ငွေကြေး အလွဲသုံးစားမှုအတွက် ပြစ်မှုထင်ရှားကြောင်း စစ်ဆေးတွေ့ရှိထားတဲ့ ရှောင်လင် ကျောင်းထိုင် ကိုယ်တော်ဟောင်းကို တရုတ် တရားရုံး တစ်ခုက ထောင်ဒဏ် ၂၄ နှစ် ချမှတ်လိုက်ပါတယ်။
ဘွဲ့အမည် ရှီယွန်ရှင်းလို့ ခေါ်ဝေါ်ခဲ့တဲ့ ဘုန်းတော်ကြီးကို လူဝတ်လဲစေပြီး သူ့ရဲ့ နာမည်ရင်းဖြစ်တဲ့ လျိုယင့်ချန်ဆိုတဲ့ နာမည်နဲ့ မေလ ၂၉ ရက်နေ့မှာ ဟီနန်ပြည်နယ်၊ ချန်ကျင်းမြို့ တရားရုံးက အခုလို ပြစ်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၆၀ အရွယ် လျိုဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် အတောအတွင်း ရှောင်လင်ကျောင်းထိုင်အဖြစ် တာဝန်ယူချိန်မှာ အမျိုးမျိုးသော အရှုပ်အထွေးတွေနဲ့ စုစုပေါင်းယွမ်ငွေ ၁၃၁ သန်း၊ တစ်နည်းအားဖြင့် ဒေါ်လာ ၁၉.၄ သန်းလောက်ကို ကိုယ်ကျိုးအတွက် အသုံးပြုခဲ့ကြောင်း စွပ်စွဲ ခံခဲ့ရပါတယ်။
ရှောင်လင်ကျောင်းထိုင်နဲ့ ရှောင်လင် ပရဟိတ ကောင်းကျိုးပြု ဖောင်ဒေးရှင်း ဥက္ကဋ္ဌ တာဝန်တွေကို ရယူထားချိန်မှာ သူ့ရဲ့ လုပ်ပိုင်ခွင့်တွေကို လျိုက အလွဲသုံးစားပြုခဲ့ကြောင်း၊ သူဟာ လူမှုရေး နယ်ပယ်အပေါ် ကြီးကြီးမားမား သက်ရောက်မှု ဖြစ်စေတဲ့ လာဘ်ပေးလာဘ်ယူ ကိစ္စတွေမှာလည်း ရှုပ်ထွေး ဆက်နွှယ်ခဲ့ကြောင်း တရားသူကြီးက ပြောကြားခဲ့ပါတယ်။

Public Service Announcement
ငွေကြေး အရှုပ်အထွေး ကိစ္စတွေတင် မကဘဲ လျိုဟာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေရဲ့ ကျင့်ဝတ်စည်းကမ်းတွေကို ချိုးဖောက်ပြီး အမျိုးသမီး တချို့နဲ့ မလျော်မကန် ဆက်ဆံရေးတွေ ရှိခဲ့ကြောင်းလည်း စွပ်စွဲ ခံခဲ့ရပါတယ်။ ပြီးတော့ သူဟာ အနည်းဆုံး ကလေးတစ်ဦးရဲ့ ဖခင် ဖြစ်ခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
လျိုဟာ စီးပွားရေး စီမံအုပ်ချုပ်မှု ဘွဲ့ရတစ်ဦးဖြစ်ပြီး ရှောင်လင် ဘုန်းတော်ကြီးကျောင်းကို အမေရိကန်ဒေါ်လာ သန်းနဲ့ချီတန်တဲ့ နိုင်ငံတကာ အမှတ်တံဆိပ် တစ်ခုအဖြစ် ပြောင်းလဲခဲ့ပါတယ်။ နောက်ပြီး အိမ်ခြံမြေနဲ့ ဖျော်ဖြေရေး နယ်ပယ်တွေမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ ထည့်ဝင်စေခဲ့တာကြောင့် သူ့ကို အမှုဆောင်ချုပ် ဘုန်းကြီးလို့လည်း ခေါ်ဝေါ်ကြပါတယ်။
ဘုန်းတော်ကြီးကျောင်းကို စီးပွားရေး လုပ်ငန်းတစ်ခုအသွင် ပြောင်းလဲခဲ့တဲ့ သူ့ရဲ့ လုပ်ရပ်အပေါ် ဝေဖန်တာတွေ ရှိခဲ့ပေမယ့် လျိုကတော့ ရှောင်လင်ရဲ့ ရေရှည် တည်တံ့မှုအတွက် အမှန်တကယ် လိုအပ်တဲ့ ကိစ္စလို့ အကြောင်းပြခဲ့ပါတယ်။ တစ်ဖက်မှာတော့ သူဟာ ၂၀၀၆ ခုနှစ်ကစပြီး ရှောင်လင်ကျောင်း ပြုပြင်တည်ဆောက်ရေး အလှူငွေတွေထဲက ယွမ် ၁၁ သန်းလောက်ကို တရားမဝင် နည်းလမ်းတွေနဲ့ သဲ့ယူနေခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူဟာ ၁၉၉၅ ကနေ ၂၀၂၂ ခုနှစ်အတွင်း အဖွဲ့အစည်း တချို့ကို လာဘ်ငွေ ယွမ် ၅ သန်းလောက်ထိ ပေးခဲ့သေးတယ်လို့ တရားရုံး မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ သူအဖမ်းခံခဲ့ရတဲ့ နောက်မှာတော့ တရုတ်က ဘုံကျောင်း၊ ဘုရားကျောင်း၊ ဘုန်းတော်ကြီးကျောင်းတွေရဲ့ စီမံခန့်ခွဲမှု စနစ်တွေကို ပြန်လည် သုံးသပ်သင့်ကြောင်း ဝေဖန်မှုတွေလည်း ရှိလာပါတယ်။
လျိုက တရားရုံး စီရင်ချက်အတွက် အယူခံဝင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ သူဟာ ထောင်ဒဏ်အပြင် ယွမ် ၃.၅ သန်းကိုလည်း ဒဏ်ငွေအဖြစ် ပြစ်ဒဏ်ချမှတ် ခံခဲ့ရပါသေးတယ်။ တရုတ် လူမှုကွန်ရက် သုံးစွဲသူတွေ ကြားမှာတော့ အခု တရားရေး ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ချီးကျူး ထောက်ခံနေကြပါတယ်။ သာသနာ့ဝန်ထမ်း အရေခြုံပြီး ဒုစရိုက်မှု ကျူးလွန်သူတွေအတွက် ပြစ်ဒဏ်ဟာ ကျိန်းသေပေါက် ထိုက်တန်တယ်လို့ Weibo သုံးစွဲသူ တစ်ဦးက မှတ်ချက် ရေးသားထားခဲ့ပါတယ်။
နှစ်ပေါင်း ၁၅၀၀ ကျော် သက်တမ်းရှိခဲ့တဲ့ ကမ္ဘာကျော် ဘုန်းတော်ကြီးကျောင်းကို လျိုက ၁၉၈၁ ခုနှစ်မှာ စတင်ရောက်ရှိလာခဲ့ပြီး ၁၉၉၉ ခုနှစ်၊ သူ့အသက် ၃၄ နှစ်သာ ရှိသေးချိန်မှာ ကျောင်းထိုင်ကိုယ်တော် ဖြစ်လာခဲ့ပါတယ်။ ချင်ကျင်းမှာ ရှိနေတဲ့ အဲဒီ မဟာယာန ဘုန်းတော်ကြီးကျောင်းကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ၊ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က လူသားတွေ ထိန်းသိမ်းစောင့်ရှောက်ရမယ့် အမွေအနှစ်အဖြစ် သတ်မှတ်ထားပါတယ်။ အဲဒီ ကျောင်းတော်ကြီးဟာ ကမ္ဘာကျော် ရှောင်လင်ကွန်ဖူး သိုင်းပညာရဲ့ ရေသောက်မြစ် ဘူမိနက်သန်လည်း ဖြစ်ပါတယ်။
ကိုးကား: AFP

















































