွားအတွက် ဆက်ပြီးတော့ အုပ်စိုးထားနိုင်ရေးအတွက် လုပ်နိုင်ဖို့ကို သူသည် နိုင်ငံတကာမှာ အတုအယောင်ရွေးကောက်ပွဲကို ဗန်းပြပြီးတော့မှ နိုင်ငံတကာက တရားဝင်မှုကို ရအောင်ကြိုးစားဖို့။ အဲဒီ နိုင်ငံတကာ တရားဝင်မှု ရလာခဲ့ရင် အဲဒီအပေါ်မှာ အခြေခံပြီးတော့မှ နိုင်ငံတကာ စီးပွားရေးရင်းနှီးမြှပ်နှံမှုတွေကို ပြန်ဖိတ်ခေါပြီးတော့ သူနဲ့ သူ့မိသားစု ဆက်ပြီးတော့ ချမ်းသာကြွယ်ဝဖို့အရေးနဲ့ တိုင်းပြည်ရဲ့ အာဏာကို ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေပဲ ဆက်ပြီးတော့မှ ထိန်းသွားနိုင်ရေးကို ပိုပြီး ဦးစားပေးလုပ်နေတယ်လို့ ကျမကတော့ အဲလိုမြင်ပါတယ်။ ရှင်းရှင်းပြောရရင် ဒီစစ်အုပ်စုက မြန်မာနိုင်ငံပြည်သူတွေရဲ့ ကောင်းကျိုးအကျိုးစီးပွားအတွက် ဒီမိုကရေစီ နည်းနည်းပဲဖြစ်ဖြစ်၊ များများပဲဖြစ်ဖြစ် ရရေးမှာ ပြည်သူကောင်းကျိုးအတွက် တစ်စက်မှ သူတို့မှာ စေတနာမရှိဘူးဆိုတာတော့ ရှင်းနေတယ်လို့ မြင်ပါတယ်။

မေး– စစ်တပ်ရွေးကောက်ပွဲအလွန်ကာလမှာ ဘာတွေကြုံလာရနိုင်သလဲ။

ဒေါ်ခင်ဥမ္မာ–မြန်မာနိုင်ငံသားထဲကတင်မဟုတ်ဘူး။ အခြားနိုင်ငံခြားသားတွေလည်း အဲဒီလိုမျှော်လင့်ကြတဲ့သူတွေ ရှိတယ်။ စီးပွားရေးသမားတွေကအစပေါ့။ ဒီရွေးကောက်ပွဲ ပြီးသွားခဲ့ရင် ၂၀၁၀ ရွေးကောက်ပွဲပြီးသွားတဲ့ကာလလိုမျိုး တိုင်းပြည်က တံခါးပြန်ဖွင့်ပြီး စီးပွားရေးဝင်ခွင့်တွေရမယ်ဆိုတဲ့ ဥစ္စာမျိုးနဲ့ တချို့မှန်းနေကြတာလည်း ကြားနေရတယ်။ ဒါပေမယ့် အဲဒီအခြေအနေကို ပြန်သွားမှာလို့ ကျမကတော့ မမြင်ဘူး။ ဘာကြောင့်မမြင်လဲဆိုတော့ သန်းရွှေနဲ့ မင်းအောင်လှိုင်ကြားက ကွာခြားမှုတွေကို ကျမကြည့်တဲ့အခါမှာ မင်းအောင်လှိုင်သည် သူ့ရဲ့ လောဘ အကြီးလွန်မှုက ရှင်းရှင်းပြောရရင် သူသည် အကုန်လုံးကို အနိုင်စားမယ်ဆိုတဲ့ စိတ်နဲ့ပဲ သူအခုလုပ်တဲ့ ပုံစံတွေက သွားနေတာ ရှင်းရှင်းလင်းလင်း မြင်ရတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်က သူသဘောတူထားတာလေ။ သူကိုယ်တိုင်သဘောတူလာတဲ့ ၅ချက်ကို အကောင်အထည်ဖော်တယ်ဆိုရင်တောင်မှ ကျမတို့ တော်လှန်ရေးအတွက်က အဲဒီ ၅ ချက်က မြန်မာနိုင်ငံပြဿနာတွေကို စစ်ဖိနပ်အောက်မှာ ပြည်သူတွေ စစ်ကျွန်ပြုခံနေရတဲ့ ဘဝတွေကို ရပ်တန့်သွားစေမှာ မဟုတ်ဘူး။ ဒီ အာဆီယံရဲ့ သဘောတူညီချက် ၅ ချက်က။ ဒါတောင်မှ အဲဒီဥစ္စာကို မင်းအောင်လှိုင်က လှည့်မကြည့်ဘူး။ အဓိကက ဘာကြောင့်လဲ သူလိုချင်တာက အပြီးအပြတ် အပြီးသတ်ချေမှုန်းရေးနဲ့ အပြတ်အသတ် အနိုင်ရရေးပဲဖြစ်တယ်။ ဆိုတော့ ၂၀၁၀ တုန်းကကျတော့ သန်းရွှေက သူနောက်ဆုတ်တဲ့အချိန်မှာ တစုံတရာအားဖြင့် အကျိုးရလဒ်ကို ပိုမျှော်မှန်းတာပါ။ သူလည်း အကျိုးရလဒ်ကို မျှော်မှန်းပေမယ့် သူ့ရဲ့ တွက်ချက်မှုနဲ့ Strategy မှာက အကြီးဆုံး ဒီမိုကရေစီအတိုက်အခံအင်အားစု ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို Share Power လို့ပဲခေါ်ခေါ် အာဏာခွဲဝေသုံးစွဲမှုကို နည်းနည်းလောက်ပေးလိုက်ရင်ကို မြန်မာပြည်သူတွေက ဒီအပေါ်မှာ လိုက်ကြမှာပဲ။ ကမ္ဘာကလည်း လိုက်ကြမှာပဲ ဆိုတာမျိုးနဲ့သွားတယ်။ ဒါပေမယ့် မင်းအောင်လှိုင်ဆီမှာ အဲဒါမရှိဘူး။ အဲဒါကြောင့် ၂၀၁၀ နောက်ပိုင်းပုံစံကို ပြန်သွားမယ် ဆိုတာမျိုးတော့ ကျမမမြင်ဘူး။ ၂၀၁၀ နောက်ပိုင်းမှာ ဖြစ်သွားသလို နိုင်ငံတကာက မြန်မာနိုင်ငံကို တက်သုတ်ရိုက် ဝင်ပြီးတော့မှ ရှိတဲ့သဘာဝသယံဇာတတွေ တရုတ်ရနေသမျှ တရုတ်တောင်ရနေတာ တရုတ်ရသလောက်တော့ ငါတို့လည်းရသင့်တာပေါ့ ဆိုတဲ့ တွေးခေါ် စဉ်စားချက်နဲ့ နိုင်ငံတွေ၊ တရုတ်ကို ပြိုင်မယ့် နိုင်ငံတွေကတော့ ဒီလိုအချိန်မှာ အပြိုင်အဆိုင် စဉ်းစားတာမျိုး ဖြစ်နိုင်တယ်။ အဲလိုမျိုးဖြစ်ရင်တော့ ၂၀၁၀ နောက်ပိုင်းက အခြေအနေတချို့(ဥပမာ) sanctionsတွေ ရုပ်သိမ်းတဲ့ ကိစ္စလိုမျိုး လာမှာလား၊ ဖြစ်နိုင်ချေရှိသလားလို့မေးရင် ဒါလည်း ဖြစ်နိုင်ချေရှိတယ်လို့ ကျမတို့ တွက်ရမှာပဲ။ သို့သော် ဖြစ်လို့မရဘူး ဆိုတာကို ကျမတို့အားလုံး နားလည်နေတဲ့အတွက်ကြောင့် မဖြစ်အောင်ကြိုးစားရမှာတော့ ကျမတို့တာဝန်၊ညကျမတို့ရဲ့ အခန်းကဏ္ဍ ဖြစ်တယ်။ ကျမကတော့ အဲလိုမြင်တယ်။ နောက်တစ်ခုကတော့ မတူနေတဲ့ ဥစ္စာကို မေ့ပစ်လို့မရတာက ၂၀၂၅နဲ့ ၂၀၁၀မှာ မတူနေတာက ၂၀၁၀ တုန်းက အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တွေကို ထောင်ထဲမထည့်ထားတာပဲရှိတယ်။ ပြီးတော့ လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေကို မျက်နှာချိုသွေးပြီးတော့မှ အပစ်အခတ်ရပ်စဲရေးကို Insentive ပေါ့။ သူတို့ဘယ်လိုခေါ်မလဲ တချို့လိုက်လျောမှုလေးတွေနဲ့ လက်မှတ်ထိုးပြီးတော့မှ သူတို့ဘက်ပါအောင် စည်းရုံးတဲ့ဟာမျိုးတွေလည်း ရှိတာကိုး။ အခုလည်း နည်းနည်းပါးပါးတော့ အဲလိုလုပ်တာ တွေ့ရပါတယ်။ ဒါပေမယ့် အခုအချိန်ကကျတော့ မတူတော့တာက တစ်တိုင်းပြည်လုံးမှာ နေရာအနှံ့မှာ ဒီစစ်အုပ်စုကို သူနည်းသူ့ဟန်နဲ့တော်လှန်နေတဲ့ ပြည်သူတွေက နိုင်ငံအနှံ့မှာ ရှိနေပြီးသား ဖြစ်တယ်။ အဲဒီ အရင် ၂၀၁၀တုန်းက စစ်ရေးအရ တိုက်ခိုက်မလုပ်နေတဲ့ ERO တွေက အခုအချိန်မှာ ဖက်ဒရယ်ဒီမိုကရေစီဆိုတဲ့ လမ်းကြောင်းအောက်မှာပဲ စစ်ရေးအရ တိုက်ခိုက်မှုတွေနဲ့ တန်းတူညီတူ ပြည့်ဝမှုရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စုဖော်ဆောင်ရေးဆိုတဲ့ နောက်မှာ သူတို့က စစ်ရေး အရ ပါဝင်ပြီးတော့ နိုင်ငံရေးအရလည်း ခုန ဘုံသဘောတူညီချက်တွေ ရဖို့လုပ်နေတာတွေ ရှိတယ်ပေါ့။ ပြောချင်တာက မတူတာတွေ အများကြီးရှိတယ်။ ဒါပေမယ့် ကျမတို့ ရဲ့ အဓိက အရေးအကြီးဆုံးကတော့ ဒီစစ်အုပ်စုရဲ့ အလှည့်အပြောင်းအမျိုးမျိုးကို သူလိုချင်တဲ့ပုံစံနဲ့ ကြိုးစားပြီးတော့မှ မရရအောင် လုပ်တတ်တဲ့ ဒီအကျင့်ကို၊ အကျင့်ဆိုးကြီးကို သိနေတဲ့အတွက်ကြောင့် ကျမတို့က နိုင်ငံရေးသတိ၊ နိုင်ငံရေး မျက်ခြေ ပြတ်လို့မရဘူး။ ကျမတို့ လုပ်စရာရှိတာတွေကတော့ လုပ်နေရမယ်လို့ မြင်ပါတယ်။ ကျမတို့နိုင်ငံကတော့လေ ဒီစစ်တပ်ရဲ့ အခန်းကဏ္ဍက ခေတ်အဆက်ဆက်ကြည့်လိုက်လို့ရှိရင် သူတို့ရဲ့ ရည်ရွယ်ချက်၊ မျှော်မှန်းချက်တွေကတော့ ရှင်းပါတယ်။ ကျမတို့ တောက်လျှောက် မျိုးဆက်နဲ့ချီပြီး တွေ့လာပြီးသွားပြီ။ အခု လက်တွေ့ မြင်ရတဲ့ဥစ္စာက မင်းအောင်လှိုင်ရဲ့ သူ့ရဲ့ရည်ရွယ်ချက်၊ သူ့ရဲ့ အစီအစဉ်ကတော့ ကျမ ခုနကတုန်းကပြောသွားသလိုပဲ အကုန်နိုင်မယ်၊ အကုန်လုံးကို ချေမှုန်းမယ်။ သူက အလုံးစုံနိုင်ရေးနဲ့ အလုံးစုံချေမှုန်းရေးဆိုတဲ့ ဒီလမ်းကြောင်းပဲ သူလျှောက်တာ။ ဆိုတော့ ဒီနေရာမှာ ကျမတို့ အခုသွားနေတဲ့ တရားမဝင်ရွေးကောက်ပွဲ ဆိုတဲ့ဥစ္စာမှာ သူလုပ်သွားလို့ရှိရင် ဘယ်လိုပဲပြောပြော သူလုပ်သွားမှာပဲလေ။ အားလုံးမြင်နေတာပဲ သူလုပ်သွားမှာကို။ အဲဒီမှာ ဘယ်နားလေးကပဲပါရပါရ ဝင်ပါမယ် ဆိုတဲ့သူတွေကလည်း ဝင်ပါကြမှာကိုး။ ပြီးသွားပါလိမ့်မယ်။ ဒါပေမယ့် အခု ကျမကြည့်တာက ဒီ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်နေကြတဲ့ နယ်မြေပေါ်မှာ မြေပြင်စိုးမိုးမှု ရပြီးတော့ တည်ဆောက်နေကြတဲ့ ကိစ္စတွေကလည်း ဆက်သွားနေမှာပဲ။ ပြောချင်တာဘာလဲဆိုတော့ အဲဒီလိုမျိုး မြေပြင်ပေါ်မှာ ကျမတို့ခေါ်တာတော့ Democracy Building Block ပေါ့။ ဒီမိုကရေစီကို အောက်ခြေကနေ တည်ဆောက်နေတဲ့ ဥစ္စာတွေ ရှိနေတယ်။ အဲလိုရှိနေတာတွေ ဆက်ဖြစ်နေလေ ဒီစစ်အုပ်စုရဲ့ ဟိုတကွက်ဒီတကွက်၊ ဟိုကြားဒီကြားလေးမှာ လိုက်ပြီးတော့ ရွေးကောက်ပွဲလုပ်သွားပါတယ်လို့ ပြောတဲ့ဥစ္စာက အလိုလိုနေရင်း တရားဝင်မှု ပျက်ပြယ်လေ မရလေပေါ့။ အဓိကက ဒီ ဇန်နဝါရီ ကျော်သွားလို့ရှိရင် ထွက်လာမယ့် အင်အားစုတစ်စု၊ ဒီအတုအယောင်ရွေးကောက်ပွဲကနေ ထွက်လာမယ့် အုပ်စုတစ်စုကို ကျမတို့ မှန်းကြည့်လိုက်လို့ရှိရင် ဘယ်လိုမျိုးမြင်နေရလဲဆိုတော့ ခုနက အပြတ်အသတ်နိုင်ရေးဆိုတဲ့ စစ်အုပ်စု USDP နာမည်နဲ့ကို တခြားနေရာတွေမှာ ဝင်ပါပြီးတော့ ရွေးမယ်ဆိုတဲ့ စစ်တပ်ကလူတွေရယ်၊ ဒီစစ်ဗိုလ်ချုပ်တွေရယ်၊ ပြီးသွားလိုရှိရင် သူတို့နဲ့ ပုလင်းတူဘူးဆို့ ခရိုနီ စီးပွားရှင်တွေရယ်‌။ သူတို့နဲ့ ပုလင်းတူဘူးဆို့ ပြောမယ်ဆိုရင် သူတို့လက်ဝေခံ၊ လက်အောက်ခံ၊ လက်နက်ကိုင်ပြီးတော့မှ ပြည်သူအပေါ်မှာ အနိုင်ကျင့်နေတဲ့ ပျူစောထီးလို့ အဖွဲ့တွေအပါအဝင် တစ်ခြားတိုင်းရင်းသားဒေသက (ပြောမယ်ဆိုရင် ကျမတို့ဘယ်လိုခေါ်မလဲ) ဘိန်းဘုရင်လိုလူတွေပေါ့။ ဇန်နဝါရီ ပြီးသွားရင်ထွက်လာမယ့် အစုတစ်စုမှာလည်း စစ်တပ်ဩဇာခံ၊ စစ်တပ်လက်အောက်ခံ ခုနက ဘယ်နားလေးကပဲရရ ကရရင်တော်ပါပြီ၊ ။စင်ပေါ်ရောက်ရင်တော်ပါပြီ အဲလိုလူတွေက ဝင်ပါကြမှာပဲဆိုတော့ အဲဒီအုပ်စုက ဘာသွားဖြစ်ပြီလဲဆိုတော့ ကျမတို့တိုင်းပြည်ကို နောက်ထပ် ဒီထက်ပိုပြီးတော့မှ အရင်ခေတ်တွေကထက်တောင် ပိုပြီးတော့ အမှောင်ဖုံးစေမယ့်ခေတ်ကို ဆွဲခေါ်သွားကြမယ့်အနေအထားလို့ ကျမက မြင်တယ်။ ၂၀၁၀ ထွက်လာတုန်းက အရမ်းမသိသာတဲ့ Criminal ရာဇဝတ်ဂိုဏ်းတစ်ခုက ၂၀၂၅ ဆိုရင်တော့ ဒီထက်ပိုပြီးတော့မှ ရှင်းရှင်းလင်းလင်း ပေါ်ပေါ်ထင်ထင် ဖြစ်မယ်။ ရာဇဝတ်ဂိုဏ်းတစ်ခုကနေပြီးတော့မှ မြန်မာနိုင်ငံကို အစိုးရသဖွယ် ကိုယ်စားပြုတဲ့ဟာမျိုးကို သူတို့ အတင်းအဓမ္မ လုယူဖို့ကြိုးစားတာကို မြင်လာရမယ်လို့ ကျမကတော့ မြင်တယ်။ တော်လှန်ရေးကလည်း လုပ်စရာရှိတာ ဆက်လုပ်နေမှာပဲ။ တော်လှန်ရေးက လုပ်စရာရှိတာကို အားလုံးကြားထဲမှာ ဟန်ချက်ညီညီနဲ့ မဟာဗျူဟာမြောက်မြောက် ထိန်းညှိပြီးတော့မှ၊ အပြန်အလှန် လက်ချင်းချိတ်ပြီးတော့မှ ဗျူဟာကို ဟန်ချက်ညီညီနဲ့ ပူးပေါင်းဆောင်ရွက်ပြီး သွားမယ်ဆိုရင် တော်လှန်ရေးရဲ့ Legitimacy ရှိမှုပေါ့။ တော်လှန်ရေးကနေပြီးတော့မှ တည်ဆောက်သွားနိုင်တဲ့ အဆောက်အအုံတွေနဲ့ နယ်မြေတွေ။ အဲဒီနယ်မြေတွေကနေပြီးတော့မှ တရားဝင်မှုရှိမှုက စစ်အုပ်စုက နေပြည်တော်မှာ ငုတ်တုတ်ထိုင်ထားပြီးတော့မှ သူ့ရဲ့ ရာဇဝတ်သားတစ်စုနဲ့ စုပြီးတော့ အစိုးရအဖြစ် ကြေညာမယ့်ဟာက အလိုလိုနေရင်း Delegitimate ပေါ့ သူ့ရဲ့တရားဝင်မှုက ပျောက်သွားလိမ့်မယ်။ အဓိကအရေးကြီးဆုံးကတော့ တော်လှန်ရေးအင်အားစုတွေပဲ။ တော်လှန်ရေးအင်အားစုတွေအနေနဲ့ကတော့လေ ကျမမြင်တာက ဒီအကြမ်းဖက်စစ်အုပ်စုလုပ်မယ့် ရွေးကောက်ပွဲဆိုတဲ့ဥစ္စာကြီးကို တော်လှန်ရေး အင်အားစုတွေက ကိုယ့်ရဲ့တရားဝင်မှုကို မြေပြင်ပေါ်မှာ ကိုယ့်ပြည်သူနဲ့၊ ကိုယ့်ရဲ့ရပ်ရွာအသိုင်းအဝိုင်းကပြည်သူတွေနဲ့ လက်ချင်းချိတ်ပြီး မှန်မှန်လျှောက်လှမ်းသွားနိုင်သမျှ အဲဒီအကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဂရုစိုက်စရာကိုမလိုဘူး။ လှည့်ကြည့်စရာမလိုဘူး။ ဒါကြီးက အတုအယောင်ကြီးဖြစ်ပါတယ်လို့ နိုင်ငံရေးအရ ပြောပြီးထားပြီဆိုရင် စစ်ရေးအရက အဲဒီရွေးကောက်ပွဲကို စစ်အုပ်စုက ကျင်းပသွားမယ့် ရွေးကောက်ပွဲဆိုတဲ့ နေရာတွေမှာ ရှင်းရှင်းပြောရင် တော်လှန်ရေးက လှည့်ကိုကြည့်စရာ အကြောင်းမရှိဘူး။

Public Service Announcement

Public Service Announcement

မေး– ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြည်သူတွေကို ဘယ်လိုအကြံပြုချက်ပါသလဲ။

ဒေါခင်ဥမ္မာ – ကျမကတော့ ပြည်သူတွေနဲ့ ပတ်သက်လို့ရှိရင် အထူးသဖြင့် စစ်အုပ်စုအုပ်ချုပ်နေတဲ့ နေရာတွေမှာရှိတဲ့ ပြည်သူတွေအတွက်ဆိုရင် အကြံပြုမှုမရှိဘူးရှင့်။ ဘာကြောင့်အဲဒီလိုပြောလဲဆိုတော့ ပြည်သူတွေက သူတို့ရောက်နေတဲ့ စိန်ခေါ်ချက်အကြပ်အတည်းရယ်၊ သူတို့လိုချင်တဲ့ဆန္ဒရယ်၊ သူတို့ဖြစ်စေချင်တဲ့ဟာရယ်ကို သူတို့ ကောင်းကောင်းနားလည်တယ်လို့ ကျမ အဲဒီလိုပဲ ယုံကြည်မှုရှိတယ်။ စစ်အုပ်စုလက်အောက်မှာရှိနေတဲ့ ပြည်သူတွေက မဲရုံသွားပြီးတော့ လုံခြုံရေးနဲ့ ဘဝရှင်သန်ရပ်တည်ရေးအတွက် မိသားစုဘဝအတွက် ဒုက္ခမရောက်အောင် သွားပြီးတော့မှ ပေးလိုက်ရတယ်ဆိုရင်တောင် အဲဒီပေးလိုက်ရတဲ့မဲဟာ သူတို့ရင်ထဲကလာတဲ့ မဲမဟုတ်ဘူးလို့ပဲ ကျမက ယုံကြည်တယ်။ အဲဒါတစ်ခု အရင်ပြောချင်တယ်။ ဒါပေမယ့် တော်လှန်ရေးနယ်မြေ၊ လွတ်မြောက်နယ်မြေတွေ မှာရှိနေတဲ့ ပြည်သူတွေ အများကြီးရှိတယ်လေ။ စစ်ဘေးရှောင်ပြည်သူတွေ အပါအဝင်ပေါ့။ ဒီလူတွေကျတော့ စစ်တပ်ရဲ့ ဆိုးဆိုးရွားရွားအကြမ်းဖက်မှုကို ခံရပြီးတော့ အိုးအိမ်ပစ်ပြီးတော့တောင် ရှောင်ရှားနေရတယ်။ ဒါပေမယ့် ဒီစစ်တပ်နဲ့ မျက်နှာချင်းဆိုင် ကိုယ့်အိမ်လာတံခါးခေါက်ပြီးတော့မှ လာလိုက်ခဲ့၊ မဲမပေးလို့မရဘူး၊ မဲမပေးရင် ဖမ်းမယ်ဆိုတာမျိုး မကြုံရမယ့် လွတ်မြောက်နယ်မြေတွေ ရှိတယ်။ အဲဒီလွတ်မြောက်နယ်မြေမှာရှိတဲ့ ပြည်သူတွေက အခုလည်း ကျမတို့ တွေ့နေရတယ်ပေါ့။ အဲဒီလွတ်မြောက်နယ်မြေမှာ ရှိနေတဲ့ ပြည်သူတွေသည် သူတို့ရဲ့ ဆန္ဒကို သူတို့ တောက်လျှောက်ထုတ်ဖော်နေတယ်။

◘ ကောက်နှုတ်ချက်

People’s Goal နဲ့ People’s Spring တို့က ပူးပေါင်းစီစဥ် တင်ဆက်နေတဲ့ “ အ​တွေးအ​ခေါ်လမ်း” ရဲ့ စကားဝိုင်းဆွေးနွေးပွဲတစ်ခုဖြစ်တဲ့ “ စစ်တပ်​ရွေး​ကောက်ပွဲကို ဘယ်လိုတုံ့ပြန်မလဲ” ဆွေးနွေးပွဲကနေ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူဖြစ်သလို၊ ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) တည်ထောင်သူ ဒေါ်ခင်ဥမ္မာဆွေးနွေးထား ချက်တွေထဲက အချို့ကို ကောက်နှုတ်ဖော်ပြထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက်က ကျောက်မဲမြို့ကို စစ်ကောင်စီ ပြန်ထိန်းချုပ်ပြီးတဲ့နောက် ကျားဖြန့်လုပ်ငန်းတွေများလာတယ်လို့ ဒေသခံတွေက ဝေဖန်နေပြီး တရုတ်နိုင်ငံသား‌တွေရှိနေတဲ့ ကျားဖြန့်ရုံကို စစ်တပ်က နိုဝင်ဘာ ၃၀ရက်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

ဆောင်းပါး

လက်ရှိစစ်တပ်​ရွေး​ကောက်ပွဲကိုဝင်ပြိုင်ခဲ့တဲ့ပါတီ​တွေဟာ ၂၀၂၀ ​ရွေး​ကောက်ပွဲမှာ ခွက်ခွက်လန်​အောင်ရှုံးနိမ့်ခဲ့တဲ့ပါတီ​တွေဖြစ်ကြပါတယ်။​၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် စစ်တပ်အာဏာသိမ်းဖို့​မြောက်​ပေးတဲ့ပါတီ ၃၀ ​ကျော်ထဲကအများစုပဲဝင်ပြိုင်ကြတာဖြစ်ပါတယ်။

သတင်း

က​လေးငယ်တစ်ဦးအပါအဝင် ဒဏ်ရာရသူ ၂ ဦးအ​ခြေအ​နေစိုးရိမ်​နေရ

နိုင်ငံတကာ

ဂီနီယာ-ဘစ်ဆော နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စစ်တပ် အာဏာသိမ်းမှုဟာ တကယ့် အစစ်အမှန် မဟုတ်ဘဲ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ချင်လို့ အယောင်ပြ ဖန်တီးခဲ့တဲ့ လုပ်ဇာတ်တစ်ခုလို့ စွပ်စွဲမှုတွေ ထွက်ပေါ်လာပါတယ်။