ပါတီတာဝန်များ ရုပ်သိမ်းခံရမှု အယူခံတက် ဖြေရှင်းမည်၊ ဒီချုပ်ပါတီဝင် အဖြစ်မှ နှုတ်ထွက်မည်မဟုတ်ဟု ပုသိမ်ကြီးအမတ် ဦးရဲမင်းဦးပြော

မောင်မင်းမော်၊ ဒီဇင်ဘာ-၈

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ နှုတ်ထွက်မည် မဟုတ်သလို ပါတီတာဝန်များ ရုပ်သိမ်းခံရမှုနှင့် ပတ်သက်၍ အယူခံတက်ကာ ဖြေရှင်းမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးက ပြောသည်။

“ကျွန်တော်ကတော့ လူကြီးတွေ ဖြေထားသလိုပါပဲ၊ အယူခံလေး ဝင်ပြီးတော့မှ ဆောင်ရွက်သွားဖို့ ရှိပါတယ်ခင်ဗျ။ စာက အခုထိ မရောက်သေးဘူးဗျ၊ စာရောက်ပြီဆိုတော့မှ ကျွန်တော် ပြင်ဆင်ပြီး ဆောင်ရွက်သွားမှာပါ။ ဖြေရှင်းချက်လေးပေါ့”ဟု ၎င်းက Mandalay In-depth News သို့ ပြောသည်။

တိုင်းလွှတ်တော်အမတ် ဦးရဲမင်းဦးနှင့် ပတ်သက်၍ အများပြည်သူမှ တိုင်ကြားမှုများ ရှိခဲ့ရာ စစ်ဆေးခဲ့ပြီးနောက် ဦးရဲမင်းဦးအား ပါတီတာဝန်အသီးသီးမှ ရုပ်သိမ်းရန် ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့က နိုဝင်ဘာ(၂၃)တွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒီချုပ်ပါတီ တာဝန်ရှိသူများက ပြောသည်။

အများပြည်သူ၏ တိုင်ကြားချက်အပေါ် စစ်ဆေးပေါ်ပေါက်ချက်အရ ဦးရဲမင်းဦးအား ပါတီတာဝန် အသီးသီးမှ ရုပ်သိမ်းလိုက်သော်လည်း ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်း မဟုတ်ဟု ဒီချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ မန္တလေးတိုင်း ပါတီဥက္ကဌ ဦးတင်ထွဋ်ဦးက ဆိုသည်။

ပုသိမ်ကြီးမြို့နယ် တိုင်းလွှတ်တော်အမတ် ဦးရဲမင်းဦးသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ မန္တလေးခရိုင် အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ပုသိမ်ကြီးမြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် တာဝန်ယူထားသည်။ ၎င်းအနေဖြင့် ဆက်လက်ဖြေရှင်းမည် ဖြစ်ပြီး ပါတီတာဝန်များမှ ရုပ်သိမ်းခံရလျှင်ပင် ပါတီဝင်အဖြစ်မှ နှုတ်ထွက်မည် မဟုတ်ကြောင်း ဦးရဲမင်းဦးက ပြောသည်။

“ကျွန်တော်ဆီကို စာမရောက်သေးတော့ အဲ့ဒါ မနက်ဖြန် ရုံးဖွင့်ရက်ကြမှ သက်ဆိုင်ရာ ပါတီအဖွဲ့အစည်း ဒါမှမဟုတ် လွှတ်တော် အဲ့လိုမျိုး တစ်ခုခုဆီကို သွားပြီး မေးရဦးမှာ၊ စုံစမ်းရဦးမှာ။ စာက ဘယ်မှာရောက်နေလဲဆိုတာ၊ ရောက်ပြီဆိုရင်တော့ ကျွန်တော်က ဆောင်ရွက်စရာ ရှိတာလေးတွေတော့ ဆောင်ရွက်ဖို့ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

တိုက်ကြားခံရမှုကြောင့် ပါတီတာဝန်ရှိသူများက ခေါ်ယူစစ်ဆေးသည်မှာ မှန်ကန်ပြီး ၎င်းအနေဖြင့် ရန်ကုန်သို့ တစ်ကြိမ် သွားရောက်ကာ စစ်ဆေးခံခဲ့ရသည်ဟုလည်း ၎င်းက ပြောသည်။

လွှတ်တော်အမတ် ဦးရဲမင်းဦး / Photo – Ye Min Oo FB.

သို့သော် မည်သည့်အကြောင်းအရာ ကိစ္စဖြင့် တိုင်ကြားခံရသည်ဆိုသည်ကို ဒီချုပ်ပါတီ တာဝန်ရှိသူများနှင့် ကာယကံရှင် လွှတ်တော်အမတ်က ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

ပုသိမ်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းလွှတ်တော်အမတ် ဦးရဲမင်းဦးသည် လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီများဖြစ်သည့် ပြည်သူ့ရေးရာနှင့် လူမှုရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှုး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကေ်ာမတီ အဖွဲ့ဝင်အဖြစ်လည်း တာဝန်ယူထားသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်