သတင်း

လုပ်ခတိုးတောင်းသူများ ထောင်မှ ပြန်လွတ်လာပြီး အလုပ်ပြန်ရရန် မျှော်လင့်

လုပ်ခတိုးတောင်းသည့်အတွက် အဖမ်းခံရသည့် ရန်ကုန်မှ အထည်ချုပ်စက်ရုံ အလုပ်သမားများကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်သော်လည်း ထိုသူများ အလုပ်ပြန်ရရန် မသေချာဖြစ်နေသည်ဟု သိရသည်။

ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ ဟိုစိမ့် (မြန်မာ) အထည်ချုပ်စက်ရုံမှ အလုပ်သမား ၅ ဦး၊ လှိုင်သာယာမြို့နယ် Sun Apparel Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ၅ ဦး၊ အလုပ်သမား ၂ ဦးတို့ စက်တင်ဘာ ၄ တွင် ပြန်လွတ်လာသည်။

ပြန်လွတ်လာပြီးနောက် ဟိုစိမ့်စက်ရုံမှ အလုပ်သမား ၅ ဦးက စက်တင်ဘာ ၁၃ တွင် ရွှေပြည်သာမြို့နယ်ရှိ အလုပ်သမားဦးစီးဌာနရုံးသို့ သွားရောက်ဆွေးနွေးခဲ့သည်။ သို့သော် ဆွေးနွေးပွဲသို့ အလုပ်ရှင် ရောက်မလာသည့်အတွက် အဖြေမထွက်သေးပေ။

ပြန်လွတ်ပြီး ၁၀ ရက်ကြာသည်အထိ မူလစက်ရုံများတွင် လုပ်ငန်းခွင် ပြန်မဝင်နိုင်သေးဟု Action Labor Rights အဖွဲ့မှ တာဝန်ခံ ကိုသူရိန်အောင်က ပြောသည်။

“သူတို့ (ဟိုစိမ့်စက်ရုံ) ဘက်က ပြန်ခန့်မယ့်အစီအစဉ်မရှိဘူး။ လျော်ကြေးဆို လျော်ကြေးပေးမယ်၊ အဲ့လိုပဲ ဦးစီးမှူးကို ပြောလိုက်တယ်။ ​အလုပ်သမားရုံးဘက်ကလည်း အလုပ်မခန့်ရင်နေ၊ လျော်ကြေးရအောင်ပဲ သူတို့လုပ်ပေးမယ်ပေါ့” ဟု သူက ပြောသည်။

ဟိုစိမ့်စက်ရုံမှ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၇ ဦးသည် အခြေခံလစာ တစ်နေ့ ၄၈၀၀ ကျပ်အထိ တိုးပေးရန် ဇွန်လ ၁၄ ရက်တွင် တောင်းဆိုရာမှ အလုပ်ထုတ်ခံရခြင်း ဖြစ်သည်။ အလုပ်ထုတ်ခံ အလုပ်သမားများနှင့် စက်ရုံတာဝန်ရှိသူတို့ ရွှေပြည်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် သွားရောက်ဆွေးနွေးခဲ့သည်။

ထို့နောက် ဇွန် ၁၄ ရက်နှင့် ထိုနေ့နောက်ပိုင်း ရက်အနည်းငယ်အတွင်း ဟိုစိမ့်စက်ရုံမှ ကိုအောင်အောင်၊ မသူသူစံ၊ မသန္တာအေး၊ မအေးသန္တာဌေး၊ မမေသူမင်း၊ Sun Apparel Myanmar အထည်ချုပ်စက်ရုံမှ မသီတာဝင်း၊ ကိုလှိုင်ဝင်းထက်၊ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် Action Labor Rights အဖွဲ့မှ မသန္တာစိုးလင်း၊ မဖြိုးမြတ်မြတ်သင်း၊ ကိုဂေလင်း၊ ကိုမင်းသူထွန်း၊ ၎င်းတို့ တိုင်ပင်စုဝေးခဲ့သည့် လက်ဖက်ရည်ဆိုင်မှ ဆိုင်ရှင် ကိုဟိန်းမင်းဇော်တို့ကို စစ်ကောင်စီက ဖမ်းခဲ့သည်။ ထို့နောက် ထို ၁၂ ဦးကို စက်တင်ဘာ ပထမပတ်အတွင်း ပြန်လွှတ်ပေးလိုက်သည်။

ပြန်လွတ်လာသည့် လှိုင်သာယာမြို့နယ် Sun Apparel Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမားခေါင်းဆောင် ၂ ဦးသည်လည်း လက်ရှိအချိန်ထိ လုပ်ငန်းခွင်မဝင်ရသေးကြောင်း မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ဥက္ကဋ္ဌ မမိုးစန္ဒာမြင့်က ပြောသည်။

“တစ်ဦးကတော့ ပြန်ဝင်မယ် ပြောပါတယ်၊ ဝင်ဖြစ်လား မသိရသေးပါဘူး” ဟု ဥက္ကဋ္ဌက ပြောသည်။

ဟိုစိမ့်စက်ရုံသည် နာမည်ကျော် Zara အပါအဝင် ကမ္ဘာကျော် အဝတ်အထည်အမှတ်တံဆိပ် ၇ ခုခန့် ထုတ်လုပ်သည့် Inditex လုပ်ငန်းစုအတွက် ချုပ်လုပ်ပေးနေသည့် တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်သည်။

Sun Apparel Myanmar အထည်ချုပ်စက်ရုံသည် ဂျာမဏီနိုင်ငံအခြေစိုက် အားကစားဝတ်စုံအမှတ်တံဆိပ် Jako ကို ချုပ်လုပ်ပေးနေသည့် ထိုင်းနိုင်ငံသားပိုင်စက်ရုံဖြစ်သည်။

မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများတွင် အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ ရာချီရှိခဲ့ကြောင်း လန်ဒန်အခြေစိုက် Business and Human Rights Resource Centre အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ထားသည်။

ထို့နောက် နာမည်ကြီးအထည်အလိပ်ကုမ္ပဏီတချို့ မြန်မာပြည်တွင် လုပ်ငန်းအပ်နှံမှု ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ကြေညာထားကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button