ဘုံကမ္ဘာထွန်း၊ ဇန်နဝါရီ- ၁၄
မန္တလေးမြို့ ပြည်ကြီးတံခွန်ရှိ နေအိမ်တစ်အိမ်ကို မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေး မမိဘဲ အကောက်အခွန်မဲ့ ဖုန်းနှင့် ဆိုင်ကယ်ဘက်ထရီအိုးများ ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဇန်နဝါရီ(၁၃)ရက် ညနေပိုင်းက မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ (ခ)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်သို့ မူးယစ်ဆေးဝါးသတင်းအရ မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ ဦးစီးသည့် ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်း မရှိသော်လည်း နေအိမ်ခြံဝန်းအတွင်း ရပ်ထားသည့် လိုက်ထရပ်ယာဉ်ပေါ်မှ စက္ကူဂျပ်ဖာများဖြင့် ထည့်ထားသော ကီးပက်ဖုန်း (၁၅၀)လုံး၊ အထိုင်ဖုန်း (၁၀၀)လုံးနှင့် ဆိုင်ကယ်ဘက္ထရီအိုး (၃၀၀)လုံး တွေ့ရှိခဲ့သည်ဟု ဆိုသည်။
အဆိုပါ ပစ္စည်းများ တွေ့ရှိမှုနှင့် ပတ်သက်၍ မြို့နယ်အကောက်အခွန် ဦးစီးဌာနသို့ အကြောင်းကြားပြီး ဖွင့်ဖောက်စစ်ဆေးခဲ့ရာ အကောက်ခွန်မဲ့ ပစ္စည်းများဖြစ်နေသဖြင့် အိမ်ရှင်ဖြစ်သူ တရုတ်လူမျိုး အသက်(၅၉)နှစ်အရွယ် အမျိုးသားကို အမှုဖွင့်စစ်ဆေးလျှက် ရှိသည်ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ပြီးခဲ့သည့် ဇန်နဝါရီ(၃)ရက်ကလည်း မန္တလေးမြို့အနီး မန္တလေး-မူဆယ်ကားလမ်း (၁၆)မိုင် စစ်ဆေးရေးဂိတ်တွင် ကားနှစ်စီးပေါ်မှ တရားမဝင် အကောက်ခွန်မဲ့ သယ်ဆောင်လာသည့် လက်ကိုင်ဖုန်း အလုံးရေ(၄၄၀၀)ကျော် ဖမ်းဆီးရမိခဲ့သေးသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည့် အကောက်အခွန်မဲ့ ပစ္စည်းများ/ Photo – ပြည်ထဲရေး