ခင်ဦးတိုက်ပွဲတွင် ဒေသခံ ဒရုန်းတပ်ဖွဲ့ဝင်တစ်ဦး လက်နက်ကြီးထိ
ဇွန် ၁၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်ကို ချုံခိုတိုက်ခြင်း၊ စစ်ကောင်စီတပ်ကလည်း ဗုံးတပ်ဒရုန်း ပျံသည့်ဘက်ကို လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းတို့ကြောင့် နှစ်ဖက် ထိခိုက် သေဆုံးမှု ရှိခဲ့သည်ဟု ဒေသခံတော်လှန်ရေးအဖွဲ့တစ်ခုက ပြောသည်။
အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်က ခင်ဦးနယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဇွန် ၉ တွင် ရွှေဘိုနယ်ဘက်သို့ ကူးသန်းရာ လမ်းတွင် တော်လှန်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ငှက်ကြီးတောင်အမည်ရှိ တပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်နတ်ဆိုးက ဆိုသည်။
ခင်ဦးမြို့နယ်တောင်ပိုင်း သံပိုကျေးရွာနှင့် ရေအေးကုန်းကျေးရွာအကြား တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့သည်၊ ထိုစစ်ကြောင်း ရေဦးမြို့နယ်မှ ထွက်လာပြီးနောက် ပထမဆုံးအကြိမ် အတိုက်ခံရခြင်း ဖြစ်သည်ဟု သိရသည်။
“ရေဦးကနေ ထွက်လာကတည်းက ဘယ်နေရာမှာမှ ထိတွေ့မှု မဖြစ်ခဲ့တော့၊ ကံသစ်၊ မဒေါင်းလှအထိ ဒီကောင်တွေ သွားပြီးတော့ ခင်ဦးကို ဝင်၊ ခင်ဦးကနေမှ ရွှေဘို ဖိုလ်ကုန်း (ရွာ) ကို သွားမယ်ဆိုတာ သတင်းရတော့ သူ့တို့လမ်းကြောင်းမှာ ကျွန်တော်တို့ ဖြတ်တိုက်ခဲ့တာပါ” ဟု ဗိုလ်နတ်ဆိုးက ပြောသည်။
သံပိုကျေးရွာ တောကျောင်းနှင့် ရေအေးကုန်းကျေးရွာတို့တွင် စခန်းချထားသည့် စစ်သားများကို ၄၀ မမ ဗုံးသီးများ၊ အသင့်ထောင်ထားသည့်မိုင်းများ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦး သေဆုံးခဲ့ကာ ၁၃ ဦး ဒဏ်ရာရသွားကြောင်း သူက ဆိုသည်။
“ရေအေးကုန်းရွာအဝင်ပေါက်ကို ဒီကောင်တွေ ရောက်တဲ့အချိန် ဒီကောင်တွေမှာ ဂျန်မာပါတော့ ပထမတော့ မိုင်းဆွဲမရပေမဲ့ ၄၀ မမ တစ်ချက်၊ ပဒိန် (ဗုံးသီးပစ် လောင်ချာ) တစ်ချက် ပစ်လိုက်ပြီးတော့ မိုင်းဆွဲတော့မှ ထိသွားတာ၊ တော်တော်နာသွားတယ်” ဟု သူက ဆက်ပြောသည်။
စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်လုံး ဒရုန်းအဖွဲ့အနီး ကျရောက် ပေါက်ကွဲသောကြောင့် ၃၇ နှစ်အရွယ် ကိုစိုးနိုင်ဝင်း(ခ)ဘလိတ် ဆိုသည့် တော်လှန်ရေးအဖွဲ့ဝင် ပွဲချင်းပြီး သေဆုံးသည်၊ အခြားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
“ကျွန်တော်သုံးသပ်တာတော့ စကစ စစ်သားတွေက ဒရုန်းကို လိုက်ကြည့်နေရင်း ဒရုန်းပြန်ခေါ်တဲ့အချိန်မှာ ကွက်တိ လှမ်းပစ်တယ် ထင်တယ်၊ တစ်ယောက် ကျသွားတယ်” ဟု ဗိုလ်နတ်ဆိုးက ပြောသည်။
တိုက်ပွဲဝင် မောင်းပြန်သေနတ် အနည်းငယ်သာ ရှိတတ်ကြသော ဒေသခံ ကာကွယ်ရေးအဖွဲ့များသည် မိုင်းထောင်တိုက်ခိုက်ခြင်းကို အားပြုလေ့ရှိသည်။ ဒရုန်းကို အသုံးပြုခြင်းသည်လည်း ပစ်မှတ်ကို ဗုံးချတိုက်ခိုက်ခြင်း၊ ထောက်လှမ်းခြင်းအတွက် အသုံးတည့်သော နည်းလမ်းတစ်ခု ဖြစ်လာသည်။

တိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်သည် ရေအေးကုန်းကျေးရွာအတွင်း ပြန်ဝင်ရောက်ပြီး နေအိမ် ၃ လုံးကို မီးရှို့ကြောင်း၊ နေအိမ်များမှ စားသောက်ကုန် အများအပြားကို လှည်းဖြင့် သယ်ကာ ရွှေဘိုနယ် ဖိုလ်ကုန်းကျေးရွာသို့ ဆုတ်ခွာသွားစဉ် စစ်သားအလောင်း ၇ လောင်းကို သယ်ဆောင်သွားကြောင်း မျက်မြင်သက်သေများကို ကိုးကား၍ သူက ဆက်ပြောသည်။
နှစ်ဖက် ထိခိုက် သေဆုံးမှု အရေအတွက်နှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီတပ်ကလည်း တိုက်ပွဲသတင်းများကို အမှောင်ချထားဆဲဖြစ်သည်။
စစ်တပ် ပြန်သွားပြီးနောက် ရိုက်ကူးထားသော ရေအေးကုန်းရွာ မှတ်တမ်းဓာတ်ပုံများတွင် ပစ်သတ်ခံရသော နွား၊ သိုး အသေကောင်များ၊ နေအိမ်နှင့် ဆိုင်ကယ်များ မီးရှို့ခံထားရပုံတို့ကို တွေ့ရသည်။ ထို့ပြင် စစ်ကောင်စီတပ်က PDF များ မိုင်းမထောင်ကြရန်နှင့် သေနတ်ကိုသာ အသုံးပြုရန်လည်း သစ်သားပြတင်းပေါက် တံခါးရွက်တွင် မြေဖြူဖြင့် ရေးသားသွားသည်။
မေ ၇ မှ စတင်၍ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့ဘက်ရှိ ဧရာဝတီမြစ်ကမ်းဘေးကျေးရွာများကို စစ်ကောင်စီတပ်က အင်အား ၂၀၀ ဝန်းကျင်ဖြင့် ဝင်ရောက်စီးနင်းခဲ့ရာ အနည်းဆုံး ကျေးရွာ ၆ ရွာခန့်မှ ဒေသခံ ထောင်ဂဏန်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းမှ လာသော ထိုစစ်သားများသည် မြစ်ဖြတ်ကူးကာ ခင်ဦးမြို့နယ်အတွင်း ဝင်ရောက်လာပြီးနောက် ရွှေတောကြီး၊ ကုတ္တက်ကျေးရွာနှင့် ကဘွတ်ကျေးရွာတို့ကို မီးရှို့ ဖျက်ဆီးခဲ့သည်။
ရွှေဘိုမြို့နယ်အတွင်းမှ လာသော အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိ စစ်ကောင်စီတပ်ကလည်း မေ ၁၉ ရက်တွင် ခင်ဦးမြို့ အနောက်ဘက်ခြမ်းရှိ ကံသစ်နှင့် အောင်ချမ်းသာ ကျေးရွာနှစ်ရွာကို မီးရှို့သွားရာ နေအိမ် ၁၇၅ လုံး ပျက်စီးခဲ့သည်။ ထိုကျေးရွာနှစ်ရွာရှိ အုတ်ရေကန်များ၊ ရေတွင်းနှင့် ရေတင်စက်များကိုပါ ဖျက်ဆီးပစ်ခဲ့သည်၊ အလွယ်တကူ မီးငြှိမ်းသတ်နိုင်ခြင်း မရှိစေရန် ဖျက်ဆီးခြင်း ဖြစ်နိုင်သည်ဟု နေအိမ်များ ဆုံးရှုံးခဲ့ရသည့် ဒေသခံများက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)





