close
Connect with us

Hi, what are you looking for?

ဆောင်းပါး

မာမီ ​နောက်ဆုံးချက်ခဲ့တဲ့ ခရမ်းသီးနှပ်

ဒလပန်း/People’s Spring

အရင်ရက်တွေလိုပဲရှေ့တန်းမှာ အာဏာသိမ်းစစ်တပ်ကိုအပြင်းအထန်ခုခံတိုက်ပွဲဝင်နေတဲ့ရဲဘော်တွေအတွက် ထမင်းနဲ့ ဟင်းတွေလာပို့ကြတယ်။ ဟင်းက ခရမ်းသီးနှပ်ပါ။

ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေအတွက် လက်နက်ခဲယမ်းက အရေးပါသလို စားနပ်ရိက္ခာကလည်း အရေးကြီးလှပါတယ်။

ရန်သူနဲ့အသက်ချင်းထပ်ပြီးတိုက်ပွဲဝင်ရတဲ့ ရှေ့တန်းစစ်မျက်နှာမှာ ရဲဘော်တွေအတွက် အဟာရ ပြည့်ဝဖို့လိုပါတယ်။အဟာရ ပြည့် အားရှိမှသာ ပင်ပန်းဆင်းရဲမှုဒဏ်ကို ခံနိုင်ပြီး စစ်ပွဲကိုကောင်းမွန်စွာတိုက်နိုင်မှာပါ။

Public Service Announcement

Public Service Announcement

ဒါပေမယ့် ရှေ့တန်းစစ်မျက်မှာလိုနေရမှာ စားနပ်ရိက္ခာအတွက် ချက်ပြုတ်စားသောက်လို့မရတာကြောင့် ရဲဘော်တွေဟာ နောက်တန်းက ပို့ပေးတဲ့ ရိက္ခာတွေပဲ အားကိုးကြရပါတယ်။

ကရင်ပြည်နယ် ၊ မြဝတီတောင်ဘက် မင်းပံလက် ဒေသမှာ စစ်တပ်စစ်ကြောင်း​တွေရှေ့မတိုးနိုင်အောင် ခုခံကာကွယ်နေရတဲ့ ရဲဘော်တွေဟာလည်း တိုက်ပွဲအတွင်း အဟာရပြည့်ဝဖို့ နောက်တန်းက ပို့ပေးတဲ့ ရိက္ခာတွေကိုပဲ အားကိုးကြရပါတယ်။

စစ်တပ် စစ်ကြောင်း ရှေ့မတိုးနိုင်အောင် ခုခံ ကာကွယ်နေရတဲ့ ရဲဘော်တွေအာဟာရပြည့်ဝဖို့ နောက်တန်းကနေ ချက်ပြုတ်ပြီး ရိက္ခာပံ့ပို့ပေးနေသူတွေထဲ အသက် ၄၇ နှစ်အရွယ်ရှိပြီးဖြစ်တဲ့ ဒေါ်စန္ဒာလည်းအပါအဝင်ပါ။

ရဲဘော်တွေက အမေတစ်ယောက်လို ချစ်ရတဲ့အတွက် ချစ်စနိုးနဲ့ မာမီ (ဝါ)မာမီ​ရွှေမန်းလို့လည်းခေါ်ကြပါတယ်။

“၂၀၂၂ ကစပြီး ချက်ပြုတ်ရေးတာဝန်ယူတဲ့အချိန်မှာ ကျွန်တော်တို့အပေါ်ကို သားတစ်ယောက်လို ဂရုစိုက်တယ်ဗျာ။ အဲ့တော့ ရဲဘော်တွေကနေပြီးတော့ နာမည်တစ်ခုပေးခဲ့တာပေါ့ဗျာ ကိုယ့်အမေလိုမျိုးဆိုတော့ အဲ့ချိန်ကစပြီး မာမီဆိုပြီးတပ်ခေါ်ခဲ့တာ “ လို့ ရဲဘော်တစ်ဦးက ​ဒေါ်စန္ဒာကို ရဲ​ဘော်​တွေက မာမီလို့အမည်​ပေးဖြစ်ပုံကိုပြောပါတယ်။

စကားပြောပွင့်လင်းပြီး ဒုတ်ထိုးအိုးပေါက်ပြောတတ်သလို အသံကျယ်ကျယ်ပြောတတ်တာကလည်း ရဲဘော်တွေချစ်ရတဲ့ မာမီရဲ့ ပုံစံတစ်ခုပါ။

မာမီ ( ခ ) ဒေါ်စန္ဒာ ဟာ ကော်ဘရာစစ်ကြောင်း တပ်ခွဲ( ၄ )မှာ တာဝန်ထမ်းနေတဲ့ ရဲဘော်တစ်ဦးလည်းဖြစ်ပါတယ်။

ဒါအပြင်တပ်ခွဲ (၄)သာမက ရဲဘော်တွေအားလုံးအတွက် စားနပ်ရိက္ခာ အဆင်ပြေစေဖို့ ချက်ပြုတ်ရေးတာဝန် စားဖို တာဝန်ကိုပါ သူထမ်းဆောင်ပါတယ်။

ရှေ့တန်းမှာတိုက်ပွဲဝင်နေတဲ့ ကော်ဘရာ စစ်ကြောင်းက ရဲဘော်တွေအပြင်တခြားပူးပေါင်းစစ်ကြောင်းက ရဲဘော်တွေအတွက်ပါ မာမီတို့ အဖွဲ့ကမငြီးမညူထမင်း၊ဟင်းချက်ပြုတ်ပေးပါတယ်။

ရဲဘော်တွေအတွက် တစ်ရက်ကို ၂ နှပ်စာအတွက် ချက်ပြုတ်ပေးရတာပါ။

ချက်ပြုတ်ရေးတင်မဟုတ် မာမီက ရဲဘော်တွေအပေါ်လည်း သားသမီးတွေလို စေတနာ မေတ္တာထားပြီး ဆက်ဆံတတ်သူတစ်ဦးဖြစ်တယ်လို့ ရဲဘော်တွေကတညီတညွတ်တည်းပြောကြပါတယ်။

မာမီဟာ မန္တလေးဇာတိဖြစ်သလို စစ်တပ်အာဏာသိမ်းလိုက်ချိန်မှာ မတရားမှုကို ငုံမခံတက်တဲ့ အများနည်းတူ အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တဲ့သူတဦးလည်းဖြစ်ပါတယ်။

ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေတဲ့လက်နက်မဲ့ ပြည်သူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေသုံးပြီး သတ်ဖြတ်ချိန်မှာ မာမီဟာ လက်နက်ကိုင်ခုခံ​တော်လှန်ဖို့ကရင်ပြည်နယ် လေးကေ့ကော် ဒေသကို ခင်ပွန်းဖြစ်သူကိုလတ်နဲ့ ထွက်ခွာလာခဲ့ပါတယ်။

၂၀၂၁ အစောပိုင်းကာလဖြစ်တာကြောင့် စစ်သင်တန်းတွေ တရားဝင်မခေါ်သေးခင်မှာ အိမ်ငှား​​နေပြီးစစ်သင်တန်းစောင့်ဆိုင်းရတဲ့ အချိန်မှာကတည်းက အိမ်ရှိလူကုန်အတွက် မာမီနဲ့ သူ့အမျိုးသားဟာ ထမင်းဟင်းတွေ ချက်ခဲ့​ပေးခဲ့ကြတာပါ။

အဲ့ဒီနောက် ၂၀၂၁ ခုနှစ် မေလမှာ တောင်ပိုင်းရဲ့ အထင်ကရ စစ်သင်တန်းဖြစ်တဲ့ တာပိုခီးသင်တန်းကို မာမီနဲ့ သူ့အမျိုးသားလည်းတက်ရောက်ခဲ့ပါတယ်။သင်တန်းသား ၃၀၀ ကျော်တက်ရောက်ခဲ့တဲ့ အဲ့ဒီသင်တန်းမှာ မာမီအပါအဝင် အမျိုးသမီး ၃၀ ကျော်ပါဝင်ခဲ့ပါတယ်။

သင်တန်းဆင်းပြီးချိန်ကစပြီး ဒီကနေ့ချိန်ထိ မာမီဟာ ထမင်း၊ဟင်းချက်ပြုတ်တာအပြင် ကျရာတာဝန်တွေကို ထမ်းဆောင်ရင် တော်လှန်ရေးမှာ ဆက်လက်ပါဝင်ခဲ့တာပါ။

” ရဲဘော်တွအကုန်လုံးကို သားတွေလို ထိန်းကြောင်းတယ်ဗျာ။သားတွေကို ထားခဲ့ပြီး မခွဲရက်နိုင်ဘူးပေါ့ဗျာ။မခွဲရက်နိုင်တော့သူလည်း ရှေ့တန်းမှ မဟုတ်ဘူး နောက်တန်းမှာပဲဖြစ်ဖြစ် ထမင်းချက်ရ ၊ချက်ရသူအနေနဲ့ လိုက်မယ်ဆိုပြီးတော့ ဆက်ပါဝင်နေတာ” လို့ ရဲဘော်တစ်ဦးက ပြောပါတယ်။

မတ်လ၂၃ ရက်မှာတော့ ရဲဘော်တွေအတွက် ရွှေတောင်ကြီး ပြိုလဲကျခဲ့တဲ့ အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

မတ်လ ၂၃ ရက် ည ၁၀ နာရီဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်​နေတဲ့ မင်းလက်ပံ​ဒေသမှာ စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးဟာ မာမီတို့ ရှိတဲ့ နေရာပေါ်ကို ကျရောက်ကွဲခဲ့ပြီး မာမီအပါအဝင် ရဲဘော် ၃ ဦး ကျဆုံးခဲ့ရပါတယ်။

“အဲ့ဒီနေ့က ခရမ်းသီးနှပ်ချက်ကျွေးခဲ့တာ မာမီချက်ကျွေးတာ နောက်ဆုံးစားခဲ့ရတာပေါ့ “ လို့ ရဲဘော်တစ်ဦးက ဖွင့်ဟပါတယ်။

စစ်တပ်ဟာ မြဝတီမြို့တောင်ဘက်က လက်လွှတ်ခဲ့ရတဲ့ မြန်မာ-ထိုင်းနယ်စပ်တလျှောက်က စစ်တပ်စခန်းတွေကိုပြန်ထိန်းချုပ်ဖို့ ၂၀၂၅ခုနှစ် အောက်တိုဘာအတွင်းက စစ်ကြောင်း သုံးကြောင်းနဲ့ တန်ပြန်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

စစ်ကြောင်းသုံးကြောင်းနဲ့ စစ်ကြောင်းထိုးနေပေမယ့်လည်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်မှုတွေကြောင့် စစ်တပ်ဟာ ဖလူးနဲ့ မင်းလက်ပံကျေးရွာအနီးကနေ ရှေ့မတိုးနိုင်ပါဘူး။

ရှေ့တိုးနိုင်ဖို့အရေး မဲကနယ်၊ လက်ခတ်တောင်နဲ့ လေးကေ့ကော်အမြောက်ကုန်းမှာရှိတဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေဟာတိုက်ပွဲဖြစ်ပွားရာနေရာကိုကျော်ပြီးအရပ်သားပြည်သူတွေရှိတဲ့နေရာတွေကိုပါ ဒရုန်း၊ ကာမီကာဇေနဲ့ လက်နက်ကြီး ပစ်ခတ်ခဲ့ပါတယ်။ အဲဒီလို စစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးဟာ မာမီတို့ရှိ​နေတဲ့ ​နောက်တန်းကိုကျပြီး မာမီအပါအဝင် ​​နွေဦး​တော်လှန်​ရေးအတွက်အားကိုးရတဲ့ ရဲ​ဘော် သုံးဦးကျဆုံးခဲ့ရတာပါ။

မာမီအပါအဝင် ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေရဲ့ ရုပ်အလောင်းတွေကို မတ်လ ၂၅ ရက်မှာ သဂြိုလ်ခဲ့ပါတယ်။ရဲဘော်တွေအပြင် မာမီကို ချစ်ခင်တဲ့၊​လေးစားတဲ့ မိတ်ဆွေတွေကပါ နာရေးကိုလိုက်ပါပို့ဆောင်ခဲ့ကြတာပါ။

ဒါအပြင် တိုက်ဆိုင်စွာပဲ မြေချတဲ့နေ့ဟာ မာမီရဲ့ ၄၇ နှစ်ပြည့် မွေးနေ့ရက်လည်းဖြစ်တယ်လို့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။

မာမီဟာ ကျဆုံးသွားပေမယ့် ရဲဘော်တွေနဲ့ တော်လှန်ရေးအပေါ်မှာထားရှိတဲ့ မာမီရဲ့ အနစ်နာခံပြီးမွန်မြတ်တဲ့စိတ်ဓာတ်ကတော့ ​ရဲ​ဘော်​တွေရဲ့ နှလုံးသားထဲ အမြဲအမှတ်တရရှိ​နေကြမှာဖြစ်ပါတယ်။

​တော်လှန်​ရေး နဲ့ ရဲ​ဘော်​တွေအ​ပေါ် သံ​ယောဇဥ်ကြီးလှတဲ့ မာမီ တစ်​ယောက် အမြဲပြင်းပြင်းပြပြဆန္ဒရှိခဲ့တာက​တော့ ​တော်လှန်​ရေးရဲ​ဘော်​တွေ စု​စုစည်းစည်းနဲ့ စစ်တပ်ကိုတိုက်ခိုက်​ချေမှုန်းတာကိုမြင်လိုတာပဲဖြစ်တယ်လို့ ရဲ​ဘော်တဦးကဖွင့်ဟပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပဲခူးတိုင်းစစ်ဌာန ဗျူဟာ(၂၂)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေသာမက စစ်တပ်ကိုတော်လှန်နေတဲ့ မဟာမိတ်အဖွဲ့တွေအားလုံး စုစည်းနိုင်ပါက တော်လှန်ရေး ပိုထိရောက်မှာဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) CDM Siyin(စီးယင်း) စစ်ဦးစီးချုပ် Thawng Puက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်တပ် ရှေ့ပြေးကင်းအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ခြောက်ဦးထက်မနည်းသေဆုံးတယ်လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံကိုသူရိန်က လူထုနွေဦးကို ပြောပါတယ်။

သတင်း

တော်လှန်ရေးရဲ့ လက်ရှိ အခြေအနေဟာ စိတ်ဓာတ်ကျစရာမရှိဘဲ အောင်မြင်ဖို့အတွက် အားနည်းချက်ရှာ အားသာချက်ဖြစ်အောင်လုပ်ပြီး တော်လှန်ရေးပန်းတိုင်အတွက် ဆက်လက်ကြိုးစားကြရမယ်လို့ချင်းညီနောင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။