သတင်း

အနိုင်ကျင့်မှု များပြားသဖြင့် မြန်မာပြည်စက်ရုံများမှ H&M ဆုတ်ခွာမည်

မြန်မာအထည်ချုပ်စက်ရုံများ လူ့အခွင့်အရေးချိုးဖောက်မှု ရှိနေသည့် စစ်တမ်းတစ်ခု ထွက်လာပြီးနောက် မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်မှု ရပ်ဆိုင်းတော့မည်ဟု ဆွီဒင်အခြေစိုက် ကမ္ဘာ့ဒုတိယအကြီးဆုံး အထည်အလိပ်လုပ်ငန်း H&M က ဆုံးဖြတ်လိုက်သည်ဟု ရိုက်တာသတင်းတစ်ပုဒ်တွင် ဩဂုတ်လ ၁၇ ရက်နေ့က ဖော်ပြသည်။

ထိုစစ်တမ်းကို လန်ဒန်မြို့အခြေစိုက် စီးပွားရေးနှင့် လူ့အခွင့်အရေးအရင်းအမြစ်ဌာန (BHRRC) က မြန်မာနိုင်ငံရှိ အထည်ချုပ်ကဏ္ဍကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၃ ဖေဖော်ဝါရီအထိ စောင့်ကြည့် ထုတ်ပြန်ခြင်း ဖြစ်သည်။ စက်ရုံ ၁၂၄ ရုံ၌ အလုပ်သမားအခွင့်အရေးချိုးဖောက်မှု ၂၁၂ မှု ရှိခဲ့သည်ဟု စစ်တမ်းက ဆိုသည်။

လုပ်ခလစာလျှော့ချမှု၊ မတရားအလုပ်ထုတ်မှု၊ အချိန်ပိုဆင်းရန် ဖိအားပေးမှု၊ ဝန်ပိုအလုပ်လုပ်ရခြင်းတို့မှာ အလုပ်သမားတို့ အများဆုံးတင်ပြကြသည့် စွပ်စွဲချက်များဖြစ်သည်ဟု BHRRC စစ်တမ်းက ဆိုသည်။

ထိုစစ်တမ်းထွက်လာပြီးနောက် “မြန်မာနိုင်ငံက လုပ်ငန်းတွေကို ဖြည်းဖြည်းချင်း ရပ်ဆိုင်းသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု H&M ကုမ္ပဏီက ရိုက်တာသတင်းဌာနကို အီးမေးဖြင့် ဖြေကြားသည်။

H&M အတွက် ချုပ်ပေးနေသည့် စက်ရုံများသည် ချိုးဖောက်မှု ၂၀ တွင် ပါဝင်နေသည်ဟု သိရသည်။ Zara အပါအဝင် ကမ္ဘာကျော် အဝတ်အထည်အမှတ်တံဆိပ် ၇ ခုခန့် ထုတ်လုပ်နေသော Inditex လုပ်ငန်းစု၏ စက်ရုံများက ချိုးဖောက်မှု ၂၀ ရှိပြီး Primark အမှတ်တံဆိပ် အထည်များ ချုပ်ပေးနေသော စက်ရုံများ၌လည်း အလားတူအမှု ၁၉ မှုရှိသည်။

“မြန်မာနိုင်ငံက နောက်ဆုံးဖြစ်ထွန်းနေမှုတွေကို သေချာစောင့်ကြည့်ခဲ့ပါတယ်၊ စံချိန်စံညွှန်း လိုအပ်ချက်အရဆို လုပ်ငန်းလုပ်ဖို့က အခက်အခဲတွေ များလာတာ တွေ့ရတယ်” ဟု မြန်မာနိုင်ငံမှ ထွက်ခွာမည့် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ H&M ကုမ္ပဏီက ဆိုသည်။

“အစီရင်ခံစာပါ အမှုတွေအားလုံးကို မြေပြင်က ဒေသခံအဖွဲ့နဲ့ သက်ဆိုင်သူအားလုံးက ပူးပေါင်းပြီး လိုအပ်တဲ့ လုပ်ဆောင်မှုတွေ ဆက်လုပ်နေပါတယ်”

အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူနှင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းတို့ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိဟု ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

H&M ကုမ္ပဏီက နိုင်ငံတကာတွင် ကလေး၊ လူကြီး ဝတ်စုံများ၊ အားကစားဝတ်စုံများ၊ ဖက်ရှင်အဝတ်အထည်များ ထုတ်လုပ် ရောင်းချနေသည်။

H&M အထည်များ ချုပ်ပေးနေသည့် မြန်မာစက်ရုံ ၄၁ ရုံတွင် အလုပ်သမား ၄၁၉၄၉ ဦး အလုပ်လုပ်နေသည်ဟု ကုမ္ပဏီအင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်သည်ဟု စွပ်စွဲခံထားရသည့် Inditex လုပ်ငန်းစုသည် မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်မှု ရပ်ဆိုင်းတော့မည်ဟု ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ်က ထုတ်ပြန်ခဲ့သည်၊ Primark ကုမ္ပဏီသည်လည်း မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဟု ယမန်နှစ် ၂၀၂၂  စက်တင်ဘာက ထုတ်ပြန်ထားသည်။

မြန်မာ့အထည်ချုပ်ကဏ္ဍတွင် အလုပ်သမားတို့၏ အခြေခံအခွင့်အရေး စံချိန်စံညွှန်းများ မရှိတော့ကြောင်း၊ စီးပွားရေးလုပ်ငန်းများသည် လူ့အခွင့်အရေးဆိုင်ရာ တာဝန်ရှိမှုကို လိုက်နာဆောင်ရွက်ရန် မဖြစ်နိုင်ကြောင်း ကုန်သွယ်ရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (Ethical Trading Initiative ETI) က ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ထားသည်။

ထို့နောက် ဥရောပအခြေစိုက် C&A, လန်ဒန်မြို့အခြေစိုက် Tesco PLC, Marks & Spencers, နှင့် ဂျပန် Uniqlo တို့ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button