မန္တလေးတွင် နှစ်သစ်ကူးည ထိခိုက်ဒဏ်ရာရကာ ဆေးရုံရောက်သူ (၇၀)ဦးရှိ

ဘုန်းနေ၊ မောင်မင်းမော်၊ ဇန်နဝါရီ-၁

မန္တလေးမြို့၌ နှစ်သစ်ကူးညတွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုနှင့် ခိုက်ရန်ဖြစ်ပွားမှုများကြောင့် ထိခိုက်ဒဏ်ရာရကာ မန္တလေးဆေးရုံကြီးသို့ ရောက်ရှိလာသူ (၇၀)ဦး ရှိခဲ့ကြောင်း ဆေးရုံအုပ် ဒေါက်တာ ထင်ကျော် က Mandalay In-depth news အား ပြောသည်။

နှစ်သစ်ကူးညတွင် မန္တလေးဆေးရုံကြီးသို့ ရောက်ရှိလာသည့် လူနာများအနက် ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ (၃၃)ဦး၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရသူ (၃၀)ဦးနှင့် အခြားအကြောင်းကြောင့် ထိခိုက်ဒဏ်ရာရသူ (၇)ဦး ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရသူများအနက် အတွင်းလူနာအဖြစ် ကုသမှုခံယူရသူ (၂၄)ဦး ရှိပြီး သေဆုံးသူ မရှိကြောင်း ဒေါက်တာ ထင်ကျော် ရှင်းပြသည်။

“သေတဲ့လူ မရှိဘူး။ ဆေးရုံတက်နေတဲ့ အတွင်းလူနာတွေကလည်း စိုးရိမ်စရာ မရှိပါဘူး” ဟု ၎င်းက ဆိုသည်။ 

ယခုနှစ် နှစ်သစ်ကူးညတွင် မန္တလေးဆေးရုံကြီးသို့ ရောက်ရှိလာသည့် ထိခိုက်ရသူ အရေအတွက် ယခင်နှစ်ထက် လျှော့နည်းခဲ့ပြီး အဓိကအကြောင်းအရင်းမှာ မြို့တွင်း သုံးနေရာတွင် ဖျော်ဖြေပွဲများ ကျင်းပသောကြောင့် လူကွဲကာ ခိုက်ရန်ဖြစ်ပွားမှု လျှော့နည်းသွားခြင်းကြောင့် ဖြစ်မည်ဟု နှစ်သစ်ကူးည မန္တလေးဆေးရုံကြီးတွင် ပရဟိတ လုပ်ဆောင်သူများက ပြောသည်။

“နည်းသွားတော့ ကောင်းပါတယ်။ ကျွန်တော့် အမြင်ကတော့ IC ရှိုးပွဲကလည်း ရှိတော့ လူခွဲထုတ်သလို ဖြစ်သွား‌တော့ ကျုံးဘေးမှာ လူကနည်း သွားတာပေါ့။ လူများလေ ခိုက်ရန်ဖြစ်ပွားလေ ဆိုတော့လေ” ဟု နှစ်ကူးညက ဆေးရုံကြီးတွင် ပရဟိတဆောင်ရွက်ပေးခဲ့သည့် ကိုဝမ်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ နှစ်သစ်ကူးညက ထိခိုက်ဒဏ်ရာ ရရှိမှုကြောင့် မန္တလေးဆေးရုံကြီးသို့ ရောက်ရှိလာသူ (၈၁)ဦး ရှိခဲ့ကြောင်း မန္တလေးဆေးရုံကြီးမှ ယခင်နှစ်က ထုတ်ပြန်သည့် စာရင်းများတွင် ဖော်ပြထားသည်။

.

နှစ်သစ်ကူးညက မန္တလေးဆေးရုံကြီးသို့ ရောက်ရှိလာသည့် ထိခိုက်ဒဏ်ရာရ လူနာတစ်ဦး/ Photo – Hlaing Min Oo

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်