မောင်မင်းမော်၊ ဒီဇင်ဘာ-၁၃
စစ်ကိုင်းမြို့နယ် မင်းကွန်းဒေသမှ အသက်(၁၄)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို တရုတ်ပြည်သို့ ရောင်းစားခဲ့သူများထဲမှ မထက် ဆိုသူကို လူကုန်ကူးမှု ထပ်မံကျူးလွန်စဉ် ဖမ်းဆီရမိခဲ့ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ(၁၂)ရက် နံနက်ပိုင်းက မန္တလေး-လားရှိုးကားလမ်း (၁၆)မိုင်ဂိတ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ပါဝင်သော လူကုန်ကူးပွဲစား သုံးဦးက အမျိုးသမီးနှစ်ဦးကို တရုတ်နိုင်ငံသို့ လူကုန်ကူးရန် ခေါ်ဆောင်လာစဉ် ဖမ်းဆီးရမိခဲ့ရာမှ မင်းကွန်းဒေသနေ အသက်(၁၄)နှစ်အရွယ် အမျိုးသမီးငယ်ကို လူကုန်ကူးခဲ့သူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မန္တလေး)မှ ရဲမှူးမျိုးဇင်က Mandalay In-depth News သို့ ပြောသည်။
“ကောင်မလေးနှစ်ယောက်ကို ခေါ်လာတာနဲ့ တွေ့ပြီး ဖမ်းဆီးလိုက်တာ။ သူတို့ဖုန်းထဲ ပြောထားတဲ့ ဟာတွေအရ မဝင်းမြတ်သူကို ရောင်းစားခဲ့တယ်ဆိုတာ ပေါ်လွင်ခဲ့တာ” ဟု ရဲမှူးမျိူးဇင်က ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ(၁၉)ရက်က စစ်ကိုင်းမြို့နယ် မင်းကွန်းတိုက်နယ်မှ အသက်(၁၄)နှစ်အရွယ် မဝင်းမြတ်သူကို ပထွေးဖြစ်သူ၏ အမတော်စပ်သူ မစန်းစန်းမူက မန္တလေးမြို့ရှိ လက်ဖက်ရည်ဆိုင်မှတဆင့် တရုတ်နယ်စပ် မူဆယ်မြို့သို့ ခေါ်ဆောင်လာကာ မထက်ဆိုသူထံ အပ်နှံရောင်းစားခဲ့ကြောင်း၊ မထက်ကလည်း မဝင်းမြတ်သူကို တရုတ်နိုင်ငံရှိ အမည်မသိ အမျိုးသမီးနှစ်ဦးထံ ထပ်မံရောင်းစားခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ထိုသို့ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသည့် အသက်(၁၄)နှစ်အရွယ် မဝင်းမြတ်သူကို ပြန်လည်ကယ်တင်နိုင်ခြင်း မရှိသေးဘဲ စုံစမ်းနေချိန် ၎င်းကို လူကုန်ကူးခဲ့သူများထဲမှ မထက်ဆိုသူကို ဖမ်းဆီးရမိခြင်း ဖြစ်သည်။
ဒီဇင်ဘာ(၁၂)ရက် နံနက်ပိုင်းက အသက်(၃၀)ကျော်အရွယ် အမျိုးးသမီးနှစ်ဦးကို တရုတ်ဇနီးမယားအဖြစ် ရောင်းစားရန် ခေါ်ဆောင်လာသည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးပါ လူပွဲစားသုံးဦးကို မန္တလေးမြို့အထွက် (၁၆)မိုက်စစ်ဆေးရေးဂိတ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်။
အဆိုပါ လူကုန်ကူးပွဲစား သုံးဦးကို စစ်ဆေးရာ အသက်(၃၉)နှစ်အရွယ်၊ မထက် (ခ) ဇင်မာအေး(ခ) ညိုပြာအေး နှင့် အသက်(၃၇)နှစ်အရွယ် မသီတာအေး ညီအမ၊ ကန်သာယာရပ်ကွက် ချမ်းမြသာစည်မြို့နယ် နေသူနှင့် အသက်(၂၁)နှစ်အရွယ် နိုင်လင်းကို သန်လျှင်မြို့နယ် ရန်ကုန်တိုင်းနေသူတို့ ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့နောက် ဆက်လက်စစ်ဆေးရာ မထက်ဆိုသူ အမျိုးသမီးသည် မစန်းစန်းမူနှင့် ပေါင်းကာ မင်းကွန်းဒေသနေ အသက်(၁၄)နှစ်အရွယ် မဝင်းမြတ်သူကို တရုတ်ပြည်သို့ ရောင်းစားခဲ့သည့် သက်သေအထောက်အထားများ စစ်ဆေးရရှိသည်ဟု ရဲမှူးမျိုးဇင်က ရှင်းပြသည်။
အဆိုပါ လူပွဲစားများသည် အခြား လူကုန်ကူးမှုများလည်း ကျူးလွန်ထားသည်ဟု ယူဆရပြီး လက်ရှိတွင် ဆက်လက်စစ်ဆေးနေဆဲဟု ရဲမှူးမျိုးဇင်က ဆိုသည်။

၎င်း လူပွဲစားများနှင့်အတူ တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ရန် လိုက်ပါလာသည့် အမျိုးသမီးနှစ်ဦးမှာ အသက်(၃၀)ကျော်အရွယ်များဖြစ်ပြီး မန္တလေးနှင့် ရန်ကုန်မြို့တွင် နေထိုင်သူများဖြစ်ကာ တရုတ်နိုင်ငံတွင် တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ပါက တစ်နှစ်လျှင် ငွေကျပ်သိန်း(၄၀) ရရှိမည်ဖြစ်ကြောင်း ပြောဆိုသဖြင့် ငွေကြေး အခက်အခဲကြောင့် လိုက်ပါလာခြင်း ဖြစ်ကြောင်း ထွက်ဆိုသည်ဟု ၎င်းက ပြောသည်။
ယင်းအမှုနှင့်ပတ်သက်၍ မထက် အပါအဝင် လူပွဲစားသုံးဦးကို မန္တလေးမြို့ မဟာအောင်မြေ မြို့မရဲစခန်းတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ဖြင့် အမှု့ဖွင့်ဖမ်းဆီး စစ်ဆေးလျှက်ရှိသည်။

နိုဝင်ဘာ(၁၉)ရက်ကတည်းက တရုတ်နိုင်ငံသို့ လူကုန်ကူးခံခဲ့ရသည့် မင်းကွန်းဒေသနေ အသက်(၁၄)နှစ်အရွယ် မဝင်းမြတ်သူမှာ လက်ရှိအချိန် တစ်လနီးပါးကြာသည်ထိ မိခင်နှင့် အဆက်အသွယ် မရသေးဘဲ ပျောက်ဆုံးနေသည်။ မဝင်းမြတ်သူမှာ တရုတ်နိုင်ငံအတွင်းသို့ ရောက်ရှိသွားသောကြောင့် ၎င်းတို့အနေဖြင့် ကယ်တင်ရန် အခက်အခဲများ ရှိနေပြီး တရုတ်နိုင်ငံ ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ကာ ပြန်လည်ကယ်တင်နိုင်ရေး ကြိုးစားဆောင်ရွက်နေကြောင်း ရဲမှူး မျိုးဇင်က ပြောသည်။
.