ခင်ဦးတွင် မိုင်းမတော်တဆမှုကြောင့် သေဆုံး ဒဏ်ရာရသူများရှိ
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ဘက် ဂွေးကုန်းကျေးရွာအနီး ဒေသကာကွယ်ရေးအဖွဲ့များ ထောင်ထားသည့် မိုင်းတစ်လုံးကို ဒေသခံ အမျိုးသမီးကြီးတစ်ဦးက ယမန်နေ့ (ဇွန် ၁၃) ဝင်တိုက်မိပြီး ပွဲချင်းပြီး သေဆုံးသည်၊ ၎င်းနှင့်အတူလာသူလည်း ဒဏ်ရာပြင်းထန်စွာရရှိသွားသည်ဟု ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။
စစ်ကောင်စီလက်နက်ကိုင်တို့ လာမည့်လမ်းတွင် ထောင်ထားသည့်မိုင်းဖြစ်ကြောင်း ကာကွယ်ရေးအဖွဲ့တစ်ခု၏ တာဝန်ခံက ပြောသည်။
“xxx လာမဲ့လမ်းမှာ ထောင်ထားတဲ့မိုင်းကို အမျိုးသမီးကြီးနှစ်ယောက်က ဝင်တိုက်တဲ့အတွက် တစ်ယောက်က နေရာတင် သေသွားပါတယ်။ တစ်ယောက်ကိုတော့ ဆေးကုပေးနေပြီးတော့ သက်သာပါတယ်” ဟု အထက်ပါ တာဝန်ခံက ပြောသည်။
ထိုဖြစ်ရပ်မတိုင်ခင် တစ်နာရီခန့်အလိုကလည်း မိုင်းမတော်တဆပေါက်ကွဲမှု ဖြစ်ခဲ့သေးသည်ဟု သူက ဆက်ပြောသည်။
ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များ မိုင်းထောင်ပြီးနောက် ခင်ဦး-ရေဦး ကားလမ်းဘေးမှ ကံသစ်ကျေးရွာအတွင်း ဖြတ်သန်းသွားကြစဉ် သယ်ဆောင်လာသည့်မိုင်း မတော်တဆ ပေါက်ကွဲကာ ရဲဘော် ၅ ဦး၊ အနီးဝန်းကျင်ရှိ အရပ်သား ၂ ဦး ဒဏ်ရာရသွားသည်ဟု သူက ဆိုသည်။
မိုင်းထိသူများအနက် တော်လှန်ရေးရဲဘော်နှစ်ဦး ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း သူက ဆက်ပြောသည်။
လုံခြုံရေးအရ အသေးစိတ်အချက်အလက်များကို သူက ထုတ်ဖော်ပြောဆိုခြင်း မပြုပေ။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို တော်လှန်နေသည့် ဒေသကာကွယ်ရေးအဖွဲ့များသည် လက်လုပ်မိုင်းများကို အဓိကလက်နက်အဖြစ် အသုံးပြုနေရဆဲဖြစ်ပြီး၊ မိုင်းများကို ထုတ်လုပ်ခြင်း၊ စမ်းသပ်ခြင်း၊ သယ်ဆောင်ခြင်း၊ ထောင်ထားသည့်မိုင်းကို ရှင်းလင်းဖယ်ရှားခြင်း စသည့် လုပ်ငန်းအဆင့်ဆင့်တွင် မတော်တဆ ပေါက်ကွဲမှုများကြောင့် အများအပြား ထိခိုက်သေဆုံးနေရာ ခင်ဦးမြို့နယ်ဖြစ်ရပ်သည်လည်း အပါအဝင် ဖြစ်သည်။
ခင်ဦး၊ ကံသစ်ကျေးရွာအတွင်း ယနေ့ (ဇွန် ၁၄) နေ့လယ်ပိုင်းက ပြည်သူ့ကာကွယ်ရေး (ပကဖ) အဖွဲ့ မိုင်းရှင်းလင်းရေး လုပ်ဆောင်စဉ် အတူပါလာသည့် ရပ်ကျေးပကဖအဖွဲ့ဝင် အသက် ၄၀ ခန့်အရွယ် ကိုသိန်းကိုဆိုသူ မိုင်းထိခဲ့သည်။ အသက် အန္တရာယ်မစိုးရိမ်ရသော်လည်း ခြေထောက်တစ်ဖက် ဖြတ်တောက်ရမည့်အခြေအနေဖြစ်နေသည်ဟု အထက်ပါတာဝန်ခံထံမှ သိရသည်။
ဇွန် ၁၁ ညနေပိုင်းက စစ်ကိုင်းမြို့အခြေစိုက် People’s Dictatorship Revolutionary Force အမည်ရှိ မြို့ပြပြောက်ကျားအဖွဲ့မှ ရဲဘော် ကွေကာ၊ ရဲဘော် လက်တအုပ်တို့ မိုင်းထောင်စဉ် မတော်တဆ ပေါက်ကွဲကာ သေဆုံးခဲ့သည်။

ခင်ဦး-ရေဦး-ရွှေဘို စစ်ကြောင်းထိုး
ဇွန် ၁ မှစ၍ ရေဦးမြို့မှ အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကြောင်းတစ်ခုက ခင်ဦးနယ်နှင့် ရွှေဘိုနယ်တို့ကို ရွာစဉ်လှည့် စစ်ကြောင်းထိုးနေသည်။ ထိုစစ်ကြောင်းတွင် ခင်ဦးမြို့နယ်တွင်းရှိ ပြည်သူ့စစ် ခေါ် ပျူစောထီးများ ပါဝင်သည်။
ခင်ဦးမြို့နယ် အနောက်ဘက်တွင် ရေဦးမြို့နယ်ရှိပြီး တောင်ဘက်တွင် ရွှေဘိုမြို့နယ် ရှိသည်။
မြို့ ၃ မြို့ ဖိုခနောက်ဆိုင် တည်ရှိသည့် ထိုဒေသကို စစ်တပ်က လှည့်လည် စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။
ဇွန် ၉ တွင် ထိုစစ်ကြောင်း ခင်ဦးမြို့နယ်တောင်ပိုင်း သံပိုကျေးရွာနှင့် ရေအေးကုန်းကျေးရွာအကြား ရောက်ရှိစဉ် ဒေသကာကာကွယ်ရေးအဖွဲ့များက ဝင်တိုက်ကြသည်။ တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၇ ဦး သေဆုံးသည်၊ ကာကွယ်ရေးအဖွဲ့များဘက်မှ ဒရုန်းတပ်ဖွဲ့ဝင်တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။
အလားတူ ဇွန် ၁၂ တွင် အဆိုပါစစ်ကြောင်း ရေဦးမြို့သို့ ပြန်ရန် ပြင်ဆင်နေစဉ် ခင်ဦးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးပေါင်းအဖွဲ့ များက ဝင်ရောက် တိုက်ခိုက်ခဲ့သည်။
ဇွန် ၁၃ ညနေက ခင်ဦးမြို့အဝင်တွင် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ယနေ့ (ဇွန် ၁၄) နံနက်အစောတွင် ပစ်ခတ်တိုက်ခြင်းနှင့် ရေဦးပြန်ရာလမ်းတစ်လျှောက် မိုင်းဆွဲတိုက်ခိုက်ခြင်းများကို ပြုလုပ်နေသည်ဟု KhinU Phoenix ပြောက်ကျားတပ်ဖွဲ့၏ တာဝန်ခံတစ်ဦးက ပြောသည်။
“မနေ့ညနေက ရှေ့ပြေးကင်းအဖွဲ့ရဲ့ကားကို အပိုင်ပစ်ခတ်တိုက်ခိုက်တယ်၊ ဒီနေ့မနက်အစောမှာကျ ခင်ဦးမြို့နဲ့၊ ကံသစ်ရွာကြားက ရှိတဲ့ တံတားတစ်ခုနားမှာ ထိပ်တိုက်တိုက်ပွဲထပ်ဖြစ်ပါတယ်။ ကံသစ်ရွာကနေ ထွက်တဲ့အချိန်ကျတော့လည်း ခွေးခေါင်းတံတား (စစ်ကောင်စီတပ်စွဲထားသော တံတား) မှာ မိုင်းလေးလုံးနဲ့ တိုက်ခိုက်သေးတယ်” ဟု အထက်ပါတာဝန်ခံက ဆိုသည်။
ခင်ဦးမြို့အဝင် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်၏ ကားတစ်စီးကို လက်နက်ငယ်များဖြင့် ဝိုင်းဝန်း ပစ်ခတ်ခဲ့စဉ် စစ်သား ၃ ဦး သေဆုံးခဲ့ပြီး၊ ယနေ့ နံနက်တိုက်ခိုက်မှုများတွင် စစ်သားများ အထိအခိုက်ရှိသော်လည်း အတိအကျ မသိရသေးကြောင်း ဒေသအခြေစိုက်တော်လှန်ရေးအဖွဲ့များက ဆိုသည်။
ယင်းတိုက်ခိုက်မှုများကို ပြောက်ကျားတပ်ဖွဲ့များ၊ မြို့နယ်ပကဖ လက်အောက်ခံတပ်ဖွဲ့များ၊ ရွှေဘိုခရိုင်တွင်းမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ယနေ့ (ဇွန် ၁၄) မွန်းလွဲအထိ ရရှိသော သတင်းအချက်အလက်များအရ ခင်ဦးမြို့မှ ထွက်ကာ ကံသစ်ကျေးရွာ၊ ယင်းမှ ဂွေးကုန်းကျေးရွာကို ဖြတ်သန်းလာသော စစ်ကောင်စီစစ်ကြောင်းသည် ပြည်သူ့စစ် (ပျူ) စခန်းရှိရာ ပြင်ထောင်ကျေးရွာဆီ ဦးတည်နေကြောင်း သိရသည်။
ခင်ဦးမြို့နယ်အနောက်ခြမ်း အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိ ကံသစ်ကျေးရွာကို စစ်တပ်က ၄ ကြိမ် မီးရှို့ခဲ့သည်။
၂၀၂၂ မေလက ၅၂ လုံး၊ နိုဝင်ဘာလက ၇ လုံး ၊ ယခုနှစ် မေတွင် ၁၇၂ လုံး ၊ ဇွန် ၄ တွင် နေအိမ် ၆၅ လုံး မီးရှို့ခံထားရသည်။
မီးရှို့မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။






