သပိတ်ကျင်းမြို့အနီး ဧရာဝတီမြစ်အတွင်း ရွှေတူးနေမှုများ ဝင်ဖမ်းရာ လူတစ်ဦးမျှ မမိဘဲ စက်ပစ္စည်းများ ဖမ်းမိ

မောင်မင်းမော်၊ ဇန်နဝါရီ – ၁၄

မန္တလေးတိုင်း သပိတ်ကျင်းမြို့အနီး ဧရာဝတီမြစ်ကြောင်းအတွင်း ရွှေတူးဖော်နေမှုများကို ဌာနဆိုင်ရာ တာဝန်ရှိသူများက ဇန်နဝါရီ(၁၃)ရက်တွင် သွားရောက်စစ်ဆေးခဲ့ရာ ရွှေတူးဖော်သူ တစ်ဦးတစ်ယောက်မျှ ဖမ်းဆီးရမိခြင်း မရှိသော်လည်း စက်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့ ဧရာဝတီမြစ်အတွင်း တရားမဝင် ရွှေတူးဖော်နေသည်မှာ တစ်လဝန်းကျင်ရှိပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရပြီး ဌာနဆိုင်ရာအဖွဲ့က သွားရောက်စစ်ဆေးရာတွင် ရွှေသတ္ထုတူးဖော်ရာ၌ အသုံးပြုသည့် စက်နှင့် ဆက်စပ်ပစ္စည်း (၁၇)စုံ ဖမ်းဆီးရမိခဲ့သည်ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မန္တလေးတိုင်း ဦးစီးမှူး ဦးကျော်မြင့်သန်းက ပြောသည်။

“လူတွေဘာတွေတော့ မမိဘူး။ စက်ပစ္စည်းတွေပဲ ဖမ်းမိတယ်။ သွားပြီးစစ်ဆေးတော့ မရှိတော့ဘူး နောက်ကျသွားတယ်” ဟု ဦးကျော်မြင့်သန်းက Mandalay Indepth News အား ပြောသည်။

သပိတ်ကျင်းမြို့နယ် ပေသောင်ကျေးရွာအနီး ဧရာဝတီမြစ်အတွင်း ရွှေတူးဖော်နေမှုများကို တွေ့ရစဉ်/ Photo – Soe Hein FB.

သပိတ်ကျင်းမြို့နယ် ဂွေးပင်မှော်ကျေးရွာအုပ်စု ပေသောင်ကျေးရွာအနီး ဧရာဝတီမြစ်အတွင်း တရားမဝင် ရွှေတူေးဖာ်နေကြောင်း သတင်းပေးချက်အရ မြို့နယ် ထွေအုပ်၊ ရဲတပ်ဖွဲ့၊ အမှတ်(၂)သတ္ထုတွင်းလုပ်ငန်း၊ သစ်တောဌာနနှင့် လယ်ယာစာရင်းအင်းဌာန စသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ရာ တရားမဝင် ရွှေသတ္ထုတူးဖော်ရေး လုပ်ကွက်တစ်ခုကို တွေ့ရှိခဲ့ပြီး လူတစ်ဦးမျှ မတွေ့သော်လည်း  ပိုင်ရှင်မဲ့ စက်အစ္စည်းများ တွေ့ရှိခဲ့သည်ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ ရွှေတူးဖော်ရေး လုပ်ကွက်အတွင်းမှ မျှောဖောင် (၁၇)ခု၊ မျှောလောင်းသစ်သားဇလား (၁၇)စုံ၊ ရွှေမှုံစုပ်တူးဖော်ရန် ပြင်ဆင်ထားသည့် လေးလုံးထိုးအင်ဂျင် (၉)လုံး၊ ခြောက်လုံးထိုးအင်ဂျင် (၈)လုံး၊ ဒိုင်နမို (၁၇)လုံး၊ ခြောက်လက်မ ရေခရု(၁)လုံး၊ နှစ်လက်မ ရေခရု (၁၇)လုံး၊ သံပိုက်(၁၉၀)ကျော်၊ ကြိုးရစ်ဒလက်သီး (၁၇)ခုနှင့် ဆီတိုင်ကီ၊ ဆီပေပါစသည့် ပစ္စည်းများ ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

“ထွေအုပ်ကနေ တိုင်းအစိုးရအဖွဲ့ကို တင်ပြထားတယ်။ တိုင်းအစိုးရကလည်း ဒါကို ရေအရင်းမြစ်နဲ့ မြစ်ချောင်းများ ထိန်းသိမ်းရေး ဥပဒေနဲ့ရော၊ သတ္ထုတွင်း ဥပဒေနဲ့ရော အရေးယူဖို့ ညွှန်ကြားလာပါတယ်။ အဲ့ဒါကို ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု ဦးကျော်မြင့်သန်းက ဆိုသည်။

သပိတ်ကျင်းမြို့နယ် ပေသောင်ကျေးရွာအနီး ဧရာဝတီမြစ်အတွင်း ရွှေတူးဖော်နေမှုများကို တွေ့ရစဉ်/ Photo – Soe Hein FB.

အဆိုပါ ရွှေတူးဖော်ရာတွင် အသုံးပြုသည့် စက်နှင့် ဆက်စပ်ပစ္စည်းများ ပိုင်ရှင်မဲ့ တွေ့ရှိမှုနှင့်ပတ်သက်၍ ပျောက်ပျက်ခြင်း မရှိစေရန် ရဲတပ်ဖွဲ့မှ လုံခြုံရေး ဆောင်ရွက်ထားသည်ဟုလည်း တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

“ဒေသခံတွေပဲ တူးကြတာများတယ်။ နှစ်တိုင်းလိုလို တူးနေကြတာဆိုတော့ သမားရိုးကျလို့ ပြောလို့ရတာပေါ့။ ယခင်ကလည်း လုပ်ခဲ့ကြ‌တာပဲ။ တခြားအလုပ်မရှိဘဲ ထွက်ပေါက်မရှိတဲ့အခါ လုပ်ကြတာပေါ့။ အလုပ်မရှိတော့ တူးကြတာပေါ့။ တခြားအလုပ်အကိုင်တွေ ကောင်းနေတယ်ဆိုရင်တော့ ဒါမျိုးတွေ သိပ်မတွေ့ရဘူး။ကျွန်‌တော်တို့လည်း ဧရာဝတီကို ချစ်တော့ ဌာနဆိုင်ရာတွေကို တိုင်ဖူးပါတယ်၊ အရေးယူမှုက အားနည်းတယ်၊ အရေးယူဖို့ လုပ်နေတုန်း တူးတဲ့သူ‌တွေက မရှိတော့ဘူး။ အဲ့လိုတွေ ဖြစ်နေတာ”ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ကိုင်နေသည့် သပိတ်ကျင်းဒေသခံတစ်ဦးက ပြောသည်။

သပိတ်ကျင်းဒေသတွင် လွန်ခဲ့သည့်နှစ်များကလည်း ယခုကဲ့သို့ တရားမဝင် ရွှေတူးဖော်မှုများအား စစ်ဆေးအရေးယူသည့် ဖြစ်စဉ်များ ရှိခဲ့ဖူးပြီး ယခုအကြိမ်မှာ အရေအတွက် ပိုမိုများပြားလာသည်ဟု မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မြင့်သန်းက ပြောသည်။

သပိတ်ကျင်းမြို့နယ် ပေသောင်ကျေးရွာအနီး ဧရာဝတီမြစ်အတွင်း ရွှေတူးဖော်နေမှုများကို တွေ့ရစဉ်/ Photo – Soe Hein FB.

ဧရာဝတီမြစ် အပါအဝင် မြစ်ကြီးများတွင် ရွှေသတ္ထုတူးဖော်ရန် ခွင့်ပြုထားခြင်း မရှိကြောင်း၊ မြစ်ချောင်းများအတွင်း ရွှေတူးဖော်မှုများကြောင့် မြစ်ကြောင်းပြောင်းခြင်း၊ ကမ်းပြိုခြင်း၊ ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ပြဒါးကြောင့် ရေအရည်အသွေး ပျက်စီးခြင်းနှင့် ရေနေသတ္တဝါ၊ တိရစ္ဆာန်များ သေကြေပျက်စီးခြင်း ဖြစ်ပေါ်စေနိုင်သည်ဟု ၎င်းက ဆိုသည်။

သပိတ်ကျင်းမြို့နယ် ပေသောင်ကျေးရွာအနီး ဧရာဝတီမြစ်အတွင်း ရွှေတူးဖော်နေမှုများကို တွေ့ရစဉ်/ Photo – Soe Hein FB.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်