အမ်တီ၊ ဒီဇင်ဘာ-၉
ပြစ်မှုကျူးလွန်သဖြင့် မန္တလေးမြို့ လူငယ်သင်တန်းကျောင်းတွင် ထိန်းသိမ်းခံထားရသည့် အသက်(၁၈)နှစ်အောက် လူငယ်(၄)ဦး နိုဝင်ဘာ(၈)ရက် နံနက်ပိုင်းက ထွက်ပြေးသွားခဲ့ပြီး (၂)ဦးကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဒီဇင်ဘာ(၈)ရက် နံနက်(၃)နာရီဝန်းကျင်က မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ကျုံးဘေး(၁၂)လမ်းရှိ လူမူဝန်ထမ်း ဦးစီးဌာန လူငယ်သင်တန်းကျောင်းတွင် ထိန်းသိမ်းခံထားရသည့် လူငယ်များ ထွက်ပြေးကြောင်း သတင်းအရ အောင်မြေသာစံမြို့နယ် အမှတ်(၂)ရဲစခန်းမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ရာ လူငယ်(၄)ဦး ထွက်ပြေးသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါ ထွက်ပြေးသူ (၄)ဦးမှာ အသက်(၁၃)၊(၁၅)၊(၁၆)၊နှင့် (၁၇)နှစ်အရွယ်များ ပြစ်မှု ကျူးလွန်သဖြင့် ကလေးသူငယ်တရားရုံးမှ လူငယ်သင်တန်းကျောင်းတွင် (၂)နှစ် ထိန်းသိမ်းစောင့်ရှောက်ရန် ပြစ်ဒဏ်ချမှတ်ခံထားရသူများ ဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြသည်။
ထွက်ပြေးသည့် လူငယ်(၄)ဦးအနက် အသက်(၁၃)နှစ်အရွယ် လူငယ်မှာ ရဲအက်ဥပဒေ ပုဒ်မ ၃၆၊ အသက်(၁၅)နှစ်အရွယ် လူငယ်မှာ လက်နက်ဥပဒေ ပုဒ်မ ၁၉(င)၊ အသက်(၁၆)နှစ်အရွယ် လူငယ်မှာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၉ (ခိုးမှု)နှင့် အသက်(၁၇)နှစ်အရွယ် လူငယ်မှာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၉၄ (လုယက်မှု ကျူးလွန်ရာတွင် အလိုအလျှောက် နာကျင်စေမှု) များ ကျူးလွန်ခဲ့သဖြင့် ကလေးသူငယ်တရားရုံးမှ လူငယ်သင်တန်းကျောင်းတွင် (၂)နှစ် ထိန်းသိမ်းစောင့်ရှောက်ရန် ပြစ်ဒဏ်ချမှတ်ခံထားရသူများ ဖြစ်သည်။
အဆိုပါ လူငယ်များ ထွက်ပြေးကြောင်း သတင်းအရ ရဲတပ်ဖွဲ့က ရှာဖွေရာတွင် အသက်(၁၇)နှစ်အရွယ် လူငယ်ကို ဒီဇင်ဘာ(၈)ရက် နံနက်ပိုင်းတွင်ပင် လူငယ်သင်န်းကျောင်းဝင်းအတွင်း ခြံစည်းရိုးအနီးမှ ပြန်လည်ဖမ်းမိခဲ့ပြီး ကျန်လူငယ်(၃)ဦးမှာ ထွက်ပြေးလွတ်မြောက် သွားခဲ့သည်။
ထိုသို့ ထွက်ပြေးသည့် လူငယ်(၃)ဦးအား ပြန်လည်တွေ့ရှိနိုင်ရန် စုံစမ်းခဲ့ရာ ဒီဇင်ဘာ(၈)ရက် နေ့လည်ပိုင်းတွင် အသက်(၁၃)နှစ်အရွယ် လူငယ်ကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ပုလဲငွေရောင်ရပ်ကွက်တွင် ပြန်လည်တွေ့ရှိ ဖမ်းဆီးနိုင်ခဲ့သည်ဟု အောင်မြေသာစံမြို့နယ် အမှတ်(၂)ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက Mandalay In-depth News သို့ ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လူငယ်သင်တန်းကျောင်းမှ ထွက်ပြေးသွားသည့် အသက်(၁၅)နှင့်(၁၆)နှစ်အရွယ် လူငယ်(၂)ဦးကို ပြန်လည်တွေ့ရှိရန် ရဲတပ်ဖွဲ့မှ စုံစမ်းလျှက်ရှိကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ကျုံးဘေး(၁၂)လမ်းရှိ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမူဝန်ထမ်း ဦးစီးဌာန၊ မန္တလေးလူငယ်သင်တန်းကျောင်းသည် ပြစ်မှုကျူးလွန်သဖြင့် ကလေးသူငယ်တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခံရသည့် အသက်(၁၈)နှစ်အောက် လူငယ်များနှင့် တရားရုံးတွင် အမှုရင်ဆိုင်နေရသည့် အသက်(၁၈)နှစ်အောက် လူငယ်များကို ထိန်းသိမ်းစောင့်ရှောက်ရသည့် ကျောင်းဖြစ်သည်။
မန္တလေး လူငယ်သင်တန်းကျောင်းတွင် လတ်တလော ထိန်းသိမ်းစောင့်ရှောက်ထားသည့် လူငယ်(၅၀၀)ဝန်းကျင်ရှိပြီး ကျောင်းအတွက် သတ်မှတ်ဝင်ဆံ့ ဦးရေမှာ (၂၀၀)ဝန်းကျင်သာဖြစ်ရာ နေရာအခက်အခဲ ဖြစ်ပေါ်နေပြီး ကျောင်းအတွက် လိုအပ်သည်များကို သက်ဆိုင်ရာ အစိုးရ၊ဝန်ကြီးဌာနသို့ တင်ပြထားကြောင်း အဆိုပါကျောင်း တာဝန်ရှိသူများက ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက သတင်းမီဒီယာများအား ပြောသည်။