သတင်း

မူဆယ်တွင် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်၍ အရပ်သားတစ်ဦးသေ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ မူဆယ်မြို့နယ် (၁၀၅ မိုင်) ကုန်သွယ်ရေးဇုန်အနီး နမ့်အွမ်ကျေးရွာအုပ်စုတွင် ယနေ့ (ဇူလိုင် ၂၅) နံနက်က စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အရပ်သားတစ်ဦး သေဆုံးသွားသည်။

နမ့်အွမ်ကျေးရွာအုပ်စု၊ ဆိုင်ခေါင်ရွာနှင့် ကောင်းဝီးရွာအနီး ယနေ့ နံနက် ၁၁ နာရီခန့်က ရဟတ်ယာဉ်တစ်စီးက ၁၀ မိနစ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၂၄၁)၊ တပ်မ (၉၉) လက်အောက်ခံတပ်များကလည်း ထိုနေရာအနီး နမ့်အွမ်ကျေးရွာမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အနီးရှိ ဆိုင်းခေါင်ရွာအတွင်း ကျရောက် ပေါက်ကွဲပြီး နေအိမ်တချို့ ပျက်စီး၍ အသက် ၄၀ နှစ်အရွယ် ဦးအိုက်လော ကျည်စထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့သည်။

“လေယာဉ်က ရွာနဲ့ နီးနီးလေးမှာပဲ ပစ်နေတာ။ ရွာကလူတွေလည်း ဘုန်းကြီးကျောင်းထဲ ပြေးကြတာပေါ့။ လေယာဉ် ပြန်သွားပြီး ခဏဆို လက်နက်ကြီးတွေ ရောက်လာတယ်။ အိမ်ထဲမှာ ပုန်းနေတဲ့ ဦးလေးတစ်ယောက် ထိပြီး သေသွားတယ်။ အသုဘအတွက်တောင် ဘာမှ မစီစဉ်ရသေးဘူး” ဟု အမည်မဖော်လိုသည့် ဆိုင်းခေါင်ရွာ ဒေသခံက ယနေ့ မွန်းလွဲတွင် ပြောသည်။

ဦးအိုက်လောသည် သွေးအများအပြားထွက်ကာ သေဆုံးနေပြီး ၎င်း၏ နေအိမ်ခေါင်မိုးတွင်လည်း ပစ်ခတ်တိုက်ခိုက်ခံထားရခြင်းကြောင့် အမိုးများပေါက်ပြဲကာ ရွာအတွင်း လက်နက်ကြီးကျည်အပိုင်းအစများ ပျံ့နှံ့နေသည်ကို ရုပ်သံဖိုင်တွင် တွေ့ရသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်ကလည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA) အထူးတိုက်ခိုက်ရေးကွန်မန်ဒိုတပ်ဖွဲ့တစ်ဖွဲ့သည် ဆိုင်းခေါင်ရွာအနီး အခြေစိုက်လှုပ်ရှားနေကြောင်း မြေပြင်ရှိ တပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုသည်။ သို့သော် TNLA တပ်ဖွဲ့ဝင်များ ထိခိုက်မှုကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပါ။

စစ်ကောင်စီတပ်သည် ကောင်းဝီးရွာခံ အမျိုးသမီး၊ အမျိုးသားများကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး ကပ်လျက်ရှိ ဆိုင်းခေါင်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ရန် ပြင်ဆင်နေသောကြောင့် ဆိုင်းခေါင်ရွာခံများသည် နီးစပ်ရာ တောင်ယာ၊ တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

လက်နက်ကြီးထိ သေဆုံးခဲ့သော အသက် ၄၀ နှစ်အရွယ် ဦးအိုက်လော ။ (ဓာတ်ပုံ-ပေးပို့)

လက်ရှိအချိန်ထိ မြေပြင်တွင် စစ်ကောင်စီတပ်နှင့် TNLA တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးပေ။ 

ယနေ့ နံနက် ၂ နာရီခန့်ကလည်း မူဆယ်နှင့် လားရှိုးမြို့တို့ကို ဆက်သွယ်ထားသည့် အဝေးပြေးလမ်းမကြီးပေါ်ရှိ မူဆယ် (၁၀၅ မိုင်) ကုန်သွယ်ရေးဇုန်နှင့် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာကျေးရွာတို့၌ အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီအမြောက်တပ်တို့က နမ့်အွမ်ကျေးရွာအုပ်စုအတွင်း လက်နက်ကြီးအများအပြားပစ်ခတ်ခဲ့၍ နမ့်အွမ်ရွာစျေးရှိ ဆိုင်ခန်းတချို့ ထိမှန် ပျက်စီးခဲ့သည်။

စစ်ကောင်စီတပ် ယနေ့ ထိုးစစ်ဆင်တိုက်ခိုက်သည့် နေရာတစ်ဝိုက်သည် ပြီးခဲ့သည့် ဇူလိုင် ၁၈ တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးသည့် ကွတ်ခိုင်မြို့နယ်၊ ကောင်းရာရွာအနီး စစ်ကောင်စီ ယာယီတပ်စခန်းအနီးအနားဖြစ်ပြီး ကိုးကန့်တပ်မတော် (MNDAA) လှုပ်ရှားသည့် မုံးပေါ်ဒေသနှင့်လည်း နီးကပ်စွာတည်ရှိသည်။

ဇူလိုင် ၂၃  ညနေ ၅နာရီခန့်ကလည်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်တွင် မူးယစ်ဆေးဝါးစစ်ဆေးမှုများ ပြုလုပ်နေသည့် TNLA တပ်ဖွဲ့ကို နမ့်ခမ်းမြို့မှ တက်လာသည့် စစ်ကောင်စီတပ်နှင့် နမ့်ခမ်းမြို့မပြည်သူ့စစ် ပူးပေါင်းတပ်တို့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ တစ်နာရီကျော်ကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားထားသည်။

စစ်ကောင်စီသည် ရှမ်းမြောက်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ကိုးကန့်၊ ကချင်၊ တအာင်းတပ်များနှင့် တိုက်ပွဲများဖြစ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button