ထက်ဘုန်းခေါင်၊ ဒီဇင်ဘာ- ၉
နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် မြန်မာ့ဆန်များ တရုတ်သို့ တင်ပို့ရာတွင် လာအိုနိုင်ငံမှတဆင့် ဖြတ်သန်းတင်ပို့မှုများ ရှိနေကြောင်း မန္တလေးတိုင်းဒေသကြီး ဆန်စပါးကုန်သည်များအသင်း အတွင်းရေးမှူး ဦးစိုင်းကျော်က ပြောသည်။
မြန်မာ့ဆန်များ တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် မူဆယ်၊ လွယ်ဂျယ်စသည့် နယ်စပ်လမ်းကြောင်းများမှသာ တင်ပို့လေ့ရှိသော်လည်း ပြီးခဲ့သည့် လများမှစတင်ကာ မန္တလေးမှ ကျိုင်းတုံ၊ ထိုမှတဆင့် လာအိုနိုင်ငံအား ဖြတ်သန်းကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ တင်ပို့နေသည်ကို တွေ့ရှိရသည်ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တိုက်ရိုက် ဆန်တင်ပို့ရာတွင် အခွန်(၆၅)ရာခိုင်နှုန်းအထိ ကောက်ခံလျှက်ရှိရာ အခွန်နှုန်းမြင့်မားမှုကြောင့် လာအိုနိုင်ငံဘက်မှ ဖြတ်သန်းတင်ပို့သည်ဟု ယူဆရကြောင်း ၎င်းက ဆိုသည်။
“အခွန်နှုန်းက ၆၅ရာခိုင်နှုန်းဆိုတာ အရမ်းကိုမြင့်တယ်။ ဘယ်မှာမှ မကြားဖူးဘူး။ အရင်က စစ်ကိုင်းတိုင်း ကောလင်း၊ မိုးညှင်းတို့ဘက်က ဆန်တွေက လွယ်ဂျယ်နဲ့နီးတော့ အဲဒီကနေ တခါတည်း ထွက်တာ များတယ်။ အခု မန္တလေးကို လာတယ်။ အဲဒီကနေ ကျိုင်းတုံကိုသွားပြီး လာအိုထဲကနေမှ တရုတ် ယူနန်ပြည်ထဲကို ဝင်နေတယ်” ဟု ဦးစိုင်းကျော်က ပြောသည်။
တရုတ်သို့ ဆန်တင်ပို့ရာတွင် မန္တလေး-မူဆယ် လမ်းကြောင်းမှ တင်ပို့ပါက ဆန်တစ်အိတ် ကျပ်(၁၀၀၀)ဝန်းကျင်သာ သယ်ယူစရိတ် ကုန်ကျပြီး လာအိုနိုင်ငံမှတဆင့် ဖြတ်သန်းတင်ပို့ရာတွင် ဆန်တစ်အိတ် ကျပ်(၅၀၀၀)ဝန်းကျင်အထိ ကုန်ကျနိုင်သည်ဟု ဆန်ကုန်သည်များက ဆိုသည်။

သို့သော် သယ်ယူစရိတ် ကုန်ကျငွေထက် အခွန်သက်သာမှုကြောင့် ခရီးလမ်းပိုဝေးသည့် လာအိုလမ်းကြောင်းကို ရွေးချယ်ခြင်းဖြစ်နိုင်ကြောင်း ကုန်သည်အချို့က ခန့်မှန်းသည်။
လက်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေး ဈေးကွက်မှ ဆန်တင်ပို့ရာတွင် တရုတ်နိုင်ငံက အခွန်(၆၅)ရာခိုင်နှုန်းအထိ ကောက်ခံလျှက်ရှိရာ ဆန်ဈေးကောင်းမရ ဖြစ်နေသည်ဟု ဦးစိုင်းကျော်က ဆိုသည်။
“မူဆယ်မှာက မြန်မာ့ဆန်ကို တရုတ်ကုန်သည်က ဝယ်ရင် ယွမ်(၁၆၀)ကျော် ပေးဝယ်ရပေမယ့် မြန်မာကုန်သည် ရတာက ယွမ်(၁၀၀)ဝန်းကျင်ပဲ ရတယ်။ ကြားထဲက အခွန်ဆီပဲ သွားနေတာ”ဟု ဦးစိုင်းကျော်က ပြောသည်။

တရုတ်နိုင်ငံ၏ အခွန်တိုးမြင့်ကောက်ခံမှု၊ တရားမဝင် ဆန်တင်ပို့မှုများအား ဖမ်းဆီးမှုများကြောင့် ၂၀၁၈ နှစ်ကုန်ပိုင်းမှစတင်ကာ မူဆယ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့နိုင်ခြင်း မရှိတော့ဘဲ ယခုနှစ်အတွင်း တရုတ်သို့ ဆန်တင်ပို့နိုင်မှု လျော့ကျခဲ့သည်။ လက်ရှိတွင် မူဆယ်ဈေးကွက်၌ တရုတ်ကုန်သည်တစ်ဦးချင်းစီမှ ပါမစ်ဖြင့် ဝယ်ယူသည့် ဆန်များသာ အရောင်းအဝယ်ဖြစ်နေပြီး လတ်တလောတွင် တစ်နေ့ဆန်အိတ်ရေ နှစ်သောင်းခန့်သာ အရောင်းအဝယ်ဖြစ်နေသည်ဟု မူဆယ်နယ်စပ်တွင် အရောင်းအဝယ်လုပ်နေသည့် ဆန်ကုန်သည်များက ပြောသည်။