ရဲနှင့်စည်ပင်ဘက်မှ (၈)ဦးဒဏ်ရာရသလို ဒေသခံများဘက်မှ (၂)ဦး ဒဏ်ရာရကာ (၄)ဦးဖမ်းဆီးထိန်းသိမ်းခံရ
သတင်း- အမ်တီ၊ကိုနေကို
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် လေယာဉ်ကွင်းဟောင်းအနီးရှိ ကျူကျော်နေထိုင်သူများကို စည်ပင်သာယာနှင့် ရဲတပ်ဖွဲ့မှ ယနေ့(ဇူလိုင်၁၁)တွင် ဝင်ရောက်ရှင်းလင်းခဲ့ရာ နှစ်ဖက်ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် ထိန်းသိမ်းခဲ့ရသည်။
ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ လေယာဉ်ကွင်းအဟောင်းအနီး၊ ၇၄လမ်းနှင့် ရေနီမြောင်းကြား၊ မနော်ဟရီလမ်းနှင့် စိန်ပန်းလမ်းကြားတွင် ခွင်ပြုချက်မရှိဘဲ ကျုးကျော်နေထိုင်သည်ဟုဆိုကာ နေအိမ်အလုံး(၂၄၀)ကျော်ကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ နံနက်(၉)နာရီမှ စတင်၍ ရှင်းလင်းခဲ့ရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှုး၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် စည်ပင်ရဲတပ်ဖွဲ့ တာဝန်ရှိသူများ တဲအိမ်များကို မြေကော်စက်ဖြင့် ဖယ်ရှးရှင်းလင်းနေစဉ် ဒေသခံများက ခဲ၊တုတ်များဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် နှစ်ဖက် ပဋိပက္ခ ပိုမိုပြင်းထန်လာရာ ရဲတပ်ဖွဲ့က (12 Bore Pump action) ပြောင်းချောသေနတ်(၂)ချက် ပစ်ဖောက်၍ လူစုလူဝေးကို ရှင်းလင်းခဲ့သည်။
အဆိုပါ ရုန်းရင်းဆန်ခတ်မူ ဖြစ်စဉ်အတွင်း မန္တလေးမြို့ အမှတ်(၁၁)ရဲစခန်းမှ စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်အမျိုးသမီးတစ်ဦး၊ စည်ပင်သာယာရဲတပ်ဖွဲ့ဝင် (၃)ဦးနှင့် စည်ပင်သာယာအခွန်ဌာနမှ ဝန်ထမ်း(၂)ဦးတို့တွင် ခဲထိမှန်ကာ ဖူးယောင်ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ ပဋိပက္ခဖြစ်စဉ်အတွင်း ဒေသခံ(၂)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရုန်းရင်းဆန်ခတ်မူဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က ဒေသခံအမျိုးသား(၃)ဦးနင့် အမျိုးသမီး(၁)ဦး၊ စုစုပေါင်း (၄)ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဒေသခံများက ဆိုသည်။
ကျူးကျော်ရှင်းလင်းရာမှ ရုန်းရင်းဆန်ခတ်မူဖြစ်ပွားရာနေရာသို့ ရွေးကောက်ခံ စည်ပင်သာယာ ကော်မတီဝင်များ လာရောက်ခဲ့သလို မန္တလေးမြို့ မြဝတီကျောင်းဆရာတော်မှ လာရောက်မေတ္တာရပ်ခံခဲ့သည်။ သို့သော် သက်ဆိုင်ရာတာဝန်ရှိသူများမှ ကျူးကျော်ရှင်းလင်းခြင်းလုပ်ငန်းများကို ညနေပိုင်းအထိ ဆက်လက်လုပ်ကိုင်ခဲ့သည်။
ထို့ပြင် ရုန်းရင်းဆန်ခတ်ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ဒေသခံများကို ဆက်လက်ရေးယူမည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက ပြောသည်။
ဓါတ်ပုံ – အမ်တီ၊ ကိုနေကို။