— မောင်ဆောင်းခ
ကွပ်ကဲရေးမှူး
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)
⦿ ၅ နှစ် တာကာလအတွင်း လူထုတော်လှန်ရေးရဲ့ အားနည်းချက်၊ အားသာချက်။
မောင်ဆောင်းခ – အထူးသဖြင့်တော့ ကျနော်တို့က လက်နက်ကိုင်တော်လှန်ရေးကို အစောပိုင်းကတည်းက ရွေးချယ်ခဲ့တာဖြစ်တဲ့အတွက် အဲဒီအပိုင်းကို နည်းနည်းပိုပြီးတော့ ပြောချင်ပါတယ်။ စစ်အနိုင်တိုက်ရေးစဉ်းစားကြပေမယ့်လည်း စစ်တပ်တွေဖြစ်အောင် အစောတလျှင် မတည်ဆောက်နိုင်ခဲ့တာကတော့ အားနည်းချက်လို့ ကျနော်တို့မြင်ပါတယ်။ တပ်တခုမှာ အရေးအကြီးဆုံးအချက်တွေကတော့ Chain of Command နဲ့ Code of Conduct တွေကို လိုက်နာနိုင်စွမ်းရှိမှုပါပဲ။ ဆိုတော့ တပ်တခု ဖြစ်လာပြီးသွားပြီ။ အမိန့်ပေးလို့ မရဘူး။ တပ်တွေကို တနေရာကနေတနေရာ ရွှေ့ပြောင်းလို့မရနိုင်ဘူးဆိုရင် ကျနော်တို့က တနိုင်ငံလုံး အတိုင်းအတာနဲ့ လွှမ်းခြုံနေသော မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုကို အနိုင်တိုက်ဖို့ဆိုတာက တကယ့်တကယ် လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။ တကယ်ကတော့ ကျနော်တို့တပ်တွေကို ဒီ ၄ နှစ်ကျော် ၅ နှစ်အတွင်းမှာတော့ တော်တော်များများဟာ နားလည်သွားခဲ့ပြီ။ ဒီအခြေအနေကို လက်ခံသွားပြီ။ ငါတို့ပြုပြင်မှ ရမယ်။ ဒီပုံစံနဲ့ မရတော့ဘူးဆိုတာတော့ အများကြီး ပြောင်းလဲလာခဲ့ပြီ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ကျနော်တို့က အစောပိုင်းကာလမှာ တပ်ပေါင်းစုဖို့အတွက် ခက်ခဲ့ပေမယ့် အခု ၄ နှစ်ကျော်ကာလမှာ တပ်ပေါင်းစုဖို့အတွက် ပိုပြီးတော့ လွယ်ကူလာတယ်။ ဒီ ၄ နှစ်အတွင်းမှာတော့ ကျနော်တို့ ဒီ NUG, MOD အပါအဝင် သူ့ရဲ့ လက်အောက်မှာမရှိတဲ့ တပ်တွေကအစ ဒီအမြင်တွေရှိလာတဲ့အတွက် ဒါဟာ အားသာချက်အနေနဲ့ ပြန်ဖြစ်သွားတယ်လို့ ယုံကြည်တယ်။ အထူးအားသာချက်အနေနဲ့ကတော့ မင်းအောင်လှိုင်စစ်တပ်ပေါ့နော်။ ပြောရမယ်ဆိုရင် တခြား တိုင်းရင်းသားတွေခေါ်သလို ဗမာစစ်တပ်ပဲဖြစ်ဖြစ်ပေါ့နော်။ ဒီတပ်ကို အရင်ကကျတော့ ကျနော်တို့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေကပဲ ရွံရှာမုန်းတီးတာပေါ့နော်။ ပိုပြီးများတာပေါ့။ အရင်တော်လှန်ရေးတွေမှာဆို မြို့ပေါ်မှာရှိတဲ့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးနဲ့ ဆက်စပ်ပတ်သက်တဲ့ လူတွေကသာ ပိုပြီးတော့ တပ်အပေါ်မှာ ရွံရှာ မုန်းတီးလေ့ရှိတယ်။ ကျေးလက်တွေဘာတွေက အဲလောက်ကြီးအထိ သတင်းအချက်အလက် မရတာရောဘာတွေရောကြောင့် အများကြီး အကျိုးသက်ရောက်မှုမရှိဘူးပေါ့နော်။

Public Service Announcement
နောက်တခုက ကျေးလက်မှာရှိတဲ့ တောသူတောင်သားတွေက များသောအားဖြင့် စစ်ဗိုလ်ဖြစ်ချင် ကြတာ၊ စစ်သားသားသမီးတွေတို့ နောက် စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်နေကြတာလည်း များတာပေါ့လေ။ ဆိုတော့ အဲဒီအခြေအနေကနေ ကျော်သွားတယ်ပေါ့။ အခုဆိုရင်ဒါက လက်ရှိဒီစစ်အုပ်စုကို မြို့နေလူထုရော၊ ကျေးလက်နေ ပြည်သူလူထုပါမကျန် ဒီစစ်တပ်အပေါ်မှာ ရွံရှာမုန်တီးမှု၊ ဒီတပ်ကို ဘယ်တော့မှ လက်သင့်ခံလို့မရတော့ဘူးဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်ချက်တွေ ဒါကြီးက အရမ်းအားကောင်းတယ်။ ဒီဟာ အားကောင်းသ၍ ကျနော်တို့က ဆက်တွန်းလို့ရတယ်။ ဒါပေမယ့် ဒါအားကောင်းတယ်ဆိုပြီးတော့ ကျနော်တို့ အလုပ်ကို စနစ်တကျမလုပ်ပဲနဲ့ လျော့တိလျော့ရဲနဲ့ ဖြစ်သလိုပဲသွားမယ်ဆိုရင်တော့ ဒီအားကောင်းမှုကလည်း အရှိန်ပြန်ကျသွားနိုင်တယ်။ ဆိုတော့ တချို့ အခွင့်အရေးတွေက ခဏပဲရတယ်။ အဲဒီရတဲ့ အခွင့်အရေးတွေကို ကျနော်တို့ မိမိရရဆုပ်ကိုင်နိုင်မှသာလျှင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်မှာဖြစ်တယ်။ ဒါကြောင့် အခုကတော့ အချိန်မှီသေးတယ်။ ကျနော်တို့ ဒီတော်လှန်ရေး တစုံလုံးစာ ပြင်ဆင်ဖို့ ရှေ့ဆက်ပြီး နောက်တဆင့်တက်နိုင်ဖို့ အချိန်လည်း မှီသေးတယ်။ အခုလည်း ကျနော်တို့ ဆက်ရွေ့နေတာဖြစ်တယ်။ ဒါကြောင့် ကျတော်အနေနဲ့ကတော့ အားသာချက်အနေနဲ့ လူထုရဲ့ စစ်အုပ်စုအပေါ်မှာ မုန်တီးမှု၊ နာကျည်းမှု ဒါတွေသည် ဘယ်လိုနည်းနဲ့မှ အဖတ်ဆယ်လို့မရတော့ဘူး ဖြစ်တယ်။ ဒါတွေကို အားပြုပြီးတော့ပဲ ကျနော်တို့ စိတ်ခံစားချက်တွေကို ခံယူချက်တွေအဖြစ်နဲ့ အတွေးအခေါ်တွေအဖြစ်နဲ့ ပြောင်းလဲပြီးတော့ ဒီခရီးကို မရောက်ရောက်တဲ့ထိအောင် လျှောက်မယ်ဆိုရင် ဒီတော်လှန်ရေးက မအောင်မြင်စရာမရှိဘူးလို့ပဲ ကျနော်ယုံကြည်ပါတယ်ခင်ဗျ။
⦿ တော်လှန်ရေးအောင်ပွဲအတွက် ၂၀၂၆ ဆီ ဆက်သယ်ဆောင်သွားချင်တဲ့အရာတွေက ဘာတွေဖြစ်မလဲ။
မောင်ဆောင်းခ – နံပါတ်တစ်ကတော့ ညီညွတ်မှုပါ ခင်ဗျ။ ကျနော်တို့က အစိတ်စိတ်အမွှာမွှာဖြစ်နေတာဖြစ်တဲ့အတွက် ညီညွတ်မှုက ပထမဦးစားပေးလို့ မြင်ပါတယ်။ ညီညွတ်တဲ့အခါမှာ နံပါတ်တစ်က ကျနော်တို့ မဟာမိတ်ဆက်ဆံရေးတွေ တည်ဆောက်တဲ့အခါမှာ သားတပည့်မွေးသလို တည်ဆောက်လို့မရပါဘူး။ ညီအစ်ကိုလို မဟာမိတ်လို ဆက်ဆံဖို့ တည်ဆောက်နိုင်ကြဖို့ အရမ်းအရေးကြီးပါတယ်။ ကျနော်တို့နဲ့ ရင်းနှီးပတ်သက်ခဲ့ကြတဲ့ မဟာမိတ် တော်တော်များများကတော့ များသောအားဖြင့် ကျနော်တို့ကို ညီအစ်ကိုဆက်ဆံံရေးမျိုး တန်းတူဆက်ဆံရေးမျိုး ထားပြီးတော့ တည်ဆောက်ကြတာ တွေ့ရပါတယ်။ အဲလိုပဲ နွေဦးတော်လှန်ရေးတပ်တွေ အချင်းချင်းကြားမှာလည်း အဲဒီလိုမျိုး ညီအစ်ကို ဆက်ဆံရေးမျိုး တည်ဆောက်နိုင်ဖို့၊ သားတပည့်မွေးသလိုမျိုး မဟုတ်ဘဲနဲ့ ကိုယ့်လက်အောက်ငယ်သားလို ကိုယ့်လက်အောက်ခံ အဖွဲ့အစည်းလိုမျိုး မတည်ဆောက်ဘဲနဲ့ တန်းတူဆက်ဆံရေး တည်ဆောက်နိုင်တယ်ဆိုရင် ဒါ လူတွေက အသိအမှတ်ပြုခံချင်ကြပါတယ်။ ဒါလူတိုင်းရဲ့ သဘောသဘာ၀ပါ။ ဆိုတော့ ဒါတွေကို ကျနော်တို့က နားလည်တယ်၊ သိရှိတယ်ဆိုရင် ဒီလိုအမှုအကျင့်တွေ ဆက်လက်သယ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီလိုနည်းလမ်းအားဖြင့် ညီညွတ်မှုကို တည်ဆောက်ရမှာပေါ့။
ကျနော်အမြဲတမ်း ပြောတဲ့ စကားတစ်ခွန်းရှိတာက ဘာလဲဆိုတော့ ကျနော်တို့ တိုင်းပြည်မှာ နိုင်ငံရေး Tolerance အားနည်းတာများတယ်။ တစ်ယောက်နဲ့တစ်ယောက် သည်းခံနားလည် နိုင်စွမ်းမရှိကြဘူး။ တခုခုဆိုရင် ဟာကနဲ ဟင်ကနဲ ပြီးသွားတာပေါ့နော်။ အဆုံးအစွန်ကိုပဲ ကျနော်တို့က စဉ်းစားကြတယ်။ လုံးဝ တဖက်အစွန်းကို ရောက်သွားကြတာ များတယ်။ နံပါတ်တစ် Priority က ညီညွတ်ရေး။ ပြီးရင် စည်းရုံးရေးအသွင်ဆောင်တဲ့ တော်လှန်ရေးဖြစ်ဖို့လိုတယ်။ ပြီးတော့ နောက်တခုက အမျှော်အမြင်ရှိ ရှိလုပ်ရမှာပေါ့။ တစ်ကွက်လေးစာ မစဉ်းစားနဲ့ပေါ့နော်။ တစ်ကွက်လေးစာ စဉ်းစားလို့တော့မရဘူး။ ရေရှည် ကျနော်တို့ ဘယ်လောက်အထိပြင်မလဲ။ ကျနော်တို့ရဲ့ မူကတော့ ကျနော်တို့ တပ်အနေနဲ့ ကိုယ့်ကိုကိုယ် ထားတဲ့မူကတော့ စစ်ပုံကျရေးပဲ။ စစ်တပ်တစ်ခုကို ဖြိုချဖို့ဆိုရင် ကိုယ်ကိုတိုင် စစ်တပ်တခု ဖြစ်ဖို့လိုတယ်ပေါ့နော်။ ကျတော်တို့မှာတော့ စစ်တပ်တွေအများကြီးရှိတာပဲ။ နွေဦးတော်လှန်ရေးမှာ တပ်တွေအများကြီးရှိတယ်။ ဒါပေမဲ့ တကယ်တပ်တွေဖြစ်ဖို့လိုတယ်။ တကယ် အောက်ကလူက တစိပ်ပဲရှိရှိ၊ တစုပဲရှိရှိ၊ တစ်ခွဲပဲရှိရှိ အဲဒါဟာ အမိန့်ပေးနိုင်ဖို့ လိုတယ်။ အင်အားတွေ လူတွေ အများကြီးဖြစ်နေပြီးတော့ အမိန့်ပေးလို့မရဘူးဆိုရင် အဲတာစစ်တပ်မဟုတ်ဘူး။ ဒါဟာလက်နက်ကိုင်ထားတဲ့ အရပ်သားပဲလို့ ကျနော်အမြဲပြောတယ်။ အဲ့လိုပုံစံ မဖြစ်ဖို့ လိုပါတယ်။
ကျနော်တို့ တစ်ချို့ဟာတွေ ပြန်တည်ဆောက်သင့်ရင် တည်ဆောက်ရမယ်။ အဲဒါမှသာလျှင် ရှေ့တန်းမှာလည်း နံပါတ်တစ် အကျအရှုံးလည်းနည်းမယ်။ မလိုလားအပ်ဘဲ ကျည်တွေအများကြီး ဖြုန်တီးသလိိုလည်း မဖြစ်ဘူး။ တကယ် စစ်တိုက်တတ်တဲ့လူက ကျည်အများကြီး ဖြုန်းမှာ မလုပ်ဘူး။ မဟုတ်ရင်တော့ ကျနော်တို့က အဲလို မိုးပေါ်ထောင်ပစ်တာ၊ ရမ်းပစ်တာ ဒါတွေက ကျတော်တို့တပ်ရဲ့ အစောပိုင်းကာလမှာလည်း ရှိခဲ့ပါတယ်။ တစ်ခါတစ်လေမှာတော့ ရှိပါတယ်။ သို့သော် ဒါတွေကို ကျတော်တို့က ခုအချိန်မှာ ကျော်လွှားသင့်ပြီ။ ပြောင်းလဲသင့်ပြီ လို့ ကျနော်တို့ယုံကြည်ပါတယ်။ ဒါကြောင့် ကျနော်တို့က စစ်ပုံကျတဲ့တပ်တွေ ဖြစ်အောင် ကျတော်တို့ တည်ဆောက်ရမယ်။ ကိုယ်ကိုတိုင် Institution ခိုင်ခိုင်မာမာနဲ့ အထက်ကအမိန့်ကို နာခံနိုင်တဲ့ တပ်မျိုးဖြစ်ရမယ်။ အဲဒီလိုပဲ အမိန့်ပေးတဲ့သူဟာလည်း ကျတော်တို့ရဲ့ နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်တွေအပေါ်မှာ သွေဖည် ပေးလို့မရဘဲနဲ့ အဲတာကရေးကြီးတာပေါ့နော်။ မဟုတ်ရင် ကျနော်တို့က ကိုယ့်ရဲ့ Direction ပြောင်းသွားတယ်ဆိုရင် အလကားပဲ။ တပ်ရဲ့ အားနည်းချက်က စစ်တပ်တွေရဲ့ အားနည်းချက်က အဲ့တာပဲ။ တဖက်မှာ အမိန့်နာခံမှုကောင်းအောင် ကြိုးစားခြင်းအားဖြင့် တပ်တွေခိုင်မာလာတယ်။ သို့သော် အပေါ်က အမိန့်ပေးတဲ့သူ မကောင်းဘူးဆိုရင်လည်း ချက်ချင်း ကျွမ်းထိုးမှောက်ခုံဖြစ်သွားတာလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ကျနော်တို့ ခေါင်းဆောင်ပိုင်း အားကောင်းဖို့ကလည်း အရေးကြီးတယ်။ Institution အားကောင်းဖို့ကလည်း အရေးကြီးတယ်လို့ ယူဆပါတယ်ခင်ဗျ။
⦿ ၂၀၂၆ မှာဖြစ်လာနိုင်တဲ့ အခင်းအကျင်းကို သုံးသပ်ပေးပါဦး။
မောင်ဆောင်းခ –တပ်ကတော့ အခုနကပြောသလိုပဲ တရုတ်ရဲ့ အကူအညီလည်းယူထားတယ်။ ပြီးတော့ နောက်တခုက တရုတ်ဆီမှာလည်း ကတိခံထားတယ်ပေါ့။ အထူးသဖြင့်တော့ ရွေးကောက်ပွဲကို သူဒီနှစ်အတွင်းမှာ ဖြစ်အောင်လုပ်မယ်။ သူရဲ့ ၂၀၀၈ ကို ပြန်အသက်သွင်းဖို့ ဆိုရင်လည်း ၂၀၂၆ မှာ အရပ်သားအစိုးရတက်ဖို့လည်း သူတို့ ပြင်ထားပုံရပါတယ်။ ဆိုတဲ့အခါမှာ ဒါကြောင့် ဘယ်လိုအခြေအနေမျိုးပဲရောက်ရောက် စစ်အုပ်စုကတော့ ဒီရွေးကောက်ပွဲကို ရအောင်လုပ်သွားမှာပဲ။ ရအောင်လုပ်မယ်ဆိုတာ ရတာတော့မဟုတ်ဘူး။ ဒီလိုပဲ အလဲလဲအကွဲကွဲနဲ့ ပြဿနာပေါင်း တစ်သောင်းခြောက်ထောင် မတရားမှုတွေ မညီမျှမှုတွေနဲ့ အစောနကပြောသလိုပဲ သူတို့ခေါင်းစဉ်တပ်တာကတော့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာမျိုးပေါ့နော်။
အရင်ကဆိုရင်တောင်မှ ကျနော်တို့က ဒါ ၂၀၀၈ အောက်မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရွေးကောက်ပွဲ၀င်ခဲ့တဲ့အတွက် အားလုံးက ဒါနောက်ကိုလိုက်ခဲ့ကြတဲ့ အခြေအနေရှိတယ်။ အခုအချိန်မှာတော့ ၂၀၀၈ အောက်ကို ကျနော်တို့ ဘယ်တော့မှ ပြန်မသွားဘူးဆိုတဲ့ ယုံကြည်ချက် ကျနော်တို့မှာ ပြတ်ပြတ်သားသားရှိပြီးသားဖြစ်တယ်။ ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီး ၂၀၀၈ အောက်က ရွေးကောက်ပွဲပြန်ဝင်မယ်ဆိုရင်တောင်မှ ကျနော်တို့အနေနဲ့ လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါကြောင့် ကျနော်တို့က ၂၀၀၈ အောက်ကို ဘယ်လိုနည်းနဲ့မှ ပြန်ပြီးဒူးမထောက်ဘူး။၂၀၀၈ ကို ဖျက်သိမ်းပြီးတော့ ပျက်ပြီးတော့ ပေါ့နော်။ ဖျက်သိမ်းတယ်ဆိုတာ ကျနော်တို့ အခုက တစ်ဖက်သတ် ဖျက်တာမဟုတ်ဘူး။ တကယ်တစနိုင်ငံလုံးအတိုင်းအတာနဲ့ တကယ် ၂၀၀၈ ကို အပြီးတိုင်ဖျက်သိမ်းပြီးတော့ တကယ်ကိုပဲ အားလုံးရဲ့ သဘောဆန္ဒတွေ ညှိုညှိုနှိုင်းနှိုင်းတဲ့ရေးဆွဲထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပေါ်ပေါက်ရေး နိုင်ငံတော်အသစ်တည်ဆောက်ရေးကိုပဲ ကျနော်တို့ ဦးတည်ပြီးတော့သွားမယ်။ ၂၀၀၈ အောက်ကနေပြီးတော့ ဘယ်တရားမျှတမှု ဘယ်လွတ်လပ်မှုမှ ရလိမ့်မယ်လို့ ကျနော်တို့ မယုံကြည်ပါဘူး။ ဆိုတော့ အဲဒီဟာကလည်း အခုလူတွေအများကြီး နားလည်ပြီးသွားပြီလို့ ထင်ပါတယ်။
ဒါကြောင့် ကျနော်တို့အနေနဲ့ကတော့ လက်ရှိ ၂၀၀၈ အောက်ကလုပ်တဲ့ ဘယ်ရွေးကောက်ပွဲမဆို ဒီလာမယ့်ဟာရော၊ နောက်နောင်ဖြစ်လာမယ့် ဘယ်ရွေးကောက်ပွဲမဆို လက်ခံမှာ မဟုတ်ဘူးဆိုတာကို အတိအလင်းကျတော်တို့ ပြောချင်ပါတယ်။ ဆိုတော့ ၂၀၀၈ မဖျက်သိမ်းမချင်း ကျနော်တို့ ဆက်တိုက်မယ်။ ပြောချင်တာက အကြာကြီးလည်း တိုက်စရာမလိုပါဘူး။ အဲလိုပြောလို့ ကျနော်တို့ False Hope ပေးတာမဟုတ်ဘူး။ ကျနော်တို့ဟာ ကိုယ်သွားချင်တဲ့လမ်းကို စနစ်တကျနဲ့ မှန်မှန်ကန်ကန် သွားဖို့ပဲလိုတယ်။ ဆိုတော့ လွန်ခဲ့တဲ့ နှစ်များဆီကပေါ့ဗျာ။ ကျတော်တို့အခု စစ်ရေးမှာအရမ်းအောင်မြင်နေတဲ့ အာရက္ခတပ်တော် ကြည့်မယ်ဆိုရင် ၂၀၀၉ ခုနှစ်မှာ သူတို့စပြီးတော့ ထူထောင်ခဲ့ကြတယ်။၂၀၀၉ ခုနှစ်မှာ ဘာနိုင်ငံရေး Motivation မှ မရှိပါဘူး စဉ်းစားကြည့်မယ်ဆိုရင်။ အဲဒီတော့ လူလေး အယောက်၂၀ ကျော်နဲ့ ဒီလိုမျိုး ကျားကုတ်ကျားခဲ ဒုက္ခတွေကြားထဲဖြတ်သန်းပြီးတော့ အခုအချိန်မှာ အအောင်မြင်ဆုံး ERO လို့တောင်ပြောလို့ရပါတယ် လက်ရှိအခြေအနေအရဆိုရင်။ ဒါ ၁၅ နှစ်ဝန်းကျင် မှာပေါ့။
ကျနော်တို့ရော ဘာလို့ ဆယ့်လေး ငါး နှစ် လောက် Investment မလုပ်နိုင်ရမှာလဲ။ ကျနော်တို့ရဲ့ဘ၀တွေ၊ ကျနော်တို့ရဲ့အချိန်တွေ ဒီတိုင်းပြည်မှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့အတွက် ဘာလို့မပေးဆပ်နိုင်ရမှာလဲလို့ ကျတော်မေးချင်ပါတယ်။ အထူးသဖြင့်တော့ ကျနော်တို့ရှေ့မှာလည်း အများကြီးပေးဆပ်ခဲ့ပြီးသွားပြီ။ ဒါတွေအကုန်လုံး အလကားအဖြစ်ခံလို့မရဘူး။ ဒါတွေသည် ပြီးပြီးရော ဖြစ်သွားလို့မရဘူး။ ဒီဟာတွေအတွက် တကယ်သာ ကျနော်တို့ ကိုယ်နဲ့အတူတူ ယှဉ်တိုက်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေ၊ ယှဉ်တိုက်တာမဟုတ်ဘဲနဲ့ ဒီအတိုင်း ပစ်သတ်ခံခဲ့ရတဲ့ ပြည်သူတွေ ရှိပါတယ်။ ဒါတွေကို ကျနော်တို့ အားနာတယ်ဆိုရင် ဒါတွေအတွက် ရှက်စရာကောင်းတယ်လို့ ကျနော်တို့ ယူဆတယ်ဆိုရင် ဒီစစ်အာဏာရှင်စနစ်ကို အနိုင်တိုက်ဖို့အတွက် စနစ်တကျ ချီတက်ရမယ်။ ညီညီ ညွတ်ညွတ်နဲ့ သွားကြမယ်ဆိုရင်တော့ နောက်မကြာတော့တဲ့ ကာလတစ်ခုမှာ ကျနော်တို့ ပြန်ပြီးတော့ စစ်ရေးအရအားသာတဲ့ အခြေအနေကို ရောက်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။
⦿ စစ်တပ်က ပြန်ဦးမော့လာတဲ့အခြအနေဖြစ်နေသလား။
မောင်ဆောင်းခ – စစ်ရေးဆိုတာကတော့ အမြဲတမ်း သူတစ်ပြန် ကိုယ်တစ်ပြန် ရှိတတ်ပါတယ်။ အမြဲတမ်း ကိုယ်ကချည်းပဲ အားသာနေရမယ်လို့ မဟုတ်ဘူးပေါ့လေ။ ဆိုတော့ အစောပိုင်းကာလ ၂၀၂၂/၂၃/၂၄ လောက်အထိ တောက်လျှောက် ကျနော်တို့ဘက်ကနေ အများကြီး ဖိအားပေးနိုင်ခဲ့တာပဲ။ ဒါပေမဲ့ တစ်ဖက်မှာ တရုတ်ရဲ့ အကူအညီနဲ့ စစ်ကောင်စီ ပြန်ခေါင်းထောင်လာတယ်။ တစ်ချို့မြို့တွေ ပြန်ပေးလိုက်ရတယ်။ အဲဒီအခြေအနေကြောင့် လက်ရှိအခြေအနေမှာ စစ်တပ်က စစ်ရေးအရ အားသာနေတယ်ဆိုတာ ကျနော်တို့ ငြင်းလို့မရဘူး။ သို့သော် ဒါကို လက်တွေ့ကျကျ ဝေဖန်သုံးသပ်နိုင်ဖို့လိုတယ်။ အရှိတရားကို လက်ခံရဲဖို့လိုတယ်။ အဲဒါဆို အရှိတရား ကိုယ့်ရဲ့ အခြေအနေကိုလက်ခံနိုင်မှ ဘယ်လိုပြုပြင်ပြောင်းလဲလို့ရမလဲဆိုတာ လူကသိတာကိုး။ ဒါကြောင့် ကျနော်ကတော့ ဒီစစ်ရေးအရ စစ်တပ်က လက်ရှိအချိန်မှာ အားသာနေတယ်ဆိုတာကို လက်ခံတယ်။
သို့သော် ကျနော်တို့လည်း ဒီအားသာနေချက်ကို ကျနော်တို့ ဘက်ကနေ တစ်ခေါက်ပြန်ပြီးတော့ ပြန်အားသာဖို့အတွက် ဘယ်လိုလုပ်မလဲ ဆိုတာကို ကျနော်တို့ အစဉ်တစ်စိုက်ကြိုးစားနေတာပဲ။ ဒါကြောင့်ပဲ ပြီးခဲတဲ့ ကာလမှာပဲ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) ဆိုတာပေါ်လာတာပေါ့ဗျာ။ ဒါ ဒီ တစ်လနှစ်လတည်းနဲ့ လုပ်ခဲ့ရတာမဟုတ်ဘူး။ ရေရှည် အကြာကြီီး တစ်ဖွဲ့ချင်းစီနဲ့ deal လုပ် ဆွေးနွေးပြီးတော့ ဖြစ်အောင် တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ ဆိုတော့ အဲတော့ ကနဦး ဖွဲ့စည်းကြောင်းကြေညာချက်တွေပေါ့နော်။ ရှေ့လျှောက်ပြီးတော့ တောက်လျှောက် ကျနော်တို့ အလုပ်တွေလည်း အသေအချာလုပ်နေကြတယ်။ အတူတကွလည်း တိုက်ပွဲဝင်နိုင်ဖို့အတွက် လေ့ကျင့်ရေးအစီအစဉ်တွေ အများကြီးပဲပေါ့နော်။ ဒီ SRA ရဲ့ခေါင်းစဉ်အောက်မှာ ကျနော်တို့ ရှေ့ဆက်ပြီးတော့ ညီညီညွတ်ညွတ်နဲ့ တကယ်ကို အားကြိုးမာန်တက်နဲ့ လုပ်နေကြတာ ရှိပါတယ်။ ဒါကိုတော့ ကျနော်ဒီနေရာကနေ အသိပေးလိုတယ်။ ဘာပဲပြောပြော ကျတော်တို့ရေရှည်မှာ ဒီ NUG, MOD ရဲ့ တပ်တွေရယ်၊ ကျတော်တို့ SRA တပ်ပေါင်းစုရဲ့ တပ်တွေရယ်၊ နောက်တစ်ခု SRA ထဲမှာ မပါဝင်နိုင်သေးတဲ့ အခြားသောအင်အားစုတွေရယ်။ အဲလို ညီညီညွတ်ညွတ်နဲ့သာ ပေါင်းပြီးတော့ တိုက်မယ်ဆိုရင် တစ်ချို့ ERO တွေ လက်မှတ်ထိုးရင်တောင်မှပဲ ကျတော်တို့ နွေဦးတော်လှန်ရေးအနေနဲ့ ဆက်လက်ပြီး တောင့်ခံနိုင်ဦးမယ်။ စစ်တပ်ကို အမြဲတမ်း အသာစီးရဖို့အတွက် အစဉ်တစ်စိုက် ကြိုးပမ်းနေဦးမယ်လို့ ပြောကြားလိုပါတယ်ခင်ဗျ။
⦿ နှစ်သစ်မှာ လူထုအနေနဲ့ဘယ်လိုပုံစံမျိုးနဲ့ တော်လှန်ရေးမှာ ဆက်ပါဝင်သင့်သလဲ။
မောင်ဆောင်းခ – လူထုက ပါဝင်ပေးတာ လုံလောက်နေပါပြီ။ ကျနော်တို့ပဲ ကြိုးစားရမှာပါ။ ကျနော်မြင်တာကတော့ အဲလိုမျိုး ပန်ကြားမှုမျိုးထက် ဒီတော်လှန်ရေးဟာ ကြာနိုင်ပါသေးတယ်။ မကြာခင် တနှစ်နှစ်နှစ်အတွင်း ပြီးမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျတော်တို့က သစ်ပင်တစ်ပင်ရဲ့ အကိုင်းအခက်ပဲခုတ်တာမဟုတ်ဘဲနဲ့ ဒီတစ်ပင်လုံးရဲ့ အမြစ်ပါမကျန် တူးနှုတ်ပြီးတော့ နောက်တစ်ကြိမ်ပြန်ပြီး ရှင်သန်ခွင့်မရအောင် ကျတော်တို့ ကြိုးစားကြတာဖြစ်တာကိုး။ အကိုင်းအခက်လေး ချိုင်ရုံဆိုရင်တော့ မြန်တာပေါ့ဗျာနော်။ အမြစ်ပါ တူးနှုတ်မယ် လှန်မယ် ဆိုရင်တော့ အချိန်ယူရတာပေါ့ဗျာ။ ပိုပြီးတော့ အနုစိတ်တယ်။ ပိုပြီးတော့ ပင်ပန်းကြရတယ်။ ဒါကြောင့် တော်လှန်ရေးဟာ အတိုင်းအတာတစ်ခုအထိ ကြာဦးမှာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့စိတ်တွေကို အဲဒီအတွက်ပြင်ထားဖို့လိုတယ်။
တစ်ချို့ဆို ကျနော်ဆီကို ဘယ်တော့လောက်ပြီးမလဲဆိုတာ ယနေ့အချိန်ထိ မေးနေကြတုန်းပဲ။ ဒါသည်လည်းပဲ လူထုကို အပြစ်တင်လို့မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လူထုက နိုင်ငံရေးသမားမဟုတ်ဘူး။ လူထုဆိုတာက စိတ်ခံစားချက်တွေအပေါ်မှာ အခြေခံမယ်။ ပြီးရင် မြန်မြန်ပြီးချင်တဲ့ ဆန္ဒတွေရှိမယ်။ အကုန်လုံးပေါ့။ ဒါပေမယ့် ဒါတွေကို ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေအနေနဲ့ ဒါတွေကို နားလည်အောင်ရှင်းပြဖို့လိုတယ်။ တော်လှန်ရေးသည် စနစ်တကျနဲ့ သွားရမှာဖြစ်တယ်။ ဒီစစ်အာဏာရှင် အမြစ်ဖြတ်ရေးအတွက် ရည်ရွယ်တာဖြစ်တဲ့အတွက် ကာလတစ်ခုအထိကြာနိုင်ပါတယ်။ အဲဒီအတွက် စိတ်ကိုပြင်ထားဖို့ အဲဒါ အရေးကြီးပါတယ်။ ဒီနေရာမှာ ကျနော်ပြောချင်တဲ့ သတင်းစကားက ကျနော်တို့ လူထုအားလုံး စိတ်ကို ပြင်ထားပါ။ ကျတော်တို့သွားရမယ့် ခရီးကဝေးပါတယ်။ နောက်တစ်ခုက နားစရာရှိရင်လည်း နားပါ။ ပြီးရင် ပြန်လုပ်ပါ။ အမြဲတမ်း ဒီအပေါ်မှာပဲ အချိန်စိုက်ပြီးတော့ နောက်ဆုံးအထိမသွားနိုင်တာမျိုး ခြေကုန်လက်ပမ်းကျသွားတာမျိုး ကျနော်တို့ စိတ်တွေအဆင်မပြေတော့တဲ့အခါမှာ တော်လှန်ရေးလုပ်ရတာလည်း အဆင်မပြေဘူး။ ဒါတွေကိုလည်း ကျနော်တို့နားလည်တယ်။ မြို့ပေါ်မှာပဲဖြစ်ဖြစ် ဘယ်နေရာမှာပဲဖြစ်ဖြစ်ကျနော်တို့ ဟာ ကိုယ့်စိတ်အပန်းဖြေဖို့သွားတဲ့ ပျော်ပွဲရွှင်ပွဲတွေလည်း ကျတော်ကမကန့်ကွက်ဘူး။ ဒါတွေက ရှိသင့်တယ်လို့ ကျတော်က ယုံကြည်တယ်။ ဘာလို့လဲဆိုတော့ ရေရှည်သွားရမှာကိုး။ ကျတော်က အဲလို ယူဆတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်အားတင်းထားပါ။ ကျနော်တို့ ပြောချင်တဲ့ဟာက မရောက်မချင်းရောက်အောင် သွားမယ်။ အတတ်နိုင်ဆုံး မြန်မြန်ရောက်အောင်သွားမယ်ဆိုတာလည်း သတင်းစကားပါးချင်ပါတယ်ခင်ဗျ။
⦿ အညာထက် မြို့ပြစစ်ဆင်ရေးတွေကို ဦးစားပေးဖို့အမြင်တွေအပေါ် ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။
မောင်ဆောင်းခ – နှစ်ခုလုံး လိုအပ်ပါတယ်။ ကျိန်းသေတာကတော့ စောနက ပြောသလိုပဲ မြို့ပြစစ်ဆင်ရေးတွေသည် ပုံစံတစ်ခုနဲ့ ရှိရတာကိုး။ များသောအားဖြင့် ကျနော်တို့ဒီတပ်ဦးပိုင်းကာလမှာ ဒီသင်တန်းမှာအရမ်းကြမ်းတော့ တစ်ချို့ရဲဘော်တွေက တောင်းပြန်ကြတယ်ပေါ့နော်။ သူတို့တောထဲမှာ စစ်သင်တန်းတက်ပြီး စစ်မတိုက်လိုတော့ဘူး။ မြို့မှာပဲ UG လုပ်မယ်ဆိုတာမျိုး ပြောကြတာပေါ့။ UG ကို ပိုပြီး သက်တောင့်သက်သာဖြစ်တယ်လို့ ယူဆကြတာမျိုး ဖြစ်ကောင်းဖြစ်မယ်လို့ထင်တယ်။ တကယ့်တကယ်ကတော့ UG တွေသည် တောထဲမှာ Special Train ပြီးတော့ လွှတ်တာမျိုးဖြစ်တယ်။ ဒါကြောင့် အရေးအကြောင်းဆိုရင် ဖောက်ထွက်နိုင်မှု၊ ကိုယ်ကပိတ်မိတယ်ဆိုရင်တောင်မှပဲ ဘယ်လိုနည်းလမ်းအားဖြင့် ရုန်းထွက်မလဲဆိုတဲ့ဟာ စစ်သားတစ်ယောက်လို၊ ကွန်မန်ဒို တစ်ယောက်လို စဉ်းစားနိုင်စွမ်းရှိရင်တော့ ပိုပြီးတော့ကောင်းတာပေါ့။ တကယ့်တကယ်ကတော့ ကျနော်တို့ မြို့ပြစစ်ဆင်ရေး လုပ်မယ်ဆိုရင်တောင်မှ ပြောပြီးလုပ်ရမှာ မဟုတ်ဘူးလေ။ တိုးတိုးတိတ်တိတ် လုပ်ရမယ့်ကိစ္စပါ။ လုပ်မယ်ဆိုရင်တောင် ကျတော် ပြောမှာ မဟုတ်ပါဘူး။ ကျိန်းသေတာကတော့ တွေ့ကရနေရာ လျှောက်တိုက်တာမဟုတ်ဘူး။ ရတဲ့ လွယ်တဲ့ဟာတိုက်တာမဟုတ်ဘဲနဲ့ ရေရှည်မှာ SRA တပ်ပေါင်းစုအနေနဲ့ကျတော့ မဟာဗျူဟာမြောက်တဲ့ တပ်စခန်းတွေကိုပဲပိုပြီးတော့ ဦးတည်တိုက်ခိုက်သွားမှာမျိုး ဖြစ်ပါတယ်။ အရင်ကဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် စုစည်းညီညွှတ်မှုမရှိဘူး။ တစ်ယောက်နဲ့တစ်ယောက် သတင်းအချက်အလက် ဖလှယ်နိုင်စွမ်းမရှိတဲ့အခါမှာ အားလုံးက ကိုယ့်ရဲ့ အဖွဲ့ခေါင်းစဉ်နဲ့ပဲ ကိုယ်သန်ရာသန်ရာနေရာတွေမှာ တိုက်ကြတာ တွေ့ကြတာပေါ့ဗျာ။ အခုကျတော့ (၁၉) ဖွဲ့ ဖြစ်သွားတဲ့အခါမှာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ စဉ်းစဉ်းစားစားပေါ့နော်။ ဘယ်ဟာကတော့ ပိုပြီးတော့ ဖြစ်သင့်တယ်။ စသည်ဖြင့်ပေါ့နော်။ စစ်ဆင်ရေးစီမံချက်ကတော့ တစ်ဖွဲ့တည်းကရေးပြီးတော့ တဖွဲ့တည်းလုပ်တာမဟုတ်ဘဲနဲ့ အားလုံးကနေရေးလာ ပြီးတော့ (၁၉) ဖွဲ့အားလုံးပါတဲ့ ခေါင်းဆောင်တွေအားလုံးပါတဲ့ ဦးဆောင်ကော်မတီလိုမျိုးမှာ ကျေကျေလည်လည် ဆွေးနွေးပြီးတော့ ဒီလိုစီမံချက်၊ ဒီလို Plan တွေတော့ချမယ်။ ဒီဟာကတော့ မဟာဗျူဟာ ပိုမြောက်တယ် စသည်ဖြင့် ဒီလိုမျိုးစဉ်းစားပြီးတော့ သွားမှာဖြစ်တဲ့အတွက် ရှေ့လျှောက်တော့ ပိုပြီးတော့ Coordinated Attack တွေဖြစ်လာလိမ့်မယ်လို့ ကျတော်ယုံကြည်ပါတယ်ခင်ဗျ။
⦿ နှစ်သစ်အတွက် ပြည်သူတွေကို ဘယ်လိုသတင်းစကား ပါးချင်ပါသလဲ။
မောင်ဆောင်းခ – ဒီ ၄ နှစ်ကျော် ၅ နှစ်အတွင်း တော်လှန်ရေးကာလ ဖြစ်သန်းခဲ့ပြီးတဲ့အချိန်မှာ လူထုလည်း တော်တော်လေး ခြေကုန်လက်ပန်းကျနေပြီဆိုတာ နားလည်ပါတယ်။ ဆိုတော့ အားလုံးလည်း ပင်ပန်းကြပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း ကျနော်တို့ ဒီမတရားမှုတွေအောက် ကျတော်တို့ နှစ်ကာလရှည်ကြာ လွှမ်းမိုးခဲ့တဲ့ စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်အုပ်ချုပ်မှုတွေအောက်မှာ ကျနော်တို့မျိုးဆက် ဒီလူငယ်တွေ လုံးဝမနေဘူးပေါ့။ ဒီမတရားမှုကို ခေါင်းငုံ့မခံဘူးဆိုတဲ့ စိတ်နဲ့တွန်းလှန်ကြတာ။ ဘာပဲပြောပြော လွန်ခဲ့တဲ့ ၄ နှစ်ကျော်လောက်နဲ့ယှဉ်ရင် အခု အချိန်ဟာ အများကြီးတိုးတက်ပါတယ်။ ရှေ့လျှောက်လည်း တိုးတက်ဖို့ အလားအလာတွေ အများကြီးတွေ့ရတယ်။
နံပါတ်တစ်က ကျနော်တို့မှာ လက်နက်ခဲယမ်းတွေ စစ်ဘယ်လိုတိုက်ရမလဲဆိုတဲ့ နည်းလမ်းတွေ အကြမ်းဖျင်းအားဖြင့် သိပြီ။ ကြာလာလေလေ စစ်အတွေ့အကြုံများလာလေလေ ဒီစစ်တပ် ကို ဘယ်လိုနိုင်အောင်တိုက်မလဲ ဆိုတာ ပိုပြီးသိလာလေလေ ဖြစ်ပါတယ်။ ဒီပုံစံအတိုင်းသာ ဆက်သွားမယ်ဆိုရင် မနိုင်စရာအကြောင်းမရှိဘူးလို့ ကျတော်ထပ်ပြီးပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီ၂၀၂၆ သည် တစ်ဖက်မှာလည်း နွေဦးတော်လှန်ရေးမှာရှိတဲ့ NUG, MOD လက်အောက်ခံမဟုတ်တဲ့ တပ်တွေကိုလည်း စုစည်းနိုင်တဲ့ အခင်းအကျင်းတစ်ခုပေါ်လာခဲ့ပြီ။ တစ်ဖက်မှာလည်း ဒီအခင်းအကျင်းကနေတစ်ဆင့် ERO တွေနဲ့ရော NUG, MOD နဲ့ရော အချိတ်အဆက်မိမိနဲ့ ကျတော်တို့ ဒါ လက်တွဲညီညီ တော်လှန်ကြမှာဖြစ်တဲ့အတွက်၂၀၂၆ ဟာ မျှော်လင့်စရာ မျှော်လင့်ချက်တွေရှိတဲ့ နှစ်လို့ပြောလို့ရပါတယ်။ ဆိုတဲ့အခါ ကျနော်တို့က ခံစားချက်တွေနဲ့ မျှော်လင့်တာမျိုးမဟုတ်ဘဲနဲ့ ဆင်ခြင်တုံတရားနဲ့ ဉာဏ်ပညာနဲ့ မျှော်လင့်ဖို့တော့ လိုတာပေါ့လေ။
ကျနော်တို့ ဒါသည် အရွေ့တစ်ခုဖြစ်တယ်။ ပြီးရင် နောက်တစ်ခုကကျတော့ စစ်တပ်ကအရပ်ဖက် ပြောင်းပြီးတော့သော်လည်းကောင်း ဒါမှမဟုတ်လည်း စစ်အုပ်စု လွှမ်းမိုးကြီးစိုးတဲ့ နိုင်ငံရေးအခင်းအကျင်းကိုပဲ နောက်တစ်နည်းတစ်ဖုံ ဘယ်လောက်ပဲ အစိုးရပဲ ပေါ်လာပေါ်လာ ဒီအစိုးရကိုလည်း ကျနော်တို့ ဆက်ပြီးတိုက်သွားမယ်။ ပြီးရင် တိုက်တဲ့နေရာမှာ စစ်အစိုးရ ပြုတ်ကျရုံတင်မဟုတ်ဘဲနဲ့ တကယ်ကိုပဲ ကျနော်တို့ရဲ့ အတွေးအခေါ်တွေ ပြောင်းလဲဖို့အထိ ကျတော်တို့ပါတယ်။ အပေါ်ယံကျော မဟုတ်ဘူး။ မင်းအောင်လှိုင်ပြုတ်ကျရေးသက်သက် ကျတော်တို့ လက်နက်ကိုင်နေတာမဟုတ်ဘူးဆိုတာလည်း သိစေချင်ပါတယ်။ ပြီးတော့နောက်တခုကကျတော့ ကိုယ့်ရဲ့တပ်ဖွဲ့ဝင်တွေလည်း ဒီထက်ပိုပြီးတော့ နိုင်ငံရေး စစ်ရေး ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ ရှေ့ဆက်သွားနိုင်အောင်လည်း ကျတော်တို့ ဆက်ပြီးတော့ အဓိကကတော့ လေ့ကျင့် တဲ့ဟာတွေ ပိုပြီးတော့ တိုးမြှင့်ပြီး လုပ်သွားမယ်ဆိုတာလည်း ကျတော် သတင်းစကားပါးလိုပါတယ်။ ကျနော်တို့အပေါ်မှာလည်း အထူးသဖြင့် လူငယ်ထုအပေါ်မှာ ယုံကြည်ပေးကြပါ။ ဒီလူငယ်ထုကပဲ တိုင်းပြည်ရဲ့ အပြောင်းအလဲကို တကယ် ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။
People’s Goal နဲ့ People’s Spring တို့ကစီစဥ်တဲ့ “ ၂၀၂၆ ကိုမျှော်ရည်ခြင်း-တော်လှန်လူငယ်များရဲ့ မာန်နဲ့အသံ” ဆိုတဲ့စကားဝိုင်းဆွေးနွေးချက်တွေထဲကနေ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)ကွပ်ကဲရေးမှူး မောင်ဆောင်းခရဲ့ ဆွေးနွေးချက်အချို့ကို ပြန်လည်ကောက်နှုတ် တင်ဆက်လိုက်ပါတယ်။
စကားဝိုင်းမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)ကွပ်ကဲရေးမှူး မောင်ဆောင်းခနဲ့ မန္တလေးဒေသကြားကာလ အုပ်ချုပ်ရေးကောင်စီ၊ လူသာချင်းစာနာကူညီရေးနှင့်အရေး ပေါ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနကြီးရဲ့ ဌာနကြီးမှူး မအေးမြင့်အောင်အောင်တို့ကို ဖိတ်ကြားထားပြီး Moderator အဖြစ် မဂျာမုန်းကဆောင်ရွက်ပေးထားတာဖြစ်ပါတယ်။
စကားဝိုင်အပြည့်အစုံကိုတော့ လင့်မှာ ဝင်ရောက်ကြည့်ရှု၊ နားဆင်နိုင်ပါတယ်။
















































