အခန်းငှား အမည်ပြောင်းသူ (၃၀)ဦးရှိဟုဆို
ကိုနေကို၊ အောက်တိုဘာ-၉
မန္တလေးမြို့ ကမ်းနားလမ်း အငှားအိမ်ရာတွင် ငှားရမ်းနေထိုင်ခွင့် ရရှိထားသူများအနက် သုံးလနှင့်အထက် ငှားရမ်းခပေးသွင်းခြင်း မရှိသော တိုက်ခန်း(၈)ခန်းကို ချိတ်ပိတ်ကာ ပြန်လည်သိမ်းဆည်းခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ စီမံဌာန၊ ဌာနမှူး ဦးမောင်မောင်မြင့်က ပြောသည်။
မန္တလေးကမ်းနားလမ်း အငှားအိမ်ရာ တိုက်ခန်းများအနက် သုံးလနှင့်အထက် ငှားရမ်းခ ပေးသွင်းခြင်းမရှိသည့် တိုက်ခန်း (၁၃၉)ခန်းအထိ ရှိခဲ့သည်။ ယင်းတို့အနက် (၁၃၁)ခန်းမှာ စည်ပင်သာယာက သတ်မှတ်ထားသည့် ရက်အတွင်း ငှားရမ်းခငွေများ လာရောက်ပေးသွင်းခဲ့ပြီး သတ်မှတ်ရက် ကျော်လွန်သည်အထိ အခန်းငှားခ ပေးသွင်းခြင်းမရှိသည့် (၈)ခန်းကိုမူ နေထိုင်သူများကို ဖယ်ရှားကာ အခန်းချိတ်ပိတ်ပြီး ပြန်လည်သိမ်းယူထားသည်ဟု ၎င်းက ဆိုသည်။

“အဲဒီ (၈)ခန်း မှာ နေသူတွေ ဖယ်ရှားလိုက်ပြီး သော့ခတ် ပြန်ပိတ်သိမ်းထားပါတယ်။ လောလောဆယ်တော့ စည်ပင် က ပြန်သိမ်းထားပါတယ်” ဟု ဦးမောင်မောင်မြင့်က ပြောသည်။
အခန်းငှားရမ်းခ ပေးသွင်းရန် သုံးလနှင့်အထက် ကျော်လွန်နေသူများသည် ဒဏ်ကြေးငွေကျပ်တစ်သောင်းနှင့် ကျော်လွန်သည့်လအလိုက် ငွေပြန်လည် ပေးသွင်းရခြင်း ဖြစ်သည်။ နေထိုင်သူများကို ဖယ်ရှားကာ စည်ပင်သာယာမှ ချိတ်ပိတ်ခဲ့သည့် အခန်းများမှာ ကမ်းနားလမ်း အငှားအိမ်ရာတိုက်တန်း စံပယ်ဆောင်နှင့် နှင်းဆီဆောင်တို့မှ အခန်းများဖြစ်ကြောင်း စည်ပင်သာယာတာဝန်ရှိသူများက ပြောသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသည် ကမ်းနားလမ်း အငှားအိမ်ရာတိုက်ခန်းများတွင် အခန်းငှားရမ်းခ ပေးသွင်းရန် ပျက်ကွက်နေသူများနှင့် မူလငှားရမ်းခွင့် ရသူမဟုတ်ဘဲ တဆင့်လွှဲပြောင်း ငှားရမ်းနေထိုငမူများ ရှိ၊မရှိ အောက်တိုဘာ(၅)ရက် နံနက်ပိုင်းမှစတင်ကာ စစ်ဆေးခဲ့သည်။ ထို့နောက် အခန်းငှားခ သုံးလစာနှင့်အထက် ပေးသွင်းရန် ပျက်ကွက်သည့် အခန်းများကို စစ်ဆေးအရေးယူခြင်းနှင့် တဆင့် လွှဲပြောင်းရောင်းချထားသော အခန်းများကို အမည်ပြောင်းပေးခြင်းများ လုပ်ဆောင်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ တိုက်ခန်းငှားရမ်း နေထိုင်ခွင့် အမည်ပြောင်းလျှောက်ထားသူ (၃၀)ဦး ရှိကြောင်း စီမံဌာနမှုး ဦးမောင်မောင်မြင့်က ပြောသည်။ အဆိုပါ အမည်ပြောင်း လျှောက်ထားသူများကိုလည်း သတ်မှတ်အခွန်နှုန်း ကျပ်တစ်သိန်းပေးသွင်းစေကာ အမည်ပြောင်းပေးခဲ့သည်ဟု ဆိုသည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဧရာဝတီမြစ်ဘေး ကမ်းနားလမ်း တစ်လျောက်တွင် ကျုးကျော်နေထိုင်သူများအတွက် အစိုးရက အဌားအိမ်ရာ တိုက်တန်းသုံးခု (စံပယ်၊ နှင်းဆီ၊ ကံ့ကော်) ကို တည်ဆောက်ခဲ့သည်။ အဆိုပါ တိုက်တန်းသုံးခုတွင် အဆောင်(၂၂ )ဆောင် ရှိပြီး အခန်းအရေအတွက် (၁၅၈၄)ခန်း ဖြစ်သည်။ ထို့နောက် ၂၀၁၆တွင် ကမ်းနားလမ်းတလျှောက် ကျူးကျော်နေထိုင်သူများကို စာရင်းကောက်ယူကာ မဲစနစ်ဖြင့် အဆိုပါ တိုက်ခန်းများ၌ နေထိုင်ခွင့်ပေးခဲ့သည်။
အငှားအိမ်ရာ တိုက်ခန်းများတွင် နေထိုင်သူများအတွက် အခန်းတစ်ခန်းလျှင် တစ်လငှားရမ်းခ ကျပ်လေးသောင်းနှင့် အမှိုက်သိမ်းဆည်းခ တစ်လကျပ်တစ်ထောင် ကောက်ခံသည်။

ကမ်းနားလမ်း အငှားအိမ်ရာ တိုက်ခန်းငှားရမ်းခများ အကြွေးမကျန်ရှိစေရန်အတွက် လစဉ် ကွင်းဆင်း စစ်ဆေးမည်ဖြစ်ပြီး စည်းကမ်းဖေါက်ဖျက်ပါက စာချုပ်ပါ စည်းကမ်းများအတိုင်း အရေးယူဆောင်ရွက်မည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ စီမံဌာနမှူး ဦးမောင်မောင်မြင့်က ပြောသည်။
အောက်တိုဘာ(၅)ရက်က မန္တလေးကမ်းနားလမ်း အငှားအိမ်ယာတိုက်ခန်းများကို စည်ပင်သာယာနှင့် ရဲတပ်ဖွဲ့ဝင်များ လိုက်လံစစ်ဆေးနေစဉ်။ ဓါတ်ပုံ – အမ်တီ။