အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရှေ့မှောက်၌ မြန်မာ့အကျိုးစီးပွားကို ခုခံကာကွယ်ခြင်း

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရှေ့မှောက်၌ မြန်မာ့အကျိုးစီးပွားကို ခုခံကာကွယ်ခြင်း

နိဒါန်း

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူတွေနဲ့ ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး (International Court of Justice – ICJ) မှာ တရားစွဲဆို သွားမှာဖြစ်ကြောင်း ဂမ်ဘီယာရှေ့နေချုပ်နဲ့ တရားရေးဝန်ကြီး Mr. Abubacarr Marie Tambadou ရဲ့ ပြောကြားချက်ကို ကမ္ဘာ့သတင်းမီဒီယာတွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ ရက်နေ့ကစပြီး ဖော်ပြလာခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ စတင်ကျင်းပတဲ့ (၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း အဖွဲ့ဝင်နိုင်ငံတွေ ပြောကြားတဲ့ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းတွေကို လေ့လာကြည့်ရာမှာလည်း ဂမ်ဘီယာ ဒုတိယသမ္မတ Dr. lsatou Touray က စက်တင်ဘာလ ၂၆ ရက်နေ့က ဂမ်ဘီယာနိုင်ငံအနေနဲ့ OIC ကိုယ်စား နေရပ်စွန့်ခွာသူတွေ ကိစ္စကို IC ထံ ဦးဆောင်တင်သွင်း သွားဖို့ရှိကြောင်းနဲ့ ဒီလုပ်ငန်းစဉ်မှာ သက်ဆိုင်သူတွေအားလုံး ပူးပေါင်းပံ့ပိုးသွားဖို့ တောင်းဆိုခဲ့ပါတယ်။

အဲဒီနောက် ဂမ်ဘီယာနိုင်ငံက ICJ ထံ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ အမှုတင်သွင်းလွှာ တင်သွင်းပြီး၊ မြန်မာနိုင်ငံကို တရားဝင် တရားစွဲဆိုခဲ့ပါတယ်။ ICJ ကလည်း ဂမ်ဘီယာနိုင်ငံက Genocide Convention ကို အသုံးပြုပြီး မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ အများပြည်သူ လာရောက်နားထောင်နိုင်တဲ့ ကြားနာမှု (public hearing) ကို လာမယ့် ဒီဇင်ဘာလ ၁၀ ရက်ကနေ ၁၂ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ကြောင်း ICJ ရဲ့ သတင်းထုတ်ပြန်ချက် အမှတ် 2019/49 ကို နိုဝင်ဘာလ ၁၈ ရက် နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအနေနဲ့ ICJ သို့ ဦးဆောင်သွားရောက်ဖို့ရှိကြောင်း နိုဝင်ဘာလ ၂၀ ရက်နေ့က သတင်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ICJ ရှေ့မှောက် ရင်ဆိုင်မယ့် မြန်မာ-ဂမ်ဘီယာ အမှုကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ကမ္ဘာ့သတင်း မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ရေးသားပြောဆို သုံးသပ်လာတာကို တွေ့နေရပါတယ်။

ICJ အပါအဝင် အပြည်ပြည်ဆိုင်ရာတရားစီရင်ရေးစနစ်ရဲ့ လုပ်ထုံးလုပ်နည်းတွေဟာ သိမ်မွေ့နက်နဲပြီး ရှုပ်ထွေးခက်ခဲတာကြောင့် တစ်ခါတစ်ရံ မှာ နားလည်မှု လွဲမှားတတ်ကြပါတယ်။ ဒါကြောင့် ဒီသုတေသန ဆောင်းပါး မှာ ICJ ရဲ့ သဘောသဘာဝ၊ စီရင်ပိုင်ခွင့်အာဏာ၊ Genocide Convention နဲ့ မြန်မာနိုင်ငံရဲ့ ဆက်စပ်မှု၊ ICJ ရဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက် (သို့) ယာယီအမိန့် စတာတွေကို အပြည်ပြည်ဆိုင်ရာ ဥပဒေရှုထောင့်ကနေ လေ့လာ သုံးသပ်ရှင်းလင်း ဖော်ပြသွားပါမယ်။ ICJ ရှေ့မှောက်ရင်ဆိုင်ခဲ့တဲ့ ရင်ဆိုင်နေတဲ့ အမှုအချို့ကိုလည်း ဥပမာပေးပြီး အကျဉ်းဖော်ပြသွားပါမယ်။ အင်္ဂလိပ် ဘာသာပြန်ဆိုမှု ဖလှယ်မှုနဲ့ပတ်သက်ပြီး နားလည်မှု မရှုပ်ထွေးစေဖို့ အတွက် အရေးကြီးအချက်တွေမှာတော့ မူရင်းအင်္ဂလိပ်စာသား၊ အသုံးအနှုန်းတွေကို ယှဉ်တွဲဖော်ပြသွားပါမယ်။ အပြည်ပြည်ဆိုင်ရာဥပဒေရဲ့ နက်နဲမှုတွေအပေါ် ပိုမိုရှင်းလင်းစွာသိရှိလိုသူတွေ အထောက်အကူဖြစ်စေဖို့အတွက် ကုလသမဂ္ဂ ပဋိညာဉ်၊ အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ ဥပဒေ (ICJ Statute) နဲ့ သက်ဆိုင်ရာ ကွန်ဗင်းရှင်းတွေက ပြဋ္ဌာန်းချက်တွေကိုလည်း တိတိကျကျ ကိုးကားဖော်ပြသွားမှာ ဖြစ်ပါတယ်။

ICJ ၏ သဘောသဘာဝ

ICJ ကို ကုလသမဂ္ဂပဋိညာဉ်အရ ၁၉၄၅ ခုနှစ်မှာ စတင်တည်ထောင် ပါတယ်။ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာ ရုံးစိုက်ပါတယ်။ ICJ ဟာ ကုလသမဂ္ဂရဲ့ အဓိက တရားစီရင်ရေးအဖွဲ့ ဖြစ်ပါတယ်။ ICJ Statute ကို ကုလသမဂ္ဂပဋိညာဉ်ရဲ့ ခွဲခြား၍မရသော အစိတ်အပိုင်းအဖြစ် မှတ်ယူထားပြီး၊ ကုလသမဂ္ဂ ပဋိညာဉ် အပိုဒ် ၉၃ (၁) ပါ ပြဋ္ဌာန်းချက်အရ ကုလသမဂ္ဂမှာ ပါဝင်တဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အားလုံးဟာ အလိုအလျောက် ICJ ရဲ့ စာချုပ်ဝင်နိုင်ငံတွေ ဖြစ်ကြပါတယ်။ ICJ နဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းချက်တွေကို ကုလသမဂ္ဂပဋိညာဉ် အခန်း (၁၄)၊ အပိုဒ် ၉၂ မှ ၉၆ အထိမှာ ဖော်ပြထားပါတယ်။ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ကို Rome statute အရ တည်ထောင်ထားတဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (International Criminal Court – ICC) နဲ့လည်း အမှတ်မှားတတ်ကြပါတယ်။

အဓိကတာဝန်များ

အကျဉ်းချုပ်အားဖြင့် ICJ အနေနဲ့ အဓိကတာဝန် (၂) ရပ်ကို ဆောင်ရွက် ပါတယ် –

(က) ပထမတာဝန် အနေနဲ့ ICJထံတင်သွင်းလာတဲ့ နိုင်ငံတွေအကြား ပေါ်ပေါက်တဲ့ ဥပဒေဆိုင်ရာ အငြင်းပွားမှုတွေကို အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့အညီ ဖြေရှင်းပေးပါတယ်။ ။

(ခ) ဒုတိယတာဝန်ကတော့ အထွေထွေညီလာခံ (ဒါမှမဟုတ်) လုံခြုံရေးကောင်စီ၊ အပါအဝင် ကုလသမဂ္ဂ အဓိကအဖွဲ့အစည်း တွေနဲ့ အထူးအေဂျင်စီတွေက မေးမြန်းလာတဲ့ ဥပဒေရေးရာ ကိစ္စရပ်တွေအပေါ် အကြံပြုထင်မြင်ချက် (advisory opinion) ပေးပါတယ်။ အသေးစိတ်ရှင်းလင်းရရင် ICJ ဟာ နိုင်ငံတွေအကြား ဖြစ်ပွားတဲ့ ဥပဒေဆိုင်ရာ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းပေးတဲ့ တရားရုံး ဖြစ်ပါတယ်။ contentious အမှုကို ဆိုလိုပါတယ်။ တစ်နည်းအားဖြင့် ICJ ဟာ နိုင်ငံအချင်းချင်း ဖြစ်ပွားတဲ့ အမှုတွေကိုသာ စီရင်ပိုင်ခွင့်ရှိပြီး နိုင်ငံတွေကသာ ICJ ရှေ့မှောက်မှာ တရားရင်ဆိုင် နိုင်ပါတယ်။ ဒီနေရာမှာ သတိပြုရမယ့် ခြွင်းချက်တစ်ခုကတော့ မိမိနိုင်ငံသားတစ်ဦးရဲ့ နစ်နာမှုအပေါ် သက်ဆိုင်ရာ နိုင်ငံက ကိုယ်စားပြုပြီး တင်သွင်းမယ်ဆိုရင် နိုင်ငံအချင်းချင်း ဖြစ်ပွားတဲ့ အမှု အသွင်ဆောင်ပါတယ်။ ICJ အနေနဲ့ ပြစ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံရသူ တစ်ဦးချင်း တစ်ယောက်ချင်း အပေါ်မှာ စီရင်ပိုင်ခွင့် မရှိပါဘူး။

ကုလသမဂ္ဂပဋိညာဉ် အပိုဒ် ၉၆ အရ ICJ ဟာ အထွေထွေညီလာခံ (ဒါမှမဟုတ်) လုံခြုံရေးကောင်စီ အပါအဝင် ကုလသမဂ္ဂ အဓိက အဖွဲ့အစည်းတွေနဲ့ အထူးအေဂျင်စီတွေက မေးမြန်းလာတဲ့ သူတို့ရဲ့ လုပ်ငန်းတာဝန် ဆောင်ရွက်မှုဘောင်အတွင်း ကျရောက်တဲ့ ဥပဒေရေးရာ ကိစ္စရပ်တွေအပေါ် အကြံပြု ထင်မြင်ချက် ပေးနိုင်ပါတယ်။ Advisory opinion တွေဟာ ဥပဒေအရစည်းနှောင်မှု မရှိပေမယ့်လည်း နိုင်ငံတကာ အသိုက်အဝန်းက အထူးအလေးထား ကြပါတယ်။ ICJ Statute ရဲ့ အပိုဒ် ၅၉ အရ ICJ ရဲ့ စီရင်ဆုံးဖြတ်ချက်ဟာ အမှုဖြစ်နေတဲ့ သက်ဆိုင်ရာ အငြင်းပွား နိုင်ငံတွေအကြားမှာသာ ဥပဒေအရ စည်းနှောင်မှု ရှိပါတယ်။ အမှုနဲ့ မသက်ဆိုင်တဲ့ နိုင်ငံတွေအပေါ် စည်းနှောင်မှုမရှိတာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ICJ ရဲ့ စီရင်ဆုံးဖြတ်ချက်ဟာ အပြီးသတ်ဖြစ်ပြီး အယူခံပိုင်ခွင့်မရှိပါဘူး။

Photo – icj-cij.org

တရားသူကြီးများ၏ အခန်းကဏ္ဍ

ICJ ကို ရွေးကောက်ခံ တရားသူကြီး (၁၅) ဦးနဲ့ ဖွဲ့စည်းထားပြီး ၎င်းတို့အနေနဲ့ သက်တမ်း(၉)နှစ် တာဝန်ထမ်းဆောင်ပါတယ်။ တရားသူကြီးတွေ အနေနဲ့ ထပ်မံရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိပါတယ်။ စည်းကမ်း သတ်မှတ်ချက်တစ်ရပ် မဟုတ်ပေမယ့်လည်း လုံခြုံရေးကောင်စီအဖွဲ့ဝင် (၅)နိုင်ငံက တရားသူကြီးတွေ ပုံမှန်ရွေးကောက်တင်မြှောက်ခံရလေ့ ရှိပါတယ်။ ICJ တရားသူကြီး ရွေးကောက်တင်မြှောက်ပွဲဟာ အသွင်ထူးခြားတဲ့ မဲပေးရွေးချယ်မှု ဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်သူအနေနဲ့ လုံခြုံရေးကောင်စီနဲ့ အထွေထွေညီလာခံနှစ်ရပ်စလုံးမှာ တစ်ပြိုင်နက်တည်း ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ မဲအရေအတွက် အသာစီး (majority) ရရှိဖို့ လိုအပ်ပါတယ်။ လက်ရှိ တရားသူကြီး (၁၅) ဦးကတော့ ဆိုမာလီယား (ဥက္ကဋ္ဌ)၊ တရုတ် (ဒုတိယဥက္ကဋ္ဌ)၊ ဆလိုဗက်ကီးယား၊ ပြင်သစ်၊ မော်ရိုကို၊ ဘရာဇီးလ်၊ အမေရိကန်၊ အီတလီ၊ ယူဂန်ဒါ၊ အိန္ဒိယ၊ ဂျမေကာ၊ သြစတြေးလျ၊ ရုရှား၊ လက်ဘနွန်၊ ဂျပန်နိုင်ငံသား တွေပဲ ဖြစ်ကြပါတယ်။ အကျဉ်းချုပ်ဖော်ပြရရင် ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ဗြိတိန်အနေနဲ့ ယှဉ်ပြိုင်ဘက် အိန္ဒိယကို အထွေထွေညီလာခံမှာ မဲအရေအတွက်အရ ရှုံးနိမ့်ခဲ့ရတဲ့အတွက် နှစ်ပေါင်း (၇၀) ကျော်အတွင်း ပထမဦးဆုံး အကြိမ် ICJ မှာ ဗြိတိန်နိုင်ငံသား ရွေးကောက်တင်မြှောက်ခြင်း မခံရတဲ့ အခြေအနေကို ရင်ဆိုင်ခဲ့ပါတယ်။ ။

တရားသူကြီးတွေအနေနဲ့ အမှုကိစ္စတွေကို စီရင်ဆုံးဖြတ်ရာမှာ အပြည်ပြည်ဆိုင်ရာ ဥပဒေကြောင်းအရ စဉ်းစားဆုံးဖြတ်ပြီး လျှောက်လဲချက်တွေ၊ တင်သွင်းတဲ့ သက်သေခံ အထောက်အထားတွေ၊ စာရွက်စာတမ်းတွေ ခိုင်မာမှုအပေါ် အခြေခံစဉ်းစားပါတယ်။ နိုင်ငံရေးအရ ဘက်လိုက်မှု ကင်းစင်အောင် ပြုမူကျင့်ကြံ ကြပါတယ်။ တရားသူကြီးတွေ လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို ICJ Statute ရဲ့ အပိုဒ် ၁၆၊ ၁၇ နဲ့ ၂၀ တို့မှာ အသေးစိတ် ပြဋ္ဌာန်းထားပါတယ်။ သာဓကတစ်ခုအနေနဲ့ (၁၉၉၅ ၂၀၀၉) ခုနှစ် သက်တမ်းကာလ ICJ တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗြိတိန်နိုင်ငံက တရားသူကြီး Rosalyn Higgins အနေနဲ့ ICJ တရားသူကြီး အဖြစ် တာဝန်မထမ်းဆောင်မီ ဥပဒေပါမောက္ခအဖြစ် ဆောင်ရွက်နေစဉ် ၁၉၉၄ ခုနှစ်က စင်ကာပူနိုင်ငံကို စင်ကာပူ-မလေးရှား (Pedra Branca) အမှုကိစ္စအတွက် ဥပဒေအကြံဉာဏ် ပေးခဲ့ဖူးပါတယ်။ ICJ တရားသူကြီး မဖြစ်ခင် ဒီလိုတိုင်ပင်ဆွေးနွေး ခဲ့ဖူးတာကြောင့် အဲဒီအမှု ICJ ရှေ့မှောက် အမှန်တကယ် ရင်ဆိုင်ဖြေရှင်းတဲ့အခါ ICJ တရားသူကြီးတစ်ဦးအဖြစ် တာဝန် ထမ်းဆောင်နေတဲ့ သူမအနေနဲ့ အမှုမှာပါဝင်ပြီး စီရင်ဆုံးဖြတ်မှု မပြုလုပ်ခဲ့ပါဘူး။ ။

နောက်ထပ်သတိပြုရမယ့် အချက်တစ်ခုကတော့ ICJ ရှေ့မှောက် အမှုရင်ဆိုင်ရမယ့် အမှုသည် နိုင်ငံတွေရဲ့ နိုင်ငံသားဟာ လက်ရှိရွေးကောက် တင်မြှောက်ခံထားရတဲ့ ICJ တရားသူကြီး (၁၅) ဦးထဲမှာ မပါဝင်ရင် အမှုသည် နိုင်ငံတွေအနေနဲ့ Judge Ad Hoc တစ်ဦးစီ ခန့်အပ်ပိုင်ခွင့်ရှိပါတယ်။ Judge Ad Hoc ခန့်အပ်ခွင့်ကို ICJ Statute ရဲ့ အပိုဒ် ၃၁ အရ အခွင့်အာဏာ အပ်နှင်း ထားတာဖြစ်ပါတယ်။ မြန်မာ-ဂမ်ဘီယာအမှုမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးအဖြစ် (၂၀၀၈-၂၀၁၄) ခုနှစ် သက်တမ်းကာလ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ တောင်အာဖရိကနိုင်ငံက တရားသူကြီး Navanethem Pillay ကို Judge Ad Hoc အဖြစ် ဂမ်ဘီယာဘက်က ခန့်အပ်ထားပါတယ်။

စီရင်ပိုင်ခွင့်အာဏာ

ICJ အနေနဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းပေးနိုင်ဖို့အတွက် သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ တရားရုံးရဲ့ စီရင်ပိုင်ခွင့်အာဏာကို လက်ခံဖို့ လိုအပ်ပါတယ်။ ICJ ရဲ့ စီရင်ပိုင်ခွင့် အာဏာဟာ သက်ဆိုင်ရာနိုင်ငံက သဘောတူ လက်ခံတဲ့အပေါ်မှာ မူတည်တဲ့ သဘောသဘာဝရှိတာကို သတိပြုရပါမယ်။ ICJ Statute ရဲ့ အပိုဒ် ၃၆ (၂) မှာ တရားရုံးရဲ့ စီရင်ပိုင်ခွင့်အာဏာ (compulsory jurisdiction) နဲ့ပတ်သက်လို့ အသေးစိတ် ပြဋ္ဌာန်းထားပါတယ်။ ၂၀၁၈ ခုနှစ် မှတ်တမ်းအရ ICJ ရဲ့ compulsory jurisdiction ကို နိုင်ငံပေါင်း (၇၃) နိုင်ငံ ကသာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံ ယင်းတို့ရဲ့ ကြေညာချက်ပေးပို့၍ အတိအလင်း လက်ခံထားပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် (၅) နိုင်ငံအနက် ဗြိတိန်နိုင်ငံကသာ လက်ခံထားပြီး အာဆီယံနိုင်ငံ တွေအနက် ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေကသာ လက်ခံထားပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံဟာ အလိုအလျောက် ICJ စာချုပ်ဝင်နိုင်ငံ ဖြစ်လာသော်လည်း မြန်မာနိုင်ငံဟာ ICJ ရဲ့ compulsory jurisdiction ကို ယခုအချိန်အထိ လက်ခံထားခြင်း မရှိသေးပါဘူး။ ဒါ့အပြင် နိုင်ငံတွေအနေနဲ့ ICJ ရဲ့ စီရင်ပိုင်ခွင့်ကို ကိစ္စရပ် တစ်ခုချင်းစီအလိုက် အထူးသဘောတူညီချက် (case-specific special agreement) ချုပ်ဆိုပြီးတော့လည်း သဘောတူလက်ခံနိုင်ပါတယ်။

မြန်မာနိုင်ငံအပေါ် ICJ ၏ စီရင်ပိုင်ခွင့်အာဏာ

မြန်မာနိုင်ငံအပေါ် ICJ ရဲ့ စီရင်ပိုင်ခွင့်အာဏာ သက်ရောက်နိုင်မှု အခြေအနေနဲ့ ပတ်သက်ပြီး လေ့လာကြည့်မယ်ဆိုရင် ICJ Statute ရဲ့ အပိုဒ် ၃၆ (၁) ပါ ပြဋ္ဌာန်းချက်ဟာ အထူးသတိပြုဖွယ် ဖြစ်ပါတယ်။ ICJ Statute ရဲ့ အပိုဒ် ၃၆ (၁) အရ ICJ စာချုပ်ဝင်နိုင်ငံတွေ ရည်ညွှန်းလက်ခံတဲ့ အမှုတွေအားလုံးနဲ့ ကုလသမဂ္ဂပဋိညာဉ် (ဒါမှမဟုတ်) အသက်ဝင်လျက်ရှိတဲ့ အပြည်ပြည်ဆိုင်ရာ စာချုပ်နဲ့ ကွန်ဗင်းရှင်းတွေမှာ ဖော်ပြထားတဲ့ ကိစ္စရပ်တွေ အားလုံးအပေါ် ICJ အနေနဲ့ စီရင်ပိုင်ခွင့်အာဏာ ရှိပါတယ်။

Genocide Convention ၏ လက်ရှိအခြေအနေ

Genocide Convention လို့ခေါ်တဲ့ 1948 Convention on the Prevention and Punishment of the Crime of Genocide ဟာ လက်ရှိအသက်ဝင်လျက်ရှိတဲ့ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်တစ်ခု ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ၂၀၁၇ ခုနှစ် ဇူလိုင်လ မှတ်တမ်းအရ နိုင်ငံပေါင်း (၁၄၈) နိုင်ငံဟာ စာချုပ်ဝင်နိုင်ငံအဖြစ် ပါဝင်ပါတယ်။ Genocide Convention အရ လူမျိုးတုံးသတ်ဖြတ်မှုကို အပြည်ပြည်ဆိုင်ရာပြစ်မှုအဖြစ် အသိအမှတ် ပြုထားပါတယ်။ Genocide Convention ရဲ့ Article အရ စာချုပ်ဝင်နိုင်ငံတွေအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ကာကွယ်ဖို့နဲ့ ယင်း၏နယ်မြေပိုင်နက်အတွင်းမှာ ကျူးလွန်ခဲ့ပါက အရေးယူအပြစ်ပေးဖို့ တာဝန်ရှိကြောင်း ဖော်ပြထားပါတယ်။ Genocide Convention ရဲ့ Article II မှာတော့ လူမျိုးတုံးသတ်ဖြတ်မှု (Genocide) နဲ့ပတ်သက်ပြီး အသေးစိတ် အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

မြန်မာနိုင်ငံနှင့် Genocide Convention

မြန်မာနိုင်ငံဟာ Genocide Convention ကို (၃၀-၁၂-၁၉၄၉) ရက်နေ့မှာ ပါဝင်လက်မှတ် ရေးထိုးထားပြီး၊ (၁၄-၃-၁၉၅၆) ရက်နေ့မှာ အတည်ပြု (Ratification) ထားတဲ့ စာချုပ်ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ Genocide Convention ကို အတည်ပြုပါဝင်ခဲ့စဉ်က Genocide Convention d Article ရဲ့ Article VIII တို့ကို ခြွင်းချက်ပြု ပါဝင်ထား (reservation ပြုလုပ်ထား) ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ Genocide Convention ရဲ့ စီရင်ပိုင်ခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်တစ်ခုဖြစ်တဲ့ Article IX ကို reservation ပြုလုပ်ထားခြင်း မရှိပါဘူး။ Genocide Convention ရဲ့ Article IX မှာ စာချုပ်ဝင်နိုင်ငံတွေအကြား အငြင်းပွားမှု ပေါ်ပေါက်ပါက ICJ ကို တင်သွင်းနိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။ အလားတူ ဂမ်ဘီယာနိုင်ငံအနေနဲ့လည်း Article IX ကို reservation ပြုလုပ်ထားခြင်း မရှိပါဘူး။ ဒါကြောင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် Genocide Convention အသုံးပြုပြီး၊ ICJ မှာ တရားစွဲဆိုလာခြင်းဖြစ်ကြောင်း သုံးသပ်နိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ Article IX ကို reservation ပြုလုပ်ထားတဲ့အတွက် အခြားစာချုပ်ဝင် နိုင်ငံအပေါ် ICJ မှာ တရားစွဲဆို ပိုင်ခွင့်မရှိကြောင်း ယေဘုယျအားဖြင့် ဆိုနိုင်ပါတယ်။

ICJ ၏ လုပ်ငန်းစဉ်များ

ICJ အနေနဲ့ ယင်း၏အမှုတွေကို ယေဘုယျအားဖြင့် လူသိရှင်ကြား ကြားနာစစ်ဆေးလေ့ရှိပါတယ်။ အမှုရင်ဆိုင်စဉ်အတွင်း ICJ ရှေ့မှောက်သို့ နှုတ်နဲ့သော်လည်းကောင်း၊ စာနဲ့သော်လည်းကောင်း လျှောက်ထား တင်သွင်းမှုတွေကို ပြုလုပ်နိုင်ပါတယ်။ ICJ အနေနဲ့ ကျွမ်းကျင်တဲ့ထင်မြင်ယူဆချက် ရယူနိုင်ဖို့အတွက် လိုအပ်တဲ့လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ဆင့်ခေါ်ရွေးချယ်နိုင်သလို၊ အမှုနှင့် သက်ဆိုင်သည့် နေရာတွေကိုလည်း သွားရောက် လေ့လာခဲ့တဲ့ဖြစ်စဉ်တွေရှိပါတယ်။ ICJ ရဲ့ စည်းမျဉ်းလုပ်ထုံးလုပ်နည်း (Rules of Court) အသေးစိတ်ကို ၁၉၇၈ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့က အတည်ပြုခဲ့ပြီး၊ အခါအားလျော်စွာ ပြင်ဆင်ဖြည့်စွက်ချက်တွေကို ပြုလုပ်နေပါတယ်။ နောက်ဆုံးအကြိမ် ပြင်ဆင်ဖြည့်စွက်ချက်ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ကားဖြတ်စီမံဆောင်ရွက်ချက်များ (Provisional Measures)

ICJ Statute ရဲ့ အပိုဒ် ၄၁ အရ အမှုရင်ဆိုင်နေစဉ်ကာလအတွင်း ICJ အနေနဲ့ Provisional Measures လို့ခေါ်တဲ့ လတ်တလောကြားဖြတ် စီမံဆောင်ရွက်ချက် (သို့) ယာယီအမိန့်ကို ချမှတ်နိုင်ပါတယ်။ Interim Order လို့လည်း ခေါ်ပါတယ်။ ICJ အနေနဲ့ အပြီးသတ်စီရင်ဆုံးဖြတ်ချက် မချမှတ်မီ ကာလအတွင်း နှစ်ဖက်အမှုသည်နိုင်ငံတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့၊ အမှုကိုကောင်းစွာ ကြားနာစစ်ဆေးနိုင်စေဖို့နဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ ပိုမိုမဆိုးရွားစေဖို့အတွက် Provisional Measures တွေကို ချမှတ်ပေးတာ ဖြစ်ပါတယ်။ ICJ ရှေ့မှောက်ရင်ဆိုင်ရတဲ့ အမှုတစ်ခုအနေနဲ့ ဖြေရှင်းရတဲ့ အချိန်ကာလ အတိုင်းအတာတစ်ခုအထိ ကြာမြင့်လေ့ရှိပေမယ့် လည်း Provisional Measures ကိုတော့ အပြီးသတ်စီရင် ဆုံးဖြတ်ချက် မချမှတ်ခင် ICJ အနေနဲ့ “ကာလတိုအတွင်း” ချမှတ်နိုင်ပါတယ်။

သာဓကအနေနဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှု အလုံးစုံ ပပျောက်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း (ICERD) ကို အသုံးပြုပြီး ICJ မှာ (၁၁-၆၂၀၁၈) ရက်နေ့က ကာတာနိုင်ငံက အာရပ်စော်ဘွားများ ပြည်ထောင်စုကို တရားစွဲဆိုထားတဲ့အမှုမှာ စတင်တရားစွဲဆိုပြီး (၁) လကျော်အကြာ (၂၃-၇၂၀၁၈) ရက်နေ့မှာ ICJ က Provisional Measures ကို ချမှတ်ပေးခဲ့ပါတယ်။ အလားတူ အီရန်-အမေရိကန် နှစ်နိုင်ငံအကြား ချုပ်ဆိုထားသည့် ချစ်ကြည်ရေး၊ စီးပွားရေး ဆက်ဆံရေးနှင့် ကောင်စစ်အခွင့်အရေးဆိုင်ရာ စာချုပ်ကို ချိုးဖောက်ကြောင်း စွပ်စွဲပြီး ICJ မှာ (၁၆-၇-၂၀၁၈) ရက်နေ့က အီရန်နိုင်ငံက အမေရိကန် ပြည်ထောင်စုကို တရားစွဲဆိုထားတဲ့အမှုမှာ စတင်တရားစွဲဆိုပြီး (၂) လ ကျော်အကြာ (၃-၁၀-၂၀၁၈) ရက်နေ့မှာ ICJ က Provisional Measures ကို ချမှတ်ပေးခဲ့ပါတယ်။

လုပ်ငန်းစဉ်အနေနဲ့ Provisional Measures ချမှတ်ပေးဖို့ လျှောက်ထား လာခဲ့ရင် ICJ အနေနဲ့ ဦးစားပေး စဉ်းစားဆုံးဖြတ် ပေးနိုင်ဖို့အတွက် ကြားနာမှုပြုလုပ် သွားမယ့်နေ့ရက်ကို ဦးစွာသတ်မှတ်ပါတယ်။ ကြားနာမှုမှာ နှစ်ဖက်အမှုသည် နိုင်ငံတွေအနေနဲ့ နှုတ်နဲ့လျှောက်ထားတင်သွင်းမှုတွေကို အပြန်အလှန် ပြုလုပ်ကြပါတယ်။ ကြားနာမှုပြုလုပ်စဉ် ICJ တရားသူကြီးတွေအနေနဲ့ အမှုသည်နိုင်ငံတွေကို မေးခွန်းထုတ်နိုင်ပြီး ဖြေကြားချက်တွေကို စာနဲ့ပြန်လည် တင်ပြရပါတယ်။ တစ်ဖက်က စာနဲ့ ပြန်ကြားချက်တွေအပေါ် အခြားတစ်ဖက်က အမှုသည်နိုင်ငံအနေနဲ့ စာနဲ့ပြန်လည်မှတ်ချက်ပြုနိုင်ပါ တယ်။

Provisional Measures ရဲ့ ဥပဒေအရ သက်ရောက်မှုအပေါ် အရင်တုန်းက အမြင်ကွဲလွဲမှုတွေ ရှိခဲ့ပေမယ့်လည်း ICJ ရဲ့ အမှုတစ်ခုဖြစ်တဲ့ ဂျာမနီအမေရိကန် (LaGrand) အမှုကစလို့ ဥပဒေအရ စည်းနှောင်မှုရှိကြောင်း ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့် ICJ က အပြီးသတ်စီရင်ဆုံးဖြတ်ချက် ချမှတ်ပြီးရင် (ဒါမှမဟုတ်) အမှုကိုပလပ်လိုက်ရင်၊ ဒီ Provisional Measures တွေကို ဆက်လက်လိုက်နာဖို့ မလိုအပ်တော့ပါဘူး။ Rules of Court ရဲ့ Article 75 (2) ချမှတ်ပေးတဲ့ Provisional Measures ဟာ အမှုသည် နိုင်ငံတွေ တောင်းဆိုထားချက်အားလုံး (ဒါမှမဟုတ်) တစ်စိတ်တစ်ဒေသ (ဒါမှမဟုတ်) အခြားသင့်လျော်တဲ့အမိန့် ဖြစ်နိုင်တာကို သတိပြုရပါမယ်။ တောင်းဆိုထားတဲ့အတိုင်း ထပ်တူကျချင်မှ ကျပါလိ့မ်မယ်။ Provisional Measures ချမှတ်ခြင်း/ ပယ်ချခြင်းကြောင့် အမှုသည်နိုင်ငံတွေရဲ့ တရားရုံးရဲ့ စီရင်ပိုင်ခွင့် (Jurisdiction)၊ အမှုကို လက်ခံကြားနာ စစ်ဆေးခြင်း (Admissibility) စတဲ့ အချက်တွေအပေါ် ကန့်ကွက်ခွင့်၊ မေးခွန်းထုတ်ခွင့်၊ ခုခံချေပခွင့် အပါအဝင် အမှုရဲ့ စီရင်ဆုံးဖြတ်ချက် (merits of the case) အပေါ် မည်သည့်အခွင့်အရေးမှ ဆုံးရှုံးခြင်းမရှိကြောင်း ICJ ရဲ့အမိန့်တွေမှာ ထည့်သွင်းဖော်ပြလေ့ရှိပါတယ်။ တစ်နည်းအားဖြင့် Provisional Measures ချမှတ်ခြင်း/ပယ်ချခြင်းဟာ အမှု တစ်ခုလုံးရဲ့ အပြီးသတ် အနိုင်-အရှုံး မဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်။ Provisional Measures ချမှတ်ရာမှာ တရားသူကြီးတွေအနေနဲ့ တညီတညွတ်တည်း ဆုံးဖြတ်နိုင်သလို၊ တရားသူကြီးတွေအကြားမှာ သဘောထားအမြင် မတူညီရင် မဲခွဲဆုံးဖြတ်နိုင်ပါတယ်။ တရားသူကြီးတွေအနေနဲ့ သူတို့တစ်ဦးချင်းစီရဲ့ ထင်မြင်ယူဆချက်တွေ၊ ကြေညာချက်တွေကိုလည်း သီးခြားစီ ဖော်ပြနိုင်ပါတယ်။

မြန်မာ – ဂမ်ဘီယာအမှု ကြားနာမှု

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ မှာ နိုဝင်ဘာလ ၁၁ ရက်နေ့က တရားစွဲဆိုခဲ့ပြီး ICJ အနေနဲ့ Provisional Measures ချမှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ မြန်မာ-ဂမ်ဘီယာ အမှုဆိုင်ရာ public hearing ကို ICJ မှာ လာမယ့် ဒီဇင်ဘာလ ၁၀ ရက်ကနေ ၁၂ ရက်နေ့အထိ ပြုလုပ်သွား မှာဖြစ်ပါတယ်။ မကြာခင်ပြလုပ်မယ့် ကြားနာမှုဟာ Provisional Measures ချမှတ်ပေးဖို့ လျှောက်ထားချက်အပေါ် စဉ်းစားဆုံးဖြတ်ပေးနိုင်ဖို့အတွက် ကြားနာခြင်းသာဖြစ်တာကို သတိပြုရပါမယ်။ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ဂမ်ဘီယာနိုင်ငံက လည်းကောင်း၊ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ မြန်မာနိုင်ငံကလည်းကောင်း ပထမအကြိမ် နှုတ်နဲ့လျှောက်ထားတင်သွင်းမှု ပြုလုပ်သွားဖို့ သတ်မှတ်ထားပြီး၊ တစ်နိုင်ငံကို (၃) နာရီခွင့်ပြုထားပါတယ်။ ဒုတိယအကြိမ် နှုတ်နဲ့ လျှောက်ထားတင်သွင်းမှုကိုတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ဂမ်ဘီယာနိုင်ငံက ဦးစွာပြုလုပ်ဖို့ရှိပြီး၊ အဲ့ဒီနောက် မြန်မာနိုင်ငံက ပြုလုပ်ရပါမယ်။ တစ်နိုင်ငံကို အချိန် (၁) နာရီခွဲစီ ခွင့်ပြုထားပါတယ်။ မြန်မာ-ဂမ်ဘီယာ အမှုနဲ့ပတ်သက်တဲ့ Provisional Measures ချမှတ်ပေးဖို့ လျှောက်ထား ချက်အပေါ် ICJ အနေနဲ့ ကာလတိုအတွင်း စဉ်းစားဆုံးဖြတ် သွားနိုင်ကြောင်း ၊ အရင်အမှုတွေရဲ့ အမှုအသွားအလာအရ သုံးသပ်နိုင်ပါတယ်။

ICJ ရှေ့မှောက်၌ တရားရင်ဆိုင်မှု မပြုခြင်း (non-appearance)

ICJ Statute ရဲ့ အပိုဒ် ၅၃ (၁) အရ ICJ ရှေ့မှောက်မှာ တရားရင်ဆိုင်ရမယ့် နိုင်ငံတစ်နိုင်ငံအနေနဲ့ တရားရင်ဆိုင်ရန် မလာရောက်ပါက (ဒါမှမဟုတ်) တရားရင်ဆိုင်ပြီး ခုခံချေပခြင်း မပြုပါက၊ အခြားတစ်ဖက်က ၎င်းတို့ တင်ပြချက်အပေါ် အနိုင်ပေးတဲ့ဆုံးဖြတ်ချက် ချမှတ်ပေးဖို့ (to decide in favour) တောင်းဆိုနိုင်တဲ့ အခွင့်အရေးရှိကြောင်း ပြဋ္ဌာန်းထားတာကို အထူးသတိပြုရမှာ ဖြစ်ပါတယ်။ သာဓကအနေနဲ့ Nicaragua Case လို့ ထင်ရှားတဲ့ Nicaragua v. United States အမှုမှာ အမေရိကန် ပြည်ထောင်စုအနေနဲ့ ICJ မှာ အမှု ဆက်လက်ရင်ဆိုင်ချေပခြင်း မပြုခဲ့ကြောင်းနဲ့ ၁၉၈၆ ခုနှစ်မှာ တရားရုံးရဲ့ အပြီးသတ်စီရင် ဆုံးဖြတ်ချက် ထွက်ပေါ်လာတဲ့အခါ ရှုံးနိမ့်ခဲ့ပါတယ်။ ICJ ရဲ့ စီရင်ဆုံးဖြတ်ချက်မှာ အမေရိကန် နိုင်ငံအနေနဲ့ စာချုပ်စာတမ်းဥပဒေနဲ့ အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်း ဥပဒေတို့ကို ချိုးဖောက်ခဲ့ကြောင်း အပါအဝင် အခြားလိုက်နာရမယ့် အချက်တွေနဲ့အတူ Nicaragua နိုင်ငံကို လျော်ကြေးပေးဖို့ကိုပါ ထည့်သွင်းဆုံးဖြတ်ခဲ့ပါတယ်။ ICJ ရဲ့ စီရင်ဆုံးဖြတ် ချက်ကို လိုက်နာဖို့ ပျက်ကွက်ခဲ့သော်လည်း၊ ဗီတိုအာဏာရှိတဲ့ လုံခြုံရေး ကောင်စီဝင်ဖြစ်တာကြောင့် အမေရိကန်နိုင်ငံအပေါ် လုံခြုံရေးကောင်စီ အဆိုဆုံးဖြတ်ချက်တစ်ရပ် အတည်ပြုချမှတ်နိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် အမေရိကန်နိုင်ငံဟာ နောက်ပိုင်းမှာ Nicaragua နိုင်ငံကို များပြားတဲ့ ကူညီထောက်ပံ့မှုတွေ ပေးအပ်ခဲ့ပြီး၊ ICJ မှာ non-appearance နည်းလမ်းကို ရှောင်ရှားလာခဲ့ပါတယ်။

Bosnian Genocide Case

ICJ ရှေ့မှောက် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဆက်နွယ်တဲ့ အမှု (၄)ခု တင်သွင်း ခဲ့ဖူးပါတယ်။ အဲ့ဒီ အမှုတွေအနက် ICJ မှာ Genocide Convention အသုံးပြုပြီး၊ တရားစွဲဆို၊ စီရင်ဆုံးဖြတ်ခဲ့တဲ့ အမှုတစ်ခုကတော့ Bosnia and Herzegovina v. Serbia and Montenegro အမှု ဖြစ်ပါတယ်။ Bosnia m Federal Republic of Yugoslavia (FRY) (နောင်မှာ Serbia and Montenegro ဟု အမည်ပြောင်း) ကို Genocide Convention အား ချိုးဖောက်ကြောင်း စွပ်စွဲတဲ့ အငြင်းပွားမှု ဖြစ်ပါတယ်။ စတင်တရားစွဲဆိုပြီး (၁၉) ရက် အကြာမှာ ICJ က Provisional Measures ကို ချမှတ်ပေးခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာ အမှုစတင်ခဲ့ပြီး၊ ၂၀၀၇ ခုနှစ်မှာ ICJ အနေနဲ့ အပြီးသတ်စီရင်ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။ နှစ်ကာလအားဖြင့် အမှု အစ-အဆုံး (၁၄) နှစ်ခန့်ကြာမြင့်ခဲ့လို့ ICJ သမိုင်းမှာ အကြာဆုံး အမှုတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ Socialist Federal Republic of Yugoslavia (SFRY) နိုင်ငံဟာ ကုလသမဂ္ဂရဲ့ မူလအဖွဲ့ဝင်နိုင်ငံဖြစ်ပေမယ့်လည်း ယင်းပြိုကွဲပြီးနောက် Federal Republic of Yugoslavia (FRY) ဟာ ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ် ပြန်လည်လျှောက်ထားခဲ့ရပါတယ်။ ၂၀၀၀ ပြည့်နှစ်တွင်မှ ကုလသမဂ္ဂအဖွဲ့ဝင် ပြန်ဖြစ်လာခဲ့ပါတယ်။ FRY မှ Serbia and Montenegro သို့ ၂၀၀၃ ခုနှစ်တွင် တရားဝင် အမည်ပြောင်းလဲခဲ့ပါတယ်။ အဲ့ဒီအခြေအနေတွေကြောင့် Serbia အပေါ် စီရင်ပိုင်ခွင့် ရှိ-မရှိ အငြင်းပွား မှုတွေနဲ့ အမှုကို ဆိုင်းငံထားဖို့ တောင်းဆိုမှုတွေ ပေါ်ပေါက်ခဲ့ပြီး အမှုကြန့်ကြာ ခဲ့ရပါတယ်။ ။

ICJ ရဲ့ အပြီးသတ်စီရင်ဆုံးဖြတ်ချက်ကို အကျဉ်းဖော်ပြရရင်၊ ICJ က ၁၉၉၅ ခုနှစ် Bosnian စစ်ပွဲအတွင်း Bosnia (Srebrenica) မှာ လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ဒါပေမယ့် Serbia နိုင်ငံအနေနဲ့ကတော့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ခြင်း မရှိကြောင်း၊ တစ်နည်းအားဖြင့် specific intent မရှိကြောင်း၊ ဒါကြောင့် Serbia နိုင်ငံအနေနဲ့ တာဝန်မရှိကြောင်း၊ ဒါ့အပြင် Bosnia က လျော်ကြေးပေးဖို့ တောင်းဆိုချက်အပေါ် ငွေကြေးအားဖြင့် လျော်ကြေးပေးဖို့ သင့်လျော်မှုမရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

ခြုံငုံသုံးသပ်ချက်

မြန်မာ-ဂမ်ဘီယာအမှုမှာ ဂမ်ဘီယာနိုင်ငံဟာ ရှေ့မှာသုံးသပ်ဖော်ပြခဲ့သလို ICJ Statute ရဲ့ Article 36 (1) နဲ့ Genocide Convention ရဲ့ Article IX ပါပြဌာန်းချက်တွေကို ရည်ညွှန်းကိုးကားထားပါတယ်။ ဒါ့အပြင့် ဂမ်ဘီယာနိုင်ငံရဲ့ အမှုတင်သွင်းလွှာအရ မြန်မာနိုင်ငံရဲ့ တာဝန်ရှိမှု ပေါ်ပေါက်စေဖို့ ကြိုးပမ်းနေတယ်လို့ သုံးသပ်နိုင်ပါတယ်။ ICJ မှာ တရား စွဲဆိုခံတဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ တရားရင်ဆိုင်ပြီး၊ ခုခံချေပခြင်းမပြုရင် တစ်ဖက်အမှုသည် နိုင်ငံက ၎င်းတို့ တင်ပြချက်အပေါ် အနိုင်ပေးတဲ့ ဆုံးဖြတ်ချက် ချမှတ်ပေးဖို့ တောင်းဆိုနိုင်တဲ့ အခွင့်အရေး ရှိနေတဲ့အတွက် ICJ မှာ တရားရင်ဆိုင်ပြီး ခုခံချေပခြင်းဟာ သင့်လျော်ကြောင်း သုံးသပ်နိုင်ပါတယ်။

Photo – icj.

ICJ မှာ ရင်ဆိုင်ရတဲ့အမှုတွေဟာ စီရင်ဆုံးဖြတ်ခံရဖို့အတွက် အချိန်ကာလ ကြာမြင့်ပြီး၊ သက်ဆိုင်တဲ့ အမှုသည်နိုင်ငံအနေနဲ့ မိမိတရားစရိတ်ကို မိမိဘာသာကျခံရပါတယ်။ ICJ ရဲ့ စီရင်ဆုံးဖြတ်ချက်ဟာ အပြီးသတ်ဖြစ်ခြင်း၊ အယူခံပိုင်ခွင့်မရှိခြင်းနဲ့ စည်းနှောင်မှုရှိတဲ့ သဘောသဘာဝတွေ ရှိပါတယ်။ အပြီးသတ် စီရင်ဆုံးဖြတ်ချက် ချမှတ်ပြီးနောက်ပိုင်း လိုက်နာခြင်း ရှိ-မရှိ ကို ICJ နဲ့ လုံခြုံရေးကောင်စီတို့က စောင့်ကြည့်ဖွယ် ရှိပေမယ့်လည်း၊ ICJ အနေနဲ့ သူ့ရဲ့ စီရင်ဆုံးဖြတ်ချက်အပေါ် အတင်းအကျပ် လိုက်နာစေနိုင်တဲ့ အာဏာမရှိ တဲ့ (no power to enforce) အခြေအနေရှိပါတယ်။ ICJ အပါအဝင် အပြည် ပြည်ဆိုင်ရာ တရားစီရင်ရေးစနစ်မှာ တရားရင်ဆိုင်ရန် မလာရောက်ခြင်းနဲ့ စီရင်ဆုံးဖြတ်ချက်အပေါ် လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်ခြင်း စတဲ့သာဓကတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် ICJ က အပြီးသတ်စီရင် ဆုံးဖြတ်ချက် ချမှတ်ပြီးနောက်ပိုင်းမှာ ကြုံတွေ့လာရတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး စိန်ခေါ်မှု အခြေအနေအရပ်ရပ်တွေကြောင့် သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ ထိုက်သင့်တဲ့ကုစားမှုတွေ၊ လုပ်ဆောင်မှုတွေကို လုပ်ခဲ့ရကြောင်းနဲ့ ရာသက်ပန် မလိုက်နာတဲ့ သဘောမဟုတ်တဲ့ သိမ်မွေ့နက်နဲတဲ့ အခြေအနေတွေ ရှိတာကိုလည်း သတိပြုရမှာဖြစ်ပါတယ်။

ICJ ရှေ့မှောက် တရားရင်ဆိုင်နေစဉ်အတွင်း ကုလသမဂ္ဂပဋိညာဉ်၊ ICJ ရဲ့ ဥပဒေနဲ့ စည်းမျဉ်းလုပ်ထုံး လုပ်နည်းတွေ၊ ICJ မှာ တရားရင်ဆိုင်ခဲ့တဲ့ အရင်အမှုတွေရဲ့ အမှုအသွား-အလာနဲ့ အပြီးသတ် စီရင်ဆုံးဖြတ်ချက်တွေ Genocide Convention ပါ ပြဋ္ဌာန်းချက်တွေကို အသေးစိတ်သိရှိလေ့လာနေရင် အထောက်အပံ့များစွာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ပါဝင်ကူညီလိုတဲ့ မြန်မာ ပြည်သူပြည်သားတွေ အားလုံးရဲ့ နားလည်အားပေးမှုတွေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေကျွမ်းကျင်တဲ့ ပညာရှင်တွေရဲ့ ရှုထောင့်အမျိုးမျိုးက ဥပဒေဆိုင်ရာ အကြံဉာဏ်တွေဟာလည်း အမှုရင်ဆိုင်နေစဉ် ကာလအတွင်းမှာ နိုင်ငံအတွက် လိုအပ်နေမှာဖြစ်တဲ့အတွက် တတ်အားသမျှ ဆက်လက်ဝိုင်းဝန်းပြီး၊ အကြုံပြု ဆွေးနွေးသွားကြရင် အကျိုးဖြစ်ထွန်းမယ်လို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရှေ့မှောက်မှာ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ခုခံကာကွယ်ရာမှာ အထောက်အပံ့ဖြစ်စေဖို့အတွက် သိမ်မွေ့နက်နဲတဲ့ အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးစနစ်ရဲ့ သဘောသဘာဝ၊ လုပ်ထုံးလုပ်နည်းနဲ့ ပြဋ္ဌာန်းချက်တွေထဲက မိမိလေ့လာမှတ်သားမိတဲ့ အချက်အလက်အချို့ကို ရေးသားမျှဝေ ဖော်ပြလိုက်ပါတယ်။

(ဝန်ခံချက်။ ဤရေးသားဖော်ပြချက်သည် စာရေးသူ၏ အပြည်ပြည်ဆိုင်ရာဥပဒေရှုထောင့် သီးသန့်မှ လေ့လာတွေ့ရှိချက်များအပေါ် အခြေခံရေးသားထားခြင်းသာဖြစ်ပြီး မည်သည့်အဖွဲ့အစည်း၊ ဌာနကိုမှ ကိုယ်စားပြုခြင်း မရှိပါကြောင်းနှင့် ဘာသာပြန်ဆို ကောက်နုတ်ကိုးကား ဖော်ပြရာတွင် မပြည့်စုံမှု၊ ချို့ယွင်းမှုများရှိပါက စာရေးသူ၏တာဝန်သာဖြစ်ကြောင်း ဖော်ပြ အပ်ပါသည်။)

ဟန်စံ (နာဂိုယာတက္ကသိုလ်)

ကိုးကား။

(၁) Pedra Branca: The Road to the World Court by S Jayakumar & Tommy Koh (NUS Press, 2009)

(၂) https://www.icj-cij.org/en (accessed on 29 November 2019)

(မှတ်ချက် – ဒီဇင်ဘာ (၇)ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါးရှင် ဟန်စံ (နာဂိုယာတ္ကသိုလ်)၏ “အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရှေ့မှောက်၌ မြန်မာ့အကျိုးစီးပွားကို ခုခံကာကွယ်ခြင်း” ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။ အယ်ဒီတာ)

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်