အမေရိကန်နဲ့ နောက်ကွယ်မှာ ဆွေးနွေးမှုတွေ ရှိနေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားတွေကို အီရန်ဖက်က အကြိမ်ကြိမ် ငြင်းဆန်နေပေမယ့် ထရမ့်ကတော့ အီရန်ဟာ အမှန်အတိုင်း ဝန်ခံရမှာ ကြောက်နေရုံသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
နှစ်နိုင်ငံကြားမှာ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲကို ရပ်ဆိုင်းဖို့ နောက်ကွယ်မှာ ဆွေးနွေးနေပြီး တိုးတက်မှုတွေလည်း ရှိနေတယ်လို့ ထရမ့်က ပြောထားပေမယ့် အီရန် အစိုးရဖက်ကတော့ အမေရိကန်နဲ့ လုံးဝ တိုက်ရိုက် ဆွေးနွေးမနေကြောင်း တုံ့ပြန်ခဲ့ပါတယ်။
လောလောလတ်လတ်အဖြစ် မတ်လ ၂၅ ရက်နေ့မှာတင် အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီက အမေရိကန်ဟာ ကြားခံ အမျိုးမျိုးသော လမ်းကြောင်းတွေကနေ အီရန်ဆီ ဆက်သွယ်မှုတွေ ရှိနေကြောင်း၊ အဲဒီ သတင်းစကားတွေကို အီရန်ရဲ့ မိတ်ဖက်နိုင်ငံ တချို့က ယူဆောင်လာပေးကြောင်း၊ ဒါပေမဲ့ အီရန်ကတော့ မူလ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ဆွဲကိုင်ထားပြီး ဆွေးနွေးတာတွေ၊ ညှိနှိုင်းတာတွေ ဘာမှ မလုပ်နိုင်ဘူးဆိုတာ တုံ့ပြန် အသိပေးခဲ့ကြောင်း ပြောကြားသွားပါတယ်။
လောလောဆယ်မှာ အီရန်ရဲ့ ဦးစားပေး မူဝါဒဟာ ကာကွယ်ရေး တစ်ခုတည်းဖြစ်ပြီး ဆွေးနွေးမှုတွေအတွက် စိတ်ကူးမထားသေးဘူးလို့လည်း အာရက်ချီက ဆိုပါတယ်။ သူက လက်ရှိ စစ်ပွဲဟာ အစ္စရေးရဲ့ အကျိုးစီးပွား အတွက်သာဖြစ်ပြီး အမေရိကန်နဲ့ ဒေသတွင်း နိုင်ငံတွေရဲ့ ပြည်သူတွေက အချောင် ပေးဆပ်နေရတာ ဖြစ်တယ်လို့လည်း ဝေဖန်သွားပါတယ်။

Public Service Announcement
အီရန်ဟာ ဆွေးနွေး ညှိနှိုင်းနေတာ အမှန်ပဲ ဖြစ်ကြောင်း၊ သဘောတူညီမှု တစ်ခုခုကိုလည်း အသေအလဲ လိုချင်နေကြောင်း၊ ဒါပေမဲ့ ဒီကိစ္စကို ထုတ်ဝန်ခံရမှာကိုတော့ အီရန်က ကြောက်လန့်နေကြောင်း၊ သူတို့ လူတွေကိုယ်တိုင်က သူတို့ကို ပြန်သတ်ပစ်မှာ ကြောက်နေလို့ ဖြစ်နိုင်ကြောင်း မတ်လ ၂၃ ရက်နေ့က ရီပတ်ဘလစ်ကန် လွှတ်တော် အမတ်တွေနဲ့အတူ ညစာစားချိန်မှာ ထရမ့်က ပြောကြားခဲ့ပါတယ်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်ကလည်း သမ္မတ ထရမ့်ဟာ လွန်ခဲ့တဲ့ ၃ ရက်အတွင်း အီရန်နဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ဆက်တိုက် လုပ်ဆောင်နေခဲ့တယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။ အမေရိကန်ရဲ့ စစ်ဆင်ရေးတွေဟာ ရည်မှန်းထားတဲ့အတိုင်း အထမြောက်နေပြီး အီရန် အစိုးရဟာ ထွက်ပေါက်တစ်ခုကို အသည်းအသန် လိုအပ်နေပြီလို့လည်း လီဗာဗစ်က ပြောဆိုသွားပါတယ်။


















































