close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂရင်းလန်ကိစ္စအတွက် လက်ခံနိုင်လောက်တဲ့ သဘောတူညီမှု ရထားကြောင်း ထရမ့်ပြောအင်အားသုံး သိမ်းယူတော့မှာ မဟုတ်ဘူးလို့ဆို

ဂရင်းလန်ကျွန်း အရေးကို ဖြေရှင်းဖို့ လက်ခံနိုင်လောက်တဲ့ ညှိနှိုင်း သဘောတူညီမှုမျိုး ရရှိထားပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

ဂရင်းလန်ကျွန်း အရေးကို ဖြေရှင်းဖို့ လက်ခံနိုင်လောက်တဲ့ ညှိနှိုင်း သဘောတူညီမှုမျိုး ရရှိထားပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

ကမ္ဘာ့စီးပွားရေးဖိုရမ် ဆွေးနွေးပွဲတွေအတွက် ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗော့စ်မြို့ဆီ ရောက်ရှိနေချိန် ဇန်နဝါရီ ၂၁ ရက်နေ့မှာ ထရမ့်က အခုကိစ္စကို လူမှုကွန်ရက်ကနေ ကြေညာခဲ့တာပါ။ သူက အာတိတ်မြောက်ပိုင်းမှာ တည်ရှိနေပြီး ရေခဲတွေ ဖုံးနေတဲ့ ကျွန်းကြီးကို ဒိန်းမတ် လက်ထဲကနေ အင်အားသုံး တိုက်ခိုက်သိမ်းယူနိုင်ခြေ ရှိတယ်ဆိုတဲ့ ကိစ္စကိုရော၊ ဂရင်းလန် ပြဿနာမှာ သူ့ကို ဆန့်ကျင်တဲ့ ဥရောပ မဟာမိတ်တွေအပေါ် သွင်းကုန်အခွန် တိုးမြှင့်တဲ့ နည်းလမ်းနဲ့ တုံ့ပြန် ဖိအားပေးသွားမယ်လို့ ခြိမ်းခြောက်ဖူးတာကိုရော ပြန်ရုပ်သိမ်းသွားခဲ့ပါတယ်။

ထရမ့်က လက်ရှိ ရထားတဲ့ ညှိနှိုင်းမှု ဘောင်တွေက ဂရင်းလန်နဲ့ ပတ်သက်ပြီး သူ့အပေါ် စိတ်ကျေနပ်မှု ရစေခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူအကြိမ်ကြိမ် တောင်းဆိုထားသလို ဂရင်းလန်ကို အမေရိကန် နိုင်ငံ ပိုင်နက်ထဲ သိမ်းသွင်းဖို့အထိ ဖြစ်လာဦးမှာလား ဆိုတာကိုတော့ ထရမ့်က အတိအကျ မှတ်ချက် မပေးသွားပါဘူး။ ပြီးတော့ အဲဒီ ကနဦး သဘောတူညီမှုတွေရဲ့ အသေးစိတ် အကြောင်းအရာတွေကိုလည်း ထုတ်မပြောခဲ့ပါဘူး။

သဘောတူညီမှုရဲ့ သက်တမ်းက ရေရှည်အတွက် ဖြစ်တယ်လို့တော့ ထရမ့်က ဆိုပါတယ်။ ဂရင်းလန်ကိုရော၊ အာတိတ်ဒေသ တစ်ခုလုံးကိုပါ လေးစားမှုရှိမယ့် အနာဂတ် သဘောတူညီမှု တစ်ခုအတွက် ကနဦး လုပ်ထုံးလုပ်နည်း အဆင့်တွေကို သဘောတူခဲ့ကြတာ ဖြစ်တယ်လို့ ထရမ့်က လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါဗော့စ်မှာ NATO စစ်မဟာမိတ် အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် မတ်ရူတေးနဲ့ တွေ့ဆုံမှုအပြီး ထရမ့်ဆီကနေ အခုလို အပြုသဘောဆန်တဲ့ အပြောင်းအလဲ စကားသံမျိုး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဂရင်းလန်ကိစ္စကို အကြောင်းပြုပြီး အမေရိကန်နဲ့ တိုက်ရိုက် ပြဿနာတက်မှာကို စိုးရိမ်နေရတဲ့ ဥရောပ နိုင်ငံတွေ အတွက်တော့ ရင်အေးစရာ ဖြစ်လာပါတယ်။

ထရမ့်က အဲဒီ ကနဦး ညှိနှိုင်းမှုတွေ အဆင်ပြေသွားတာကြောင့်လည်း ဒိန်းမတ် အပါအဝင် ဥရောပ မဟာမိတ် နိုင်ငံတွေကို ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး သွင်းကုန်အခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်စည်းကြပ်မယ့် ကိစ္စကို မေ့ပစ်လိုက်ပြီလို့ ဆိုပါတယ်။ အမေရိကန်ဟာ လိုချင်တာတွေ အားလုံး ရခဲ့ပြီးဖြစ်ကြောင်း၊ အဲဒီလိုလားချက်တွေကလည်း သက်တမ်း အကန့်အသတ်နဲ့ မဟုတ်ဘဲ အမြဲတမ်း တည်တံ့ဖို့ သဘောတူနိုင်ခဲ့တာဖြစ်ကြောင်း ထရမ့်က နောက်ပိုင်းမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

သတင်းထောက်တွေက အမေရိကန်ဟာ ဂရင်းလန်ရဲ့ အချုပ်အခြာ အာဏာကိုရော ထိန်းချုပ်ခွင့် ရမှာလားလို့ မေးတဲ့အခါ ထရမ့်က နည်းနည်း တုံ့ဆိုင်းသွားပြီးမှ အဲဒါဟာ အမေရိကန်ရဲ့ နောက်ဆုံးအဆင့် ရေရှည်ရည်မှန်းချက် ဖြစ်လိမ့်မယ်လို့ တုံ့ပြန်သွားပါတယ်။

ရူတေးကိုလည်း သတင်းထောက်တွေက ဂရင်းလန်ဟာ ဒိန်းမတ်ပိုင်နက်အဖြစ် ဆက်ရှိနေဦးမှာလားလို့ သတင်းထောက်တွေက မေးခဲ့ကြပြီး NATOရဲ့ အတွင်းရေးမှူးချုပ်က သူနဲ့ ထရမ့်တို့ ဆွေးနွေးပြီးတဲ့နောက် ပြဿနာတွေ ရှိတော့မှာ မဟုတ်ဘူးလို့ပဲ မတင်မကျ ပြန်ဖြေသွားပါတယ်။

ထရမ့်အနေနဲ့ အာတိတ်ဒေသမှာ ဥရောပ နိုင်ငံတွေ ဘာလုပ်သင့်သလဲ ဆိုတာကို အထူး အာရုံစိုက် ဆွေးနွေးခဲ့ကြောင်း၊ အဲဒီ ကျယ်ပြန့်တဲ့ ဒေသမှာ တရုတ်နဲ့ ရုရှားရဲ့ လှုပ်ရှားမှုတွေ ပိုမို ထူထပ်လာတာတွေ၊ ဒေသကို ဘယ်လို ကာကွယ်ရမလဲ ဆိုတာတွေကို အမေရိကန် သမ္မတ အထူးအလေးထားခဲ့ကြောင်းလည်း ရူတေးက ပြောကြားသွားပါတယ်။

NATOရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ အလီဆန်ဟတ်ကတော့ ထရမ့်ရည်ညွှန်းခဲ့တဲ့ ကနဦး ညှိနှိုင်းမှု လုပ်ထုံးလုပ်နည်း ကိစ္စအတွက် ဒိန်းမတ်၊ ဂရင်းလန်နဲ့ အမေရိကန်တို့ဟာ ဆက်လက် ဆွေးနွေးကြဦးမှာ ဖြစ်ကြောင်း၊ ပြီးတော့ ထရမ့် ထရမ့် စိုးရိမ်သလိုမျိုး ဂရင်းလန်မှာ ရုရှားနဲ့ တရုတ်တို့က စစ်ရေးအရဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ အခြေစိုက် ဖြန့်ကျက်လာမှာမျိုး လုံးဝမဖြစ်နိုင်တာ သေချာအောင်လည်း အစီအမံတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်း မှတ်ချက်ပေးသွားပါတယ်။

ဒါဗော့စ်မှာတော့ ကနေဒါ ဝန်ကြီးချုပ် မတ်ခ်ကာနေးနဲ့ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်တို့ဟာ ထရမ့်ရဲ့ ဂရင်းလန် သိမ်းယူရေး ဆန္ဒကို အတိအလင်း ကန့်ကွက်ခဲ့ကြပါတယ်။ ကာနေးက လက်ရှိ အခြေအနေတွေကို အမေရိကန်က ပြန်မသုံးသပ်ဘူးဆိုရင် အမေရိကန် ဦးဆောင်တဲ့ စနစ်တစ်ခုလုံး ပျက်သုဉ်းသွားနိုင်ကြောင်း သတိပေးခဲ့ပြီး အစည်းအဝေး တက်ရောက်လာသူတွေက မတ်တပ်ရပ် လက်ခုပ်တီး ဩဘာပေးခဲ့ကြပါတယ်။ မာခရွန်ကတော့ ဥရောပဟာ ဗိုလ်ကျခြယ်လှယ်မှုတွေကို ငြိမ်ခံနေမှာ မဟုတ်ကြောင်း ပြောကြားသွားပါတယ်။

ဒါပေမဲ့ ထရမ့်ကတော့ အဲဒီခေါင်းဆောင် နှစ်ဦးကို ပြန်လည် ထိုးနှက်ခဲ့ပြီး မျက်လုံးမှာ ပြဿနာ တစ်ခုရှိနေလို့ နေကာမျက်မှန်တပ်ပြီး အစည်းအဝေး တက်ခဲ့တဲ့ မာခရွန်ကို လှောင်ပြောင်သွားခဲ့ပါတယ်။ ထရမ့်က ကနေဒါဟာ အမေရိကန်ကြောင့် ရှင်သန်နေရတာ ဖြစ်ကြောင်း၊ အမေရိကန်ကို မှီပြီး အများကြီး အပါးခိုခွင့် ရနေတာကို ကျေးဇူးတင်သင့်ကြောင်း၊ ဒီကိစ္စကို မမေ့သင့်ကြောင်း ကာနေးကို နာမည်တပ်ပြီး သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်ပြောသွားခဲ့ပါတယ်။

ကိုးကား: AFP
ဓာတ်ပုံ – Getty Images

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂရင်းလန်ကျွန်းကို အမေရိကန် ပိုင်နက်ထဲ သိမ်းသွင်းချင်တဲ့ သူ့ဆန္ဒကို သမ္မတ ဒေါ်နယ်လ်ထရမ့်က အခိုင်အမာ ထပ်လောင်း ပြောဆိုခဲ့သလို ဒီကိစ္စမှာ နောက်ကြောင်းပြန်လှည့်ဖို့ အကြောင်းမရှိဘူးလို့ သတိပေးသွားပါတယ်။

နိုင်ငံတကာ

ဂရင်းလန်ကျွန်းကိစ္စ အငြင်းပွားမှုကို အကြောင်းပြုပြီး အမေရိကန်က ဗိုလ်ကျ အကျပ်ကိုင်တဲ့ သဘောမျိုး လုပ်လာတာကို သင့်တော်သလို တုံ့ပြန်ဖို့ ဥရောပ သမဂ္ဂ (EU)ဖက်က စဉ်းစားနေပါတယ်။

နိုင်ငံတကာ

ဂရင်းလန်ကျွန်းကို သိမ်းယူချင်တဲ့ သူ့ရဲ့ ဆန္ဒကို ဆန့်ကျင်တဲ့ နိုင်ငံတွေအပေါ် သွင်းကုန်အခွန် စည်းကြပ်မှုတွေ မြှင့်တင်ဖို့ စဉ်းစားနေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်လိုက်ပါတယ်။

နိုင်ငံတကာ

ပြင်သစ်နိုင်ငံ၊ ပါရီမြိုတော်မှာ မီးသင့်လောင်ကျွမ်းခဲ့ဖူးတဲ့ ကမ္ဘာကျော် နော့ထရီဒမ် ဘုရားကျောင်းကြီး ပြန်လည် ဖွင့်လှစ်မှု အခမ်းအနားကို ဒေါ်နယ်လ်ထရမ့် တက်ရောက်မယ်လို သိရပါတယ်။