မေ-၁၈၊၂၀၂၆။ သုည/People’s Spring
ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့ “ PROOF OF LIFE” လှုပ်ရှားမှုကို ဒီကနေ့ (မေ ၁၈ရက်)မှာ ပြုလုပ်ခဲ့ပါတယ်။
“ PROOF OF LIFE” လှုပ်ရှားမှုကို For Federal Myanmar (Berlin) အဖွဲ့က ဦးဆောင်ပြီး ဂျာမနီနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
ဆန္ဒပြမြန်မာတွေက “ Proof of Life Right Now” စာသားနဲ့ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံတွေ ကိုင်ဆောင်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိကြောင်း ခိုင်လုံတဲ့သက်သေပြပေးဖို့ တောင်းဆိုခဲ့တဲ့အပြင် မြန်မာစစ်အုပ်စုအား ဂျာမနီအစိုးရနဲ့ နိုင်ငံတကာက ဖိအားပေးဖို့အတွက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement
ယမန်နေ့ကလည်း ဗြိတိန်၊ နယ်သာလန်နဲ့ သြစတြေးလျနိုင်ငံမှ မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့အတွက် “ Proof of life” ဆန္ဒပြတောင်းဆိုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို ဧပြီ ၂၁ ရက်က စတင်ခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး သတင်းဖုံးထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိုးရိမ်နေကြတာပါ။
Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုမှု လုပ်ဆောင်နေတာ ဖြစ်ပါတယ်။



























































