

ယနေ့ (အောက်တိုဘာ ၁၇) စတင်ကျင်းပပြီဖြစ်သော တရုတ်အစိုးရ၏ တတိယအကြိမ် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (Belt and Road Initiative –BRI) အစည်းအဝေးတွင် အရှေ့တောင်အာရှနိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်နေသော်လည်း နေပြည်တော်မှ အာဏာသိမ်းခေါင်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မပါဝင်ပေ။
နိုင်ငံတကာအသိအမှတ်ပြုမှုကို လိုလားသည့် စစ်ခေါင်းဆောင်က တရုတ်အစိုးရ၏ ဖိတ်ကြားမှုကို မျှော်လင့်တောင့်တနေမည်ဖြစ်သော်လည်း အာဏာသိမ်းပြီးကတည်းက ယနေ့အချိန်ထိ တရုတ်နိုင်ငံသို့ ခြေချနိုင်ခွင့် မရှိသေးကြောင်း တွေ့ရသည်။
BRI စီမံကိန်း ၁၀ နှစ်ပြည့် အထိမ်းအမှတ် တရုတ်သမ္မတ ရှီကျင့်ဖျင် ဦးဆောင်ပြီး ခမ်းနားကြီးကျယ်စွာ ကျင်းပနေသည့် အစည်းအဝေးကြီးတွင် ရုရှားသမ္မတပူတင်နှင့် နိုင်ငံတကာခေါင်းဆောင်များ အပါအဝင် အရှေ့တောင်အာရှဒေသမှ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှ ခေါင်းဆောင်များ တက်ရောက်လျက်ရှိသည်။
အစ္စရေးနှင့် ပါလက်စတိုင်းပဋိပက္ခအပေါ် ကမ္ဘာ့နိုင်ငံအများစု အာရုံစိုက်နေရချိန် တရုတ်အစိုးရ၏ ထိုအစည်းအဝေးကြီးကို နိုင်ငံပေါင်း ၁၃၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်မည်ဟု သိရသည်။
တရုတ်နိုင်ငံမြို့တော် ဘေဂျင်းတွင် နှစ်ရက်ကြာ ကျင်းပမည့် BRI အစည်းအဝေးကြီးကို စစ်ကောင်စီကိုယ်စားပြု တက်ရောက်မည့်သူမှာ ပို့ဆက်ဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးဖြစ်ကြောင်း ယနေ့ (အောက်တိုဘာ ၁၇) ထုတ် နိုင်ငံပိုင်သတင်းစာပါ ထုတ်ပြန်ချက်အရ သိရသည်။
တရုတ်၊ အာရှနိုင်ငံများ၊ အာဖရိကနိုင်ငံများ၊ အနောက်နိုင်ငံများကို ကုန်းလမ်း၊ ရေလမ်းမှ ချိတ်ဆက် ဆက်သွယ်ကာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်မည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၏ ထိပ်သီးအစည်းအဝေးကြီးကို မြန်မာစစ်ခေါင်းဆောင် တက်ရောက်ရန် တရုတ်က ဖိတ်ကြားခဲ့ခြင်း ရှိမရှိ အတိအကျ မသိရပေ။
လွန်ခဲ့သည့် ရက်ပိုင်းက နေပြည်တော်၌ စစ်ကောင်စီ ပြုလုပ်ခဲ့သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် နှစ်ပတ်လည်ပွဲကို တရုတ်ဘက်က အာရှရေးရာအထူးကိုယ်စားလှယ် Deng Xijun ကိုသာ စေလွှတ်ခဲ့သည်ကို တွေ့ရသည်။
နယ်စပ်ဒေသများကို အခြေပြု၍ အိမ်နီးချင်းနိုင်ငံတို့၏ အကျိုးစီးပွားကို ထိခိုက်စေမည့် လုပ်ရပ်များကို လက်သင့်မခံကြောင်း တရုတ်အစိုးရ၏ အာရှရေးရာအထူးကိုယ်စားလှယ်နှင့် သီးသန့်တွေ့ဆုံစဉ် အာဏာသိမ်းခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့သည်။
ရုရှားနိုင်ငံနှင့် ဖက်လဲတကင်းဆက်ဆံနေသည့်အပြင် ရုရှားသမ္မတပူတင်ကို ကမ္ဘာ့ခေါင်းဆောင်ကြီးဟု မြှောက်ပင့်ပြောဆိုထားသည့် စစ်ခေါင်းဆောင်ကို တရုတ်ခေါင်းဆောင်များက သဘောမကျဖြစ်နေသည်ဟု ရန်ကုန်မြို့ရှိ တရုတ်သံရုံးနှင့် နီးစပ်သည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးခန့်အပ်ရန် လျာထားပြီးသားရှိသော်လည်း တရုတ်အစိုးရက လက်တွေ့ခန့်အပ်ခြင်း မရှိသေးသည်မှာ သိသာသည့်အချက်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ရန်ကုန်မြို့ရှိ တရုတ်သံရုံးတွင် သံအမတ်ကြီးနေရာ လစ်လပ်နေသည်မှာ လွန်ခဲ့သည့် ဩဂုတ်လကုန်ပိုင်းကတည်းက ဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)



