close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့ တစ်နှစ်တာ အောင်မြင်မှုတွေ စာရင်းဆိုတဲ့ မှတ်တမ်းကို အိမ်ဖြူတော် ထုတ်ပြန်

‘ရက်ပေါင်း ၃၆၅၊ အောင်ပွဲ ၃၆၅’လို့ နာမည်ပေးထားတဲ့ မှတ်တမ်းတစ်ခုကို အိမ်ဖြူတော်က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

‘ရက်ပေါင်း ၃၆၅၊ အောင်ပွဲ ၃၆၅’လို့ နာမည်ပေးထားတဲ့ မှတ်တမ်းတစ်ခုကို အိမ်ဖြူတော်က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

အဲဒီ မှတ်တမ်းဟာ ၂၀၂၅ ခုနှစ်အတွင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် စွမ်းဆောင်ရယူထားတဲ့ အောင်မြင်မှုတွေကို စာရင်းပြုစုထားတာလို့ အိမ်ဖြူတော်က ဆိုပါတယ်။ သမ္မတ ထရမ့်ရဲ့ ဒုတိယ လေးနှစ်သက်တမ်း ပထမဆုံးနှစ်မှာ ရရှိခဲ့တဲ့ အောင်ပွဲတွေကို အဲဒီ မှတ်တမ်းက စုံစုံလင်လင် ဖော်ပြထားတာလို့ ပြောပါတယ်။

ထရမ့်ဟာ အမေရိကန်အတွက် မှန်ကန်တဲ့ ပြုပြင်ပြောင်းလဲမှု ရလဒ်တွေကို ဆောင်ယူပေးနိုင်ခဲ့တယ်လို့လည်း အိမ်ဖြူတော်က ညွှန်းဆိုထားခဲ့ပါတယ်။

မှတ်တမ်းထဲမှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေမှာတော့ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် အမေရိကန်ကို ရွှေ့ပြောင်း အခြေချမှုတွေကို ထင်ထင်ရှားရှား လျှော့ချပစ်နိုင်ခဲ့တာ၊ နှစ်အလိုက် လူသတ်မှု ကိန်းဂဏန်းတွေ စံချိန်တင် ကျဆင်းသွားတာ၊ အမေရိကန်ဆီ ရင်းနှီးမြှုပ်နှံမှုတွေ ဒေါ်လာ ထရီလီယံနဲ့ချီ ပြန်ဝင်ရောက်လာတာ၊ စစ်ပွဲ အတော်များများကို ရပ်တန့်စေတဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုတွေ ကြားဝင် ညှိနှိုင်းပေးခဲ့တာ၊ ဗျူရိုကရေစီ နှောင့်နှေးမှုတွေကို ထိထိရောက်ရောက် လျှော့ချပစ်နိုင်ခဲ့တာတွေ ပါဝင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သမ္မတ ထရမ့်ဟာ အမေရိကန်သာ ပဓာနဆိုတဲ့ သူ့ရဲ့ မူဝါဒကို အဆောတလျင် အကောင်အထည် ဖော်နေခဲ့ကြောင်း၊ ပြီးတော့ ဒါတွေက အစပဲ ရှိသေးကြောင်းလည်း မှတ်တမ်းက ဆိုပါတယ်။

မှတ်တမ်းကို စာအုပ်လိုမျိုး ထုတ်ပြန်တဲ့ အစီအစဉ်ကို အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်က ဇန်နဝါရီ ၂၀ ညနေပိုင်းမှာ ကြေညာရင်း အထူးဧည့်သည်တော် တစ်ယောက်ကို ဖိတ်ကြားချင်ကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အဲဒီနောက် ထရမ့်ကိုယ်တိုင် ရောက်လာပြီး စကားပြောခဲ့ပါတယ်။

သူဟာ နောက်တစ်ကြိမ် ရွေးကောက် မခံခဲ့ရဘူးဆိုရင် အမေရိကန်ဟာ အခုလောက်ဆိုရင် အတော်ကြီး ခပ်မြန်မြန် ပျက်စီးနေလောက်ပြီလို့ ထရမ့်က ပြောပါတယ်။ သူက အရင်သမ္မတဟောင်း ဂျိုးဘိုင်ဒန်ကြောင့် ကျိုးပဲ့ပျက်စီးနေတဲ့ နိုင်ငံကို ဆက်ခံခဲ့ရပြီး အရှုပ်တွေ အများကြီးကို ရှင်းခဲ့ရကြောင်း၊ ကိစ္စတိုင်းကို ပိုကောင်းလာအောင် ကြိုးစား လုပ်ဆောင်ခဲ့ကြောင်းလည်း ဆိုပါတယ်။

သူ့ရဲ့ အမေရိကန် အစိုးရဟာ အောင်မြင်မှုတွေ အများကြီး ပိုင်ဆိုင်ခဲ့ပြီးပြီလို့ ထရမ့်က ခပ်ကြွားကြွား ပြောပါတယ်။ သူ့အစိုးရဟာ အမေရိကန် သမိုင်းတလျှောက် ဖြတ်သန်းခဲ့ဖူးတဲ့ အစိုးရ အဆက်ဆက်ထက် ပိုမို စွမ်းဆောင်ပြထားကြောင်း၊ အမေရိကန် အတွက်တော့ ထူးကဲတဲ့ ကာလတွေ ဖြစ်လာကြောင်း သူက ဆက်ပြောသွားပါတယ်။

သူက ရွှေ့ပြောင်း အခြေချသူတွေကို ပစ်မှတ်ထား ဖြိုခွင်းတဲ့ မူဝါဒတွေအကြောင်း အလေးပေး ဆွေးနွေးခဲ့ပါတယ်။ ထရမ့်က မင်နီဆိုးတား ပြည်နယ်ထဲမှာ လက်ရှိ လုပ်ဆောင်နေတဲ့ ရွှေ့ပြောင်း အခြေချမှု တိုက်ဖျက်ရေး စီမံကိန်းတွေမှာ ရာဇဝတ်သားတွေအဖြစ် စွပ်စွဲ အဖမ်းခံခဲ့ရသူ တချို့ရဲ့ ဓာတ်ပုံတွေကို ပြသခဲ့ပြီး သူတို့တွေဟာ ငိုက်မြည်းနေတဲ့၊ ဒါမှမဟုတ် စိတ်ရင်းမမှန်တဲ့ ဘိုင်ဒန်အစိုးရက ဝင်ချင်သလိုဝင်ခွင့်ပေးလို့ အမေရိကန်ဆီ ရောက်နေခဲ့တာလို့ ပြစ်တင်သွားခဲ့ပါတယ်။

ထရမ့်ရဲ့ တစ်နှစ်တာ စွမ်းဆောင်မှုတွေ စာရင်းမှာတော့ နိုင်ငံတကာ စစ်ရေး ပဋိပက္ခတွေကို ရပ်တန့်စေခဲ့တဲ့ အကြောင်းတွေ၊ ခမ်းနားလှပတဲ့ အခွန်မူဝါဒလို့ သူညွှန်းဆိုခဲ့ဖူးတဲ့ ကုန်သွယ်ခွန် တိုးမြှင့်ကြပ်မတ်မှု ကိစ္စတွေ၊ မူးယစ်ဆေးဝါး တိုက်ဖျက်မှု နှိမ်နင်းရေး လုပ်ငန်းစဉ်တွေအကြောင်း ထည့်သွင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် NATO စစ်မဟာမိတ် အဖွဲ့ကိုလည်း ထရမ့်ဟာ သမိုင်းတလျှောက် အကောင်းဆုံး အကူအညီပေးခဲ့သူ၊ ပံ့ပိုးခဲ့သူ ဖြစ်တယ်လို့ ဆိုထားပါတယ်။

စာရင်းပါ အချက်အလက်တွေအရ အမေရိကန်ဟာ တရားမဝင် ရွှေ့ပြောင်း အခြေချသူ ၂.၆ သန်းကို နယ်နှင်တာ၊ ဒါမှမဟုတ် ကိုယ့်သဘောနဲ့ကိုယ် ထွက်ခွာခွင့် ပြုတာမျိုး နည်းလမ်းတွေနဲ့ ဖယ်ရှားခဲ့တယ်လို့လည်း သိရပါတယ်။

ကိုးကား: Deccan Herald

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်မှာ အစိုးရ အပြောင်းအလဲ ဘာကြောင့် မဖြစ်နိုင်ရမှာလဲလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မေးခွန်းထုတ်ခဲ့ပါတယ်။

သတင်း

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ရဲ့ ထောက်ပံ့ရေး ရန်ပုံငွေတွေကို သမ္မတ ဒေါ်နယ်လ်ထရမ့်က ရုတ်တရက် ဖြတ်တောက်ပစ်လိုက်တဲ့အခါ ပြည်တွင်းစစ်ဒဏ်ကြောင့် ထိုင်းနိုင်ငံက ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေရတဲ့ မြန်မာစစ်ရှောင် အများအပြားဟာ ကျန်းမာရေး စောင့်ရှောက်မှု အထောက်အပံ့တွေ လက်လှမ်းမီဖို့ အရမ်းခက်သွားပါတယ်။ Guardian...

နိုင်ငံတကာ

သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှု မြှင့်တင်လိုက်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်အတွက် လက်တုံ့ပြန်မယ်လို့ မက္ကဆီကို၊ ကနေဒါနဲ့ တရုတ် နိုင်ငံတွေက အသီးသီး ကြေညာထားကြပါတယ်။

ဆောင်းပါး

ရွေးကောက်ပွဲကြို မဲဆွယ်မှု ကာလတွေမှာ ကတည်းက ဒေါ်နယ်လ်ထရမ့်ဟာ သူသမ္မတ ဖြစ်လာရင် အမေရိကန်ရဲ့ နိုင်ငံတကာ ထောက်ပံ့ရေး ရန်ပုံငွေတွေကို ဖြတ်တောက် လျှော့ချမယ် ဆိုတာကို အကြိမ်ကြိမ် ပြောခဲ့ဖူးပြီးသားပါ။