ပါရမီဆန်း၊ ဒီဇင်ဘာ-၉
မန္တလေးမြို့ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး လာရောက်ချိန် ဘုရားပရဝုဏ်အတွင်းသို့ ဖိနပ်စီးကာ ဝင်ရောက်လာသူတစ်ဦးကို ဓါတ်ပုံရိုက်ကာ လူမူကွန်ယက်တွင် လွှင့်တင်ခဲ့သည့် Soe Kar Ar ဖေ့စ်ဘွတ်ခ်အကောင့် ပိုင်ရှင်ကို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ဘုရားဂေါပက ဥက္ကဌက သတင်းထုတ်ပြန်သည်။
“ယင်းကိစ္စနှင့် ပတ်သက်၍ ဖြစ်စဉ်အမှန်အား သိရှိပါလျှက် ရည်ရွယ်ချက်ရှိရှိနှင့် အများပြည်သူတို့အား အထင်အမြင်လွဲမှားစေရန်၊ ဆူပူမှုဖြစ်စေရန် လှုံ့ဆော်သည်ဟု ယူဆ၍ ကြီးမြတ်သော ကုသိုလ်တော်ဘုရား၏ ဂုဏ်သိက္ခာအား ကျဆင်းစေရန် ရည်ရွယ်ခြင်း၊ မန္တလေးမြို့၏ ဂုဏ်သိက္ခာ၊ ဂေါပကအဖွဲ့၏ ဂုဏ်သိက္ခာတို့အား ကျဆင်းစေရန် ရည်ရွည်ခြင်း၊ တရုတ် မြန်မာ ချစ်ကြည်ရင်းနှီးရေးကို ပျက်ပြားအောင် ရည်ရွယ်ခြင်းတို့ကို ဖြစ်စေနိုင်ပါသဖြင့် ဥပဒေလမ်းကြောင်းအရ အဆိုပါ အကောင့်ပိုင်ရှင်အား ဂေါပက အစည်းအဝေးထိုင်ပြီး အရေးယူဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ကြေညာလိုက်ပါသည်” ဟု ဒီဇင်ဘာ(၉)ရက်တွင် ထုတ်ပြန်သည့် ဂေါပက ဥက္ကဌ သီဟသုဓမ္မ မဏိဇောတဓရ ဦးကျော်ဝင်း ကြေညာချက် တွင် ဖော်ပြထားသည်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ ဦးဆောင်သော အဖွဲ့သည် ဒီဇင်ဘာ(၈)ရက် ညနေ(၄)နာရီကျော်အချိန်က မန္တလေးမြို့ မန္တလေးတောင်ခြေရှိ မဟာလောကမာရဇိန် ကုသိုလ်တော် ဘုရားသို့ လာရောက်လည်ပတ်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီး ကုသိုလ်တော် ဘုရားသို့ လာရောက်လည်ပတ်ချိန်တွင် အခြား တရုတ်နိုင်ငံသား ခရီးသွားအများအပြားလည်း ကုသိုလ်တော်ဘုရားသို့ လာရောက်လည်ပတ်လျှက်ရှိပြီး လူစည်ကား များပြားနေချိန် စက္ကန့်ပိုင်းအတွင်း အထက်ပါအတိုင်း ဖိနပ်စီးဝင်သည်ဟူသော ဖြစ်စဉ် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်ဟု ကုသိုလ်တော်ဘုရား ဂေါပကအဖွဲ့ ဒု-ဥက္ကဌ ဦးစိန်မြင့်က Mandalay In-depth News သို့ ပြောသည်။
ဘုရားအတွင်း ဖိနပ်စီးဝင်ကြောင်း ဓါတ်ပုံရိုက်ကာ လူမူကွန်ယက်တွင် လွှင့်တင်ခဲ့သူကို ဥပဒေကြောင်းအရ အရေးယူမည်ဆိုသည်မှာ ပြင်ထန်းသော တုန့်ပြန်ချက်ဖြစ်မည်လားဟု ဦးစိန်မြင့်ကို မေးမြန်းရာ ၎င်းက အတိအကျ ပြန်လည်ဖြေကြားခြင်း မရှိဘဲ ဂေါပကအဖွဲ့ အစည်းအဝေးပြီးမှသာ အရေးယူမှု ရှိ၊မရှိ ပြန်လည်ဖြေကြားနိုင်မည်ဟု ပြောသည်။

ထို့အပြင် ယခင်ကလည်း ဖိနပ်စီးခွင့်ပြုထားသည့် နေရာတွင် ဖိနပ်စီးသည့် မြန်မာဝန်ကြီးများအား ဓါတ်ပုံရိုက်ကာ ယခုကဲ့သို့ လူမူကွန်ယက်တွင် လွှင့်တင်သည့် ဖြစ်စဉ်များ ကြုံခဲ့ရဖူးကြောင်း ဦးစိန်မြင့်က ဆိုသည်။
ဒီဇင်ဘာ(၈)ရက်က ကုသိုလ်တော်ဘုရားသို့ လာရောက်လည်ပတ်သည့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးနှင့်အဖွဲ့၏ ဖိနပ်များကို သီးသန့်ထားရှိစေကာ စနစ်တကျ စီစဉ်နေချိန် ဝန်ကြီး၏ ကိုယ်ရံတော်အဖွဲ့ဝင်တစ်ဦးက နောက်ကျနေသဖြင့် အမှီလိုက်ရာမှ သတိမထားမိဘဲ ဖိနပ်စီးဝင်မိသလို ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ဂေါပကအဖွဲ့ တာဝန်ရှိသူများက မြင်တွေ့ချိန် သတိပေးလိုက်ရာ စက္ကန့်ပိုင်းအတွင်း ဖိနပ်ချွတ်ခဲ့ပြီး ဘုရားအတွင်းပိုင်းအထိ ဖိနပ်စီးဝင်ရောက်ခြင်း မရှိဟု သိရှိရကြောင်း ဦးစိန်မြင့်က ရှင်းပြသည်။
“စက္ကန့်ပိုင်းလေးပဲ ဖြစ်သွားတာပါ။ CCTV မှတ်တမ်းတွေလည်း ကြည့်လို့ရပါတယ်။ အဲ့ဒီလို ဖြစ်သွားတဲ့အချိန်လေးမှာ ဧည့်လမ်းညွှန်တစ်ယောက်က ဓါတ်ပုံရိုက်ပြီး တင်လိုက်တယ်လို့ ယူဆပါတယ်။ ဝန်ကြီးအနေနဲ့က သူကိုယ်တိုင်လည်း Low Profile အနေနဲ့ လာတာဖြစ်သလို ဓါတ်ပုံမရိုက်ဖို့လည်း မေတ္တာရပ်ခံထားပါတယ်”ဟု ဦးစိန်မြင့်က ပြောသည်။

ဓါတ်ပုံရိုက်ကာ လူမူကွန်ယက်တွင် လွှင့်တင်ခြင်းထက် ဂေါပကအဖွဲ့ထံ အသိပေးလျှင် ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
၎င်းတို့ဂေါပကအဖွဲ့အနေဖြင့် ကုသိုလ်တော်ဘုရားအတွင်း ဖိနပ်စီးခြင်း မပြုရန် အသိပေးတားမြစ်ထားပြီး အဓိကအားဖြင့် တရုတ်ခရီးသွားများကို ရည်ရွယ်ကာ ဘုရားဝင်းအတွင်း ဖိနပ်စီး ဝင်ရောက်ခြင်းမပြုရန် တရုတ်ဘာသာစကားဖြင့် အသံသွင်းကာ စပီကာဖြင့် ဖွင့်လှစ်အသိပေးခြင်း၊ တရုတ်စာများဖြင့် အသိပေးစာများ ကပ်ကာ တားမြစ်ခြင်းများ လုပ်ဆောင်လျှက် ရှိသည်ဟု ဆိုသည်။
ထိုသို့ ကုသိုလ်တော် ဘုရားအတွင်း ဖိနပ်စီးဝင်သည့် ပုံများ ဓါတ်ပုံရိုက်ကာ ဖေ့စ်ဘွတ်ခ်လူမူကွန်ယက်တွင် လွှင့်တင်ခဲ့သည့် Soe Kar Ar ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင်ထံ Mandalay In-depth News မှ ဆက်သွယ်မေးမြန်းခဲ့ရာ “ကျွန်တော် အခု tour သွားနေရလို့ပါ”ဟု ပြောပြီး အတိအကျ ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

ကုသိုလ်တော် ဘုရားဝင်းအတွင်း ဖိနပ်စီးဝင်သည်ဆိုသော ဓါတ်ပုံများ လူမူကွန်ယက်တွင်သာမက သတင်းမီဒီယာများတွင်ပါ ပျံ့နှံ့ခဲ့ပြီး မန္တလေးမြို့ခံ အချို့က ပြင်းထန်သော ဝေဖန်မှုများ ရှိခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်ဖြင့် ဒီဇင်ဘာ(၇)ရက်နှင့်(၈)ရက်များတွင် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိသည် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ ထို့နောက် ဒီဇင်ဘာ(၈)ရက်တွင် မန္တလေးသို့ လာရောက်ကာ မန္တလေးနန်းမြို့တွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သလို မန္တလေး မြနန်းစံကျော် ရွှေနန်းတော်၊ မန္တလေးတောင်နှင့် ကုသိုလ်တော်ဘုရားများသို့ သွားရောက်လည်ပတ်ကာ မန္တလေးတံတားဦးလေဆိပ်မှတဆင့် တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ကုသိုလ်တော်ဘုရားသို့ လာရောက်လည်ပတ်သည်မှာ မိနစ်ပိုင်းသာ ကြာမြင့်ခဲ့ပြီး ကုသိုလ်တော်ဘုရားအား တစ်ပါတ်ပါတ်ကာ ဖူးမြှော်ခြင်း၊ ကျောက်စာတိုက် စေတီတစ်ဆူအား ဝင်ရောက် ဖူးမြှော်လေ့လာခြင်းနှင့် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့သည်ဟု ဘုရားဂေါပကအဖွဲ့ ဒု-ဥက္ကဌ ဦးစိန်မြင့်က ဆိုသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး အနေဖြင့် အမှန်တကယ် စိတ်ဝင်စားမှုရှိ၍ လာရောက်လည်ပါတ်ခြင်းသာ ဖြစ်ပြီး ယခုကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပေါ်လာသည့်အပေါ် စိတ်မကောင်းဖြစ်မိကြောင်း ဦးစိန်မြင့်က ပြောသည်။