မန္တလေးအခြေစိုက် တရုတ်လုပ်ငန်းရှင်များအသင်းက တိုင်းလွှတ်တော်အတွက် ငွေလှူ

ဒီဒါင်းမေ ၊ ဇန်နဝါရီ-၁၃

မန္တလေးမြို့ အခြေစိုက် စီးပွားရေးလုပ်ငန်းရှင် တရုတ်ကုန်သည်ကြီးများအသင်းက မန္တလေးတိုင်းဒေသကြီး လွှတ်တော်အတွက် ငွေကျပ်သိန်း(၃၀) လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးအခြေစိုက် စီးပွားရေးလုပ်ငန်းရှင် တရုတ်ကုန်သည်ကြီးများအသင်းက ယနေ့ ဇန်နဝါရီ(၁၃)ရက် နေ့လည်ပိုင်းတွင် တိုင်းလွှတ်တော်ဥက္ကဌ ရုံးခန်း၌ အလှူငွေ ကျပ်သိန်းသုံးဆယ် လာရောက်လှူဒါန်းရာ လွှတ်တော်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့သည်ဟု တိုင်းလွှတ်တော်က သတင်းထုတ်ပြန်သည်။

“ဘာအတွက်ရယ်လို့ မသိဘူး။ သူတို့ဟာ သူတို့ လာလှူသွားတာဗျ။ ကျွန်တော်တို့ လွှတ်တော် ရံပုံငွေ၊ လွှတ်တော်မှာ သုံးဖို့အတွက်ပေါ့ဗျာ။ ရံပုံငွေပေါ့ လွှတ်တော်အတွက်ပေါ့” ဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦးက Mandalay In-depth News အား ပြောသည်။

ယခင်ကလည်း တိုင်းလွှတ်တော်အတွက် ငွေကြေးလှူဒါန်းမှုများ ရှိခဲ့ဖူးပြီး အဆိုပါ အလှူငွေများအား လက်ခံကာ တိုင်းလွှတ်တော် ဝန်ထမ်းသက်သာ ရံပုံငွေအဖြစ် လွှတ်တော်ဝန်ထမ်းများအတွက် သုံးစွဲသလို လွှတ်တော်ကိုယ်စားလှယ်များ၏ လေ့လာရေးခရီးစဉ်များနှင့် လွှတ်တော်၏ ပြန်လည်လှူဒါန်းသည့် အစီအစဉ်များတွင် စနစ်တကျ သုံးစွဲသည်ဟု ၎င်းက ဆိုသည်။

“ရတာလေးတွေကို ကျွန်တော်တို့က စစ်စစ်စီစီ သုံးတယ်”ဟု ဦးအောင်ကျော်ဦးက ပြောသည်။

မန္တလေးအခြေစိုက် တရုတ်လုပ်ငန်းရှင်များ အသင်းနှင့် အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကုမ္မဏီတို့သည် ဇန်နဝါရီ(၃)ရက်နှင့် (၈)ရက်နေ့ကလည်း မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ ရင်ခွင်မဲ့ကလေးများ လျှော့ချရေးအသင်းနှင့် မန္တလေးမြို့ မန်းတောင်ခြေ ဘိုးဘွားရိပ်သာတို့အတွက် အလှူငွေများ လှူဒါန်းခဲ့သေးသည်။

ဇန်နဝါရီ(၃)ရက်က မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ ရင်ခွင်မဲ့ကလေးများ လျှော့ချရေးအသင်းသို့ မန္တလေးအခြေစိုက် တရုတ်လုပ်ငန်းရှင်များက ငွေကျပ်သိန်း(၂၀၀)နှင့် အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကုမ္မဏီက ငွေကျပ်သိန်း(၁၀၀) လှူဒါန်းခဲ့ရာ တိုင်းဝန်ကြီးချုပ်၏ ဇနီး ဒေါက်တာဒေါ်ယုယုမေက လက်ခံရယူခဲ့သည်။

ထို့နောက် ဇန်နဝါရီ(၈)ရက်တွင် မန်းတောင်ခြေဘိုးဘွားရိပ်သာ အဆောက်အအုံ ပြုပြင်ရန်အတွက် အထက်ပါ အသင်းအဖွဲ့(၂)ခုက အလှူငွေကျပ်သိန်း(၁၀၀)စီ လှူဒါန်းရာ ဘိုးဘွားရိပ်သာ ဥက္ကဌနှင့် အမှုဆောင်များက လက်ခံရယူခဲ့သည်။ အဆိုပါ လှူဒါန်းပွဲသို့ မန္တလေးတိုင်းလွှတ်တော်ဥက္ကဌနှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့လည်း တက်ရောက်ခဲ့သည်။

ထိုသို့ ငွေကြေးလှူဒါန်းမှုများနှင့် ပတ်သက်၍ မန္တလေးအခြေစိုက် တရုတ်လုပ်ငန်းရှင်များ အသင်းနှင့် အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကုမ္မဏီတို့ထံ Mandalay In-depth News မှ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့ရာ ပြန်လည်ဖြေကြားလိုခြင်း မရှိဟုသာ အကြောင်းပြန်သည်။

မန္တလေးအခြေစိုက် တရုတ်လုပ်ငန်းရှင်များအသင်းမှ အလှူငွေလာရောက်သည့်အပေါ် တိုင်းလွှတ်တော်ဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့ လက်ခံရယူစဉ်/ Photo – Mandalay Region Hluttaw.

မန္တလေးအခြေစိုက် တရုတ်လုပ်ငန်းရှင်များအသင်းမှ အလှူငွေလာရောက်သည့်အပေါ် တိုင်းလွှတ်တော်ဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့ လက်ခံရယူစဉ်/ Photo – Mandalay Region Hluttaw.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်