-ကိုမင်းစုံရေးသားသည်။
မြန်မာပြည်မှာ အာဏာရှင်တွေဟာ သူတို့ဟာ ဘုန်းကံရှင်တွေ မင်းကောင်းမင်းမြတ်တွေ အဖြစ် အများပြည်သူတွေ ထင်လာအောင် လုပ်တဲ့နည်းအချို့ ရှိပါတယ်။
အဲ့ဒီနည်းလမ်းတွေဟာ ဟိုးအာဏာရှင်အဆက်ဆက် လုပ်ခဲ့တဲ့ မရိုးသောနည်းလမ်းတွေပါပဲ။ မိုးကုတ်ကနေ အရည်အသွေးအကောင်းဆုံး ပတ္တမြားကြီးတွေ့တာ ၊ ဖားကန့်ကနေ အကြီးဆုံးကျောက်စိမ်းတွင်းကြီးက တူးဖော်ရရှိတာ၊ ရခိုင်တို့ ဧရာဝတီတို့ဘက်ကနေ ကြံအင်လက္ခဏာ စုံလင်တဲ့ ဆင်ဖြူတော်တွေ တွေ့ရှိတာ စတာတွေပဲဖြစ်ပါတယ်။
တကယ်တော့ ဒါတွေဟာ အာဏာရှင်တွေရဲ့ ငါတို့လက်ထက်မှာ ဒါတွေတွေ့တာ ငါတို့ ဘုန်းကြီးလို့၊ ငါတို့က မင်းကောင်းမင်းမြတ်မို့လို့ ဆိုတဲ့ ဝါဒဖြန့်ချိရေးပဲ သက်သက်ပဲဖြစ်ပါတယ်။

Public Service Announcement
နိုင်ငံကို လက်နက်အားကိုးနဲ့ အုပ်ချုပ်ပြီဆိုရင် သူတို့ရဲ့တရားဝင်မှု(Legitimacy) ကို ရှာဖို့အတွက် ပြိုင်စံရှားကျောက်မျက်ရတနာတွေ၊ ဆင်ဖြူတော်တွေ၊ အထူးအဆန်းတွေကို ထုတ်ပြခဲ့ကြတာ အာဏာရှင်အဆက်ဆက်ပါပဲ။ ပြစရာမရှိရင် ပြရအောင် ဖန်တီးပြီး ပြည်သူတွေကို ဂျင်းထည့်ခဲ့တာအာဏာရှင် အဆက်ဆက်ပဲဖြစ်ပါတယ်။
အခုလည်း မရိုးသော နည်းလမ်းတခုကို သုံးပြီး ထုတ်ပြလာကြပြန်ပါပြီ။မိုးကုတ်မြို့ကနေပတ္တမြားကြီးတွေ့တာ နဲ့ မဟာဝိဇယ ဘုရားမှာ စိုက်ထားတဲ့ ညောင်ပင်က ညောင်ရွက်တွေအားလုံးဟာ ရွှေအိုရောင်ကိုပြောင်းလဲသွားတာတွေ သတင်းတွေထဲထည့်ကြေညာကာ နိုင်ငံအေးချမ်းသာယာတဲ့ နိမိတ်ကောင်းဆိုပြီး ဝါဒဖြန့်ချိနေကြပြန်ပါတယ်။
ဇွတ်သမ္မတမင်းအောင်လှိုင်လက်ထက်မှာ တွေ့ရှိတဲ့ မိုးကုတ်ပတ္တမြားကြီးဟာ ၂၂၀၀ ဂရမ်ရှိပြီး တွေ့ရှိဖူးသမျှပတ္တမြားတွေထဲမှာပိုတန်ဖိုးရှိပိုအရည်အသွေး ကောင်းပါသတဲ့။ မင်းဆော်ထက် ငါဆော်က ပိုမိုက်တယ် ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းစာသားလိုပဲ မင်းပတ္တမြားထက် ငါ့ပတ္တမြားက ပိုမိုက်တယ် လုပ်နေပါပြီ။ ဆိုလိုတာက ရှေးက အာဏာရှင်တွေထက်ငါက ပိုမင်းကောင်း မင်းမြတ် ပိုဖြစ်တယ်ပေါ့။
အရင်စစ်အစိုးရ စောမောင်တို့ သန်းရွှေတို့ လက်ထက်ကို ပြန်ကြည့်ရင် “နဝတ ပတ္တမြား” ဆိုတာ နာမည်ကြီးခဲ့တာပေါ့။ အလေးချိန် ၉၉.၂၅ ဂရမ် ရှိတဲ့ ဒီပတ္တမြားကြီးကို ၁၉၉၀ ပြည့်နှစ်တွေမှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်က သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေမှာ တိုင်းပြည်ရဲ့ ကံကြမ္မာပဲ မိုးထိုးတက်တော့မလိုလို၊ အစိုးရက ဘုန်းကံကြီးမားလို့ မြေစောင့်နတ်က ပေးသလိုလို နဲ့ ဝါဒဖြန့်ခဲ့ကြတာပါ။ အဲ့ဒီ စစ်အာဏာရှင် အဝန်းအဝိုင်းသာ ထားစရာမရှိအောင် ကျိကျိတက် ချမ်းသာသွားကြတာ သာမာန် ပြည်သူတွေကတော့ မွဲမြဲမွဲလျက် ငတ်မြဲငတ်လျက်ပါပဲ။
၂၀၀၀ ပြည့်နှစ် အစောပိုင်းမှာ ဖားကန့်ဘက်မှာ ကမ္ဘာ့အကြီးဆုံးလို့ ပြောလို့ရတဲ့ တန်ချိန် ၃၀၀၀ ကျော် ကျောက်စိမ်းတုံးကြီး တွေ့တယ်ဆိုပြီး ဟိုးဟိုးကျော်ခဲ့ပါသေးတယ်။ ဒါပေမဲ့ လက်တွေ့မှာ အဲဒီကျောက်စိမ်းတုံးကြီးတွေ ဘယ်ရောက်သွားလဲ။ ရှိရော ရှိသေးရဲ့လား။ပြည်သူတွေကတော့ လျှပ်စစ်မီးတောင် မှန်မှန်မရဘဲ ဖားကန့်က မြေစာပုံတွေအောက်မှာ အသက်ပျောက်နေရတုန်းပါပဲ။
တန်ဖိုးကြီး ရတနာတွေကအာဏာရှင်မိသားစုတွေနဲ့ သူတို့ရဲ့ ခရိုနီတွေရဲ့ စိန်စီတဲ့ နာရီတွေ၊ နိုင်ငံခြား ဘဏ်အကောင့်တွေဖြစ်ကုန်တာကတော့ လက်တွေ့ အရှိတရားပါပဲ။
မှတ်တမ်းတွေအရဆို မြန်မာနိုင်ငံမှာ ဟိုးစစ်အာရှင် စောမောင်တို့ သန်းရွှေတို့ခေတ်ကနေ ကနေ ဇွတ်သမ္မတ မင်းအောင်လှိုင်လက်ထက်ထိ တွေ့ခဲ့တဲ့ ပတ္တမြားတွေ၊ ကျောက်စိမ်းတွေဆိုတာ မနည်းမနောပါပဲ။
၁၉၉၀ ခုမှာ ၉၉.၂၅ ဂရမ်ရှိတဲ့နဝတပတ္တမြား၊ ၁၉၉၆ မှာ ၄၂၉၀ ဂရမ်ရှိတဲ့ ပတ္တမြား၊ ၂၀၂၂ ခုမှာ ၅၅၇.၈၅ ဂရမ်ရှိတဲ့ နစက ပတ္တမြားနဲ့ အခု ၂၀၂၆ မှာ ၂၂၀၀ ဂရမ်ရှိတဲ့ ပတ္တမြား၊ ၂၀၀၀ ခုမှာ တန် ၃၀၀၀ ကျော် ကမ္ဘာအကြီးဆုံးကျောက်စိမ်းနဲ့ ၂၀၁၆ ခုမှာ တန် ၂၁၀ ရှိတဲ့ ကျောက်စိမ်းတွေ ထွက်ရှိခဲ့ပါသတဲ့။
တန်ဖိုးကြီး သယံဇာတတွေပေါပေါများများထွက်နေပေမယ့် အဲ့ဒီအသီးအပွင့်ကို မြန်မာပြည်သူတွေ မခံစားရတာ ကနေ့ခေတ် အခြေအနေကို ကြည့်ရင် အလွန်သိသာလှပါတယ်။
မကြာခင်ကမှ ထွက်ရှိခဲ့တဲ့ WFP ( World Food Program) ရဲ့ အစီရင်ခံစာအရဆိုရင် ၂၀၂၆ ခု အတွင်း မြန်မာနိုင်ငံဟာ စားနပ်ရိက္ခာမလုံလောက်မှု အဆင့် ၅ ထိ ရှိလာမှာ ဖြစ်ပြီး ၁၂ သန်းလောက်ဟာ ပြင်းထန်တဲ့ ငတ်မွတ်မှုဘေးကို ရင်ဆိုင်ကြရမှာဖြစ်ကာ ၁၃ သန်းကျော်ဟာ စားနပ်ရိက္ခာတွေ ခက်ခဲလာပါမယ်တဲ့။ ဆိုးရွားလှတဲ့ ကိန်းဂဏန်းတွေပါ။
အဖိုးတန် ပတ္တမြားတွေ ကျောက်စိမ်းတင်မကပါဘူး၊ ဆင်ဖြူတော် ဆိုတာလည်း အာဏာရှင်တွေရဲ့ အကြိုက်ဆုံး တိရစ္ဆာန်တွေထဲမှာ ပါပါတယ်။ ဆင်ဖြူတော်တွေ့ရင် ဘုန်းတန်ခိုးကြီးတယ်၊ မင်းကောင်းမင်းမြတ်ဖြစ်တယ်ဆိုတဲ့ ရှေးရိုးစွဲအယူအဆနဲ့ ဆင်ဖြူတွေကို အတင်းဖမ်း၊ သိပ်မဖြူလည်းဖြူအောင်အတင်းလုပ်ပြီးတော့ နေပြည်တော်မှာ အကျဉ်းချထားခဲ့ကြတာ။
သတင်းဌာနတခုမှာ ရေးထားတာ ခုချိန်ထိ မြန်မာနိုင်ငံမှာ ဆင်ဖြူတော်အကောင်ရေ ၉ ကောင်ရှိပါတယ်တဲ့။ ဒါတောင် သေသွားတဲ့ ဆင်ဖြူတော်တွေရဲ့ အရေအတွက်မပါသေးဘူး။
ဘုန်းတံခိုးကြီး၊မကြီးနဲ့ မင်းကောင်းမင်းမြတ်ဖြစ်၊ မဖြစ်တော့ သေချာမသိပေမယ့် ဆင်ဖြူတော်တွေကတော အဲကွန်းခန်းထဲမှာ သံကြိုးခတ်ခံထားရသလို၊ တိုင်းပြည်ကလည်း မွဲပြာကျပြီး ဘာမှရစရာမရှိအောင် ပျက်စီးနေပါပြီ။
တကယ်တော့ ဒါတွေဟာ ဝါဒဖြန့်တာတွေပါပဲ။ အာဏာရှင်တွေဟာ ကုန်ဈေးနှုန်းတွေ အဆမတန် တက်နေတာကိုမမြင်စေချင်ဘူး။ မြန်မာကျပ်ငွေ တန်ဖိုးကမ္ဘာ့အောက်ဆုံး ရောက်နေတာကို မေ့ထားစေချင်တယ်။ စစ်မြေပြင်မှာ ရှုံးနိမိတ်ပြနေတာတွေကို ဖုံးကွယ်ချင်တယ်။ ငြိမ်းချမ်းသာယာနေတယ်လို့ ကမ္ဘာကို ပြချင်တယ်။
ဒါကြောင့် ငါ့လက်ထက်မှာ ပတ္တမြားတွေ့တယ် ကျောက်စိမ်းတွေ့တယ်၊ ဆင်ဖြူတော်တွေ့တယ်ဆိုတဲ့ဂျင်းကိုထည့်တာပါ။
ပတ္တမြားကြီးတွေ့လို့ ဘုန်းကံကြီးတယ်ဆိုတဲ့ မင်းအောင်လှိုင်ရဲ့ လက်ထက်မှာ ပြည်သူတွေကတော့ ဗုံးပတ်ကြဲခံရ ၊စစ်ကြောင်းထိုး အကြမ်းဖက်ခံရလို့သေဆုံး ဒဏ်ရာရ သူတွေက နေ့စဥ်အမျှပါပဲ ။ကယ်တော့ အာဏာသိမ်းပြီး လူသောင်းချီသတ်ခဲ့တဲ့ စစ်ရာဇဝတ်သားတွေ အမှန်သာဖြစ်ပါတယ်။
ပြည်သူတွေကတော့ကိုယ့်အိမ်ကိုယ်စွန့်ပြီး စစ်ဘေးရှောင်နေရတယ်၊ အလုပ်လက်မဲ့ ဖြစ်နေရတယ်၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်နေရတယ်။ ဒါဟာ ဘုန်းကံကြီးတာလား၊ ဒါမှမဟုတ် တိုင်းပြည်ကို ဆင်းရဲတွင်းထဲရောက်အောင် လုပ်နေတာလား။
အာဏာရှင်တွေရဲ့ ဖော်မြူလာကတော့ ပြည်သူတွေကို အဖိုးတန် သယံဇာတတွေပြပြီး မျက်လှည့်ပြမယ်၊ ပြီးရင် နောက်ကွယ်မှာ တိုင်းပြည်ရဲ့ အနှစ်သာရတွေကို ခိုးယူကြမယ်ဆိုတာပါပဲ။ ဒီထက်မပိုပါဘူး။
တကယ့် ရတနာဆိုတာ မြေကြီးထဲက ထွက်တဲ့ တွင်းထွက်သတ္တုတွေ၊ နေပြည်တော်မှာ ရှိတဲ့ ဆင်ဖြူတွေမဟုတ်ပါဘူး၊ တိုင်းပြည်ရဲ့ ငြိမ်းချမ်းမှု၊ တရားမျှတမှုနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွား ဘဝတွေပဲ ဖြစ်ပါတယ်။
အဲ့ဒါတွေ ဖျက်ဆီးနေသမျှတော့ မင်းကောင်းမင်းမြတ်ဆိုတာ ဘယ်သောအခါမျှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး ။ မင်းဆိုး မင်းညစ် စစ်ရာဇဝတ်ကောင်ပဲဖြစ်နေမှာသာဖြစ်ပါတယ် ။ ။




















































