သတင်း

ခင်ဦးမြို့ မိုင်းမတော်တဆမှုတွင် တော်လှန်ရေးသမား ၄ ဦး သေဆုံး

ယမန်နေ့ (ဇွန် ၂၈) တွင် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အလယ်ပိုင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး မိုင်းမတော်တဆမှုကြောင့် သေဆုံးသွားခဲ့သည်။

ကချင်ပြည်ဘက်မှ ကျောက်စိမ်းများ သည်ဆောင်လာသည်ဟု ယူဆရသည့် စစ်တပ်ယာဉ်တန်း၏ ရှေ့ပြေး လုံခြုံရေးတပ်ဖွဲ့တစ်ခုကို ရွှေဘို−မြစ်ကြီးနား လမ်းပေါ်တွင် သွားရောက် တိုက်ခိုက်ရန် ရွှေဘိုမြို့နယ်နှင့် ခင်ဦးမြို့နယ်တို့အစပ်တွင် မိုင်းထောင်ရန် ပြင်ဆင်ကြချိန် စခန်းအတွင်းမှာပင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု နဂါးညီနောင်အဖွဲ့က ပြောသည်။

“စစ်သားက အင်အား ၃၀ လောက်ပဲ ရှိတော့ ကျွန်တော်တို့ ယှဉ်ပစ်လို့ရတဲ့ အနေအထားမှာရှိလို့ ရှေ့က ပစ်မယ့်အဖွဲ့က နေရာယူထားတဲ့အချိန် မိုင်းအဖွဲ့က မိုင်းတွေ ပြင်နေတုန်း အထိုင်မှာပဲ ဖြစ်သွားတယ်။ မိုင်းအဖွဲ့က လေးယောက် ကျသွားပါတယ်” ဟု တိုက်ခိုက်ရန် ပြင်ဆင်ခဲ့သည့် နဂါးညီနောင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရွှေဘို-မြစ်ကြီးနားလမ်းကို အသုံးပြုသွားလာသည့် စစ်ကောင်စီတပ်ဖွဲ့များ၊ ယာဉ်တန်းများကို အဓိကထား တိုက်ခိုက်လေ့ရှိသည့် နဂါးညီနောင်တပ်ဖွဲ့မှ ၃ ဦးနှင့် သံပိုရွာကာကွယ်ရေးအဖွဲ့မှ ၁ ဦးတို့ သေဆုံးသွားသည်။

သေဆုံးသူတို့မှာ အသက် ၂၀ ကျော် အရွယ်များဖြစ်ကြသည့် ဗိုက်ကလေး၊ ဓာတ်ဘူး၊ နေလင်းခန့်နှင့် ဂဒူး တို့ ဖြစ်သည်။

အင်အား ၁၀၀ ခန့်ပါသည့် စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်အတွင်း ယခုလ ပထမပတ်ကတည်းက စစ်ကြောင်းထိုးလျက်ရှိသည်။ အဆိုပါ စစ်ကြောင်းသည် ဇွန်လ ၂၆ ရက်နေ့ကတည်းက ခင်ဦးနယ်အလယ်ပိုင်း၊ ကန့်ဘလူမြို့နယ်နှင့် အစပ်တွင်ရှိသည့် အလယ်ရှိုကျေးရွာသို့ ဝင်ရောက်တပ်စွဲထားသည်။ ရွှေဘို−မြစ်ကြီးနားလမ်းပိုင်းတွင် ရွှေဘိုမြို့တွင်းမှ တပ်သားများကလည်း လမ်းပေါ်ထွက် လုံခြုံရေးယူလျက်ရှိသည်။

ပြီးခဲ့သည့် ဇွန် တတိယပတ်အတွင်းကလည်း မြို့နယ်တွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ခုခံတိုက်ခိုက်ကြစဉ် ကံသစ်ကျေးရွာနှင့် ဂွေးကုန်းကျေးရွာတို့တွင် မိုင်းမတော်တဆ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့များ လာနိုင်သည့် လမ်းကြောင်းတွင် ထောင်ထားသည့်မိုင်းကို စစ်ရှောင်အရပ်သား အမျိုးသမီးတစ်ဦး ဝင်ရောက်တိုက်မိပြီး ပေါက်ကွဲကာ တစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရသွားသည်။

ထိုနေ့မှာပင် ဂွေးကုန်းကျေးရွာအတွင်း မိုင်းတတော်တဆ ပေါက်ကွဲမှုကြောင့် ကျေးရွာကာကွယ်ရေးအဖွဲ့ဝင် ၅ ဦး၊ အရပ်သား ၂  ဦး ဒဏ်ရာရရှိခဲ့သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ခုခံတော်လှန်နေကြသည့် စစ်ကိုင်းတိုင်းအတွင်းမှ တော်လှန်ရေးတပ်ဖွဲ့များသည် လက်လုပ်လက်နက်များကို အဓိက အသုံးပြုနေကြရပြီး၊ လက်လုပ်မိုင်းများသည် ပြောက်ကျားစစ်အတွက် အဓိကလက်နက်ဖြစ်နေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ၎င်းလက်အောက်ခံ PDF တပ်ရင်းတပ်ဖွဲ့များကို လက်နက်များ တပ်ဆင်ပေးနိုင်ရေး လုပ်ဆောင်နေသည်။ ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်တွင် မကွေးတိုင်းကွပ်ကဲရေးရုံးမှ မကွေးတိုင်း PDF များကို လက်နက်အချို့ ပေးအပ်ခဲ့သေးသည်။

သို့သော် များပြားလှသည့် တော်လှန်ရေးတပ်ဖွဲ့များကို လက်နက်တပ်ဆင်နိုင်ရန် ခက်ခဲနေဆဲဖြစ်ပြီး၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအဖြစ် ရပ်တည်နေကြသည့် တော်လှန်ရေးတပ်ဖွဲ့များကို NUG က လက်နက်တပ်ဆင်ပေးနိုင်ခြင်း မရှိသေးပေ။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အခြေစိုက် နဂါးညီနောင်အဖွဲ့နှင့် သံဘိုကျေးရွာ ကာကွယ်ရေးအဖွဲ့သည်လည်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲနှင့် လက်တွဲကာ စစ်ကောင်စီကို တိုက်ခိုက်နေသော်လည်း လက်နက်ခဲယမ်းနှင့် မိုင်းများကို မိမိတို့အစီအစဉ်ဖြင့်သာ ရှာဖွေကြရသည်ဟု အဆိုပါ အဖွဲ့ဝင်တို့က ဆိုသည်။

ယင်းလက်နက်များ ထုတ်လုပ်အသုံးပြုနိုင်ရန် လုပ်ဆောင်ကြချိန်တွင် မတော်တဆ ပေါက်ကွဲမှုများကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အများအပြားလည်း ထိခိုက်၊ သေဆုံးခဲ့သည်။

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့သည့် ထင်ရှားသည့် တိုင်းများဖြစ်လာပြီး စစ်ကိုင်းတိုင်းအတွင်းရှိ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လည်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်၊ ရေဦး၊ ရွှေဘို၊ အရာတော်နှင့် ဝက်လက်မြို့နယ်တို့ကို ယခုနှစ် ဖေဖော်ဝါရီလတွင် စစ်အုပ်ချုပ်ရေး ကြေညာထားသည်။

အလားတူ မကွေးတိုင်းအတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပေါက်၊ မြိုင်မြို့နယ်တို့ကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။

တိုက်ပွဲများ ဖြစ်နေသော စစ်ကိုင်းတိုင်း ရွှေဘို-ခင်ဦး ဒေသပြမြေပုံ။ (ဒီဇိုင်း-မိုဇာလျှန်း)

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button