ပြည်တွင်းထက် ဈေးပိုရ၍ ကြံပင်များ တရုတ်သို့ တင်ပို့ရောင်းချ၊ ကြံတစ်တန် ကျပ်(၇၀၀၀)ခန့် ဈေးပိုရပြီး ကသာ၊ထီးချိုင့် ဒေသများမှပါ တင်ပို့နေ

ထက်ဘုန်ုးခေါင်၊ ဒီဇင်ဘာ-၂၇

ပြည်တွင်း သကြားစက်ရုံများသို့ တင်ပို့ရောင်းချသည်ထက် ကြံတစ်တန်လျှင် ကျပ်(၇၀၀၀)ခန့် ဈေးပိုရ၍ ကသာ၊ထီးချိုင့် ဒေသများတွင် စိုက်ပျိုးသည့် ကြံပင်ကုန်ကြမ်းများကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလျှက် ရှိကြောင်း သတင်းရရှိသည်။

ကြံကုန်ကြမ်းများ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရာတွင် လွယ်ဂျယ်လမ်းကြောင်းမှတဆင့် တင်ပို့ပြီး ယခင်နှစ်များက တရုတ်နယ်စပ်နှင့်နီးသည့် ဗန်းမော်ဒသထွက် ကြံများကိုသာ တင်ပို့ရောင်းချရာမှ ယခုနှစ်တွင် မိုင်(၂၀၀)ခန့် ကွာဝေးသည့် စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကသာ၊ ထီးချိုင့်၊တကောင်း စသည့်ဒေသများမှပါ တင်ပို့ရောင်းချမှု ရှိနေသည်ဟု ဒေသခံ ကြံစိုက်တောင်သူများက ပြောသည်။

ပြည်တွင်း၌ ရောင်းချရာတွင် သကြားစက်ရုံအရောက် ကြံတစ်တန်လျှင် (၃၈၀၀၀)ကျပ် ဈေးရပြီး တရုတ်နယ်စပ် လွယ်ဂျယ်မြို့အရောက် တင်ပို့ရောင်းချရာတွင် ကြံတစ်တန်လျှင် ကျပ်(၈၅၀၀၀) ဈေးရကြောင်း၊ ကြံခုတ်ခ၊ တင်ခနှင့် သယ်ယူစရိတ်များ နှုတ်ပါက ပြည်တွင်းသကြားစက်သို့ ရောင်းလျှင် ကြံစိုက်တောင်သူူအတွက် ကြံတစ်တန် ကျပ်(၁၈၀၀၀) ကျန်ရှိပြီး တရုတ်နယ်စပ်အထိ တင်ပို့ရောင်းချနိုင်လျှင် ကြံစိုက်တောင်သူအတွက် ကြံတစ်တန် ကျပ်(၂၅၀၀၀)ခန့် ကျန်ရှိသည်ဟု ကြံစိုက်တောင်သူများက ပြောသည်။

“ဒီနှစ်မှ သူတို့က ဝယ်တာ။ ပို့နေတာလည်း မကြာသေးဘူး။ ဒီဘက်မှာလည်း အခက်အခဲတွေ ရှိတော့ ဝယ်တဲ့သူ ရှိတဲ့ဆီ ရောင်းနေရတယ်။ တောင်သူအားလုံးတော့ မရောင်းကြသေးဘူး။ ဈေးက ကောင်းပေမယ့် ခရီးက အရမ်းဝေးတော့ အဆင်ပြေတယ် မဟုတ်လှဘူး။ ဒီမှာ ရောင်းရတာထက်တော့ ဈေးနည်းနည်း ပိုကျန်တယ်” ဟု တရုတ်နိုင်ငံသို့ ကြံတင်ပို့ရောင်းချနေသော တောင်သူကိုယ်စားလှယ် ဦးချိုတူးက ပြောသည်။

ကသာ၊ ထီးချိုင့်ဒေသတွင် ဂရိတ်ဝေါလ် ဝေမါ (မောင်းကုန်း) သကြားစက်ရုံ ရှိသော်လည်း စက်ရုံသို့ ကြံတင်ပို့ရာတွင် ကတ္တားဂိတ်က တန်ပို တင်ဆောင်ခွင့်မပြုခြင်း၊ ကြံဈေးနှုန်း နိမ့်ကျခြင်းများကြောင့် တရုတ်နိုင်ငံသို့ ကြံကုန်ကြမ်းအတိုင်း တင်ပို့နေရခြင်း ဖြစ်သည်ဟု ကြံစိုက်တောင်သူများက ဆိုသည်။

တရုတ်သို့ ကြံတင်ပို့ရာတွင် ကြံတစ်တန်လျှင် ကားခ ကျပ်(၅၀၀၀၀)ခန့် ကုန်ကျသော်လည်း ပြည်တွင်းထက် အသားတင်ငွေ ကြံတစ်တန်လျှင် ကျပ်(၇၀၀၀)ခန့် ပိုမိုရရှိကြောင်း ကြံတောင်သူ ဦးလီလီထွန်းက ပြောသည်။

Photo – Htet Phone Khaung

တရုတ်နိုင်ငံအနေဖြင့် လက်ရှိတွင် ကြံများ ဝယ်ယူနေသော်လည်း လာမည့်နှစ်တွင် ဝယ်ယူမှု ရှိ၊မရှိ မသိရသေးဘဲ ဈေးကွက်အခြေအနေမှာ စိတ်မချရသေးဟု ကြံတင်ပို့ရောင်းချနေသူများက ပြောသည်။

တရုတ်နိုင်ငံသို့ ကြံတင်ပို့ရောင်းချမှုများ ရှိသော်လည်း ပြည်တွင်းသကြားစက်ရုံများမှ ကြိုတင်ငွေ ထုတ်ယူထားသည့် တောင်သူများအနေဖြင့် ပြည်တွင်း၌ပင် ရောင်းချလျှက် ရှိသည်ဟု ဂရိတ်ဝေါလ် ဝေမါ (မောင်းကုန်း) သကြားစက်ရုံမှ ဦးကျော်နိုင်က ပြောသည်။

“ကျွန်တော်တို့ စက်ရုံကိုလည်း လာရောင်းကြပါတယ်။ ကျွန်တော်ဆီကို ရောင်းတဲ့ဟာ ရောင်းတယ် ဟိုဘက်လည်း ပို့တဲ့ဟာ ပို့နေတယ်ပေါ့။ အဲဒီတော့ တောင်သူတချို့အနေနဲ့လည်း ကြိုတင်ငွေယူထားတာ မကြေဘဲ ကျန်ကောင်း ကျန်နိုင်တာပေါ့” ဟု ၎င်းက ဆိုသည်။

Photo – Commerce

ဈေးနှုန်းသက်သာသည့် ထိုင်းနိုင်ငံမှ သကြားများ ပြည်တွင်း၌ အသုံးပြုမှု များပြားလာခြင်းနှင့် ထိုင်းသကြားများကို တရုတ်နိုင်ငံသို့ တဆင့်ခံတင်ပို့သည့် Re-export သကြားများကြောင့် ယခုနှစ်ပိုင်းအတွင်း ပြည်တွင်းထုတ် ကြံ၊သကြားများ ပိုလျှံလျှက်ရှိသလို စံချိန်တင် ဈေးကျဆင်းလျှက် ရှိသည်။

ကြံ၊သကြားဈေး ကျဆင်းမှုကြောင့် တောင်သူများ အထိနာလျှက်ရှိသလို ပြည်တွင်းစက်ရုံများတွင်လည်း သကြားများ ရောင်းမကုန်သေးဘဲ ကျန်ရှိနေသည်ဟု ကြံ၊သကြား လုပ်ငန်းရှင်များက ပြောသည်။ ထို့အပြင် သကြားစက်ရုံအရောက် ကြံတင်ပို့ရာတွင် ကြံကားများကို တန်ပိုတင်ဆောင်ခွင့် မပြုသည့်အတွက် တောင်သူများ ပိုမိုအခက်တွေ့နေသည်ဟု ဆိုသည်။

ဒီဇင်ဘာ(၇)ရက်က ကြံကားများကို တန်ပိုတင်ဆောင်ခွင့်ပြုရန် ကြံစိုက်တောင်သူ ထောင်နှင့်ချီကာ ကသာမြို့တွင် ဆန္ဒထုတ်ဖော်ခဲ့သလို သက်ဆိုင်ရာဝန်ကြီးဌာန၊ တိုင်းအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံတင်ပြခဲ့သော်လည်း ပြေလည်အောင် ဖြေရှင်းပေးမှု မရှိသေးဟု ကြံစိုက်တောင်သူများက ပြောသည်။


စက်မူကုန်ကြမ်း သီးနှံဖြစ်သည့် ကြံနှင့်သကြားသည် မြန်မာနိုင်ငံ၏ အဓိက လယ်ယာထွက်ကုန်များထဲတွင် ပါဝင်ပြီး မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသများတွင် အများဆုံး စိုက်ပျိုးသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ် ကြံသီးနှံ ဧက (၄)သိန်းကျော် စိုက်ပျိုးပြီး သကြားတန်ချိန် (၄)သိန်းဝန်းကျင် ထွက်ရှိကာ ပြည်တွင်းစာသုံးမူ ဖူလုံရုံသာမက ဆန်၊စပါးကဲ့သို့ပင် ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်