သတင်း

ဂျူလီဘိရှော့သည် ပိုင်ဆိုင်မှုများကို ပွင့်လင်းမြင်သာစွာ ချပြခြင်းမရှိသော တစ်ဦးတည်းသော မြန်မာဆိုင်ရာ ကုလ အထူးကိုယ်စားလှယ်ဖြစ်နေ

အရှိန်မြင့်တက်လာသော အကျိုးစီးပွားပဋိပက္ခ အငြင်းပွားမှုများကြားတွင် ကုလသမဂ္ဂနှင့် ဂျူလီ ဘိရှော့တို့သည် သူမ၏ ငွေကြေးပိုင်ဆိုင်မှုအား ထုတ်ပြန်ကြေညာရန် တောင်းဆိုမှုများကို ငြင်းပယ်ထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်  ဂျူလီဘိရှော့ (Julie Bishop) သည် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိ လူအသေအပျောက်များသော ဖျက်အားပြင်းငလျင် ဒဏ် ခံစားနေရသည့် မြန်မာနိုင်ငံသို့ “ငြိမ်းချမ်းရေးနှင့် တွေ့ဆုံညှိနှိုင်းရေး” ခရီးစဥ်အဖြစ် လွန်ခဲ့သည့်လက လာရောက်ခဲ့သည်။

သို့သော် အခြားတဖက်တွင် သူမ၏ မရိုးဖြောင့်မှုကြောင့် အငြင်းပွားဖွယ် ပြဿနာအရှုပ်အထွေးများ မြင့်တက်လာနေခြင်းကလည်း သူမ၏ လုပ်ပိုင်ခွင့်အပေါ် ထိခိုက်နိုင်ခြေ ရှိနေသည်။

လွန်ခဲ့သည့်လ အစောပိုင်းတွင် ဂျူလီဘိရှော့အား သူမ၏ တရုတ်အစိုးရဆက်နွယ် သြစတြေးလျနိုင်ငံအခြေစိုက် မြေရှားသတ္တုတူးဖော်ရေး ကုမ္ပဏီတွင် ပါဝင်ခြင်းကြောင့် အကျိုးစီးပွားပဋိပက္ခ ဖြစ်နိုင်ခြေရှိသည်ဟုဆိုကာ အရပ်ဘက်အဖွဲ့အစည်း လေးဖွဲ့က  ကုလသမဂ္ဂ အတွင်းရေးစစ်ဆေးရေးရုံး (OIOS) ထံ တိုင်ကြားခဲ့သည်။ အဆိုပါ တိုင်ကြားချက်သည် အရပ်ဘက်အဖွဲ့အစည်း ၂၉၀ မှ ကုလသမဂ္ဂသို့ ဘိရှော့၏ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခကို စုံစမ်းစစ်ဆေးရန် ပေးပို့ခဲ့သည့် အိတ်ဖွင့်ပေးစာနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

သို့ရာတွင် ကုလသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူ အရာရှိတစ်ဦးက အထွေထွေအတွင်းရေးမှူးချုပ်သည် ဂျူလီဘိရှော့အပေါ် “အပြည့်အဝယုံကြည်ကြောင်း” သူမဘက်မှ ရပ်တည် ဖြေကြားပေးခဲ့သည်။

ဂျူလီ ဘိရှော့အပေါ် စွပ်စွဲချက်များကို ကုလသမဂ္ဂအနေဖြင့် မည်ကဲ့သို့ ကိုင်တွယ်ဆောင်ရွက်နေ ကြောင်း Myanmar Now က လေ့လာစုံစမ်းခဲ့ရာ သူမ၏ ပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ အများပြည်သူသို့ အသိပေးထုတ်ပြန်ခဲ့သည့် အချက်အလက်များနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကျွမ်းကျင်သူများထံမှ မှတ်ချက်များကို တောင်းခံခဲ့ပါသည်။

လေ့လာမှုများအတွင်း စနစ်တကျ ယိုယွင်းနေသော ကုလသမဂ္ဂ၏ ယန္တရားများကြောင့် ဂျူလီဘိရှော့အနေဖြင့် သူမ၏ ပိုင်ဆိုင်မှုများနှင့် တာဝန်ပြင်ပ ဆောင်ရွက်ချက်များကို အများပြည်သူသို့ ထုတ်ပြန်ရန် ရှောင်ရှားနိုင်ခဲ့ပြီး ထိုအချက်သည် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တစ်ဦးအတွက် မကြုံစဖူး အခြေအနေမျိုး ဖြစ်နေသည်ကို တွေ့ရှိရသည်။

“မိမိအနေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ အကျိုးစီးပွားဆိုင်ရာပြဌာန်းချက်ပါ တာဝန်ဝတ္တရားတွေကို လိုက်နာထားပြီးဖြစ်ပါတယ်၊ အထူးကိုယ်စားလှယ်အဖြစ် မိမိရဲ့ တာဝန်တွေနဲ့ ပဋိပက္ခဖြစ်စေမယ့် ဘယ်လို လှုပ်ရှားမှုမျိုးကိုမှ မလုပ်ဆောင်ခဲ့သလို လုပ်ဆောင်မှာလည်း မဟုတ်ပါဘူး” ဟု ဘိရှော့က Myanmar Now ကို ပြောကြားခဲ့သည်။

အကျိုးစီးပွား ပဋိပက္ခ ရှိနေသလား

ကုလသမဂ္ဂကျင့်ဝတ်ရုံး၏ ပြဌာန်းချက်တွင် – ဝန်ထမ်းတစ်ဦး၏ ပုဂ္ဂလိက အကျိုးစီးပွားသည် “ကုလသမဂ္ဂ၏အကျိုးစီးပွားများ” နှင့် ဆန့်ကျင်ခြင်း သို့တည်းမဟုတ် ထိခိုက်စေနိုင်ကြောင်း မြင်တွေ့ရပါက အကျိုးစီးပွားဆိုင်ရာပဋိပက္ခ ဖြစ်ကြောင်း ဖော်ပြထားပြီး ထိုသို့သော အခြေအနေမျိုးတွင် သက်ဆိုင်ရာဝန်ထမ်းအနေဖြင့် မိမိ၏ တာဝန်များကို မျှမျှတတ ဘက်လိုက်မှု မရှိဘဲ လုပ်ဆောင်ရန် ခက်ခဲသွားစေသည်။ ထို့ကြောင့် ကုလသမဂ္ဂအနေဖြင့် အကျိုးစီးပွား ပဋိပက္ခများ ဖြစ်တန်ခြေအတွက် အလေးဂရုပြု သတိထားခြင်းသည် အရေးကြီး ပါသည်။

ကုလသမဂ္ဂ ဝန်ထမ်းစည်းမျဉ်းတွင် ဝန်ထမ်းအနေဖြင့် အခြားဝန်ဆောင်မှုများကြောင့် ရရှိသော အခကြေးငွေကို အတွင်းရေးမှူးချုပ်က ခြွင်းချက်ပြုနိုင်သော ကိစ္စအချို့တွင်သာ ခွင့်ပြုပေးနိုင်ပြီး ယင်းသို့ခွင့်ပြုရာတွင် ကုလသမဂ္ဂအဖွဲ့အစည်းအတွက် အရှက်ရစရာကိစ္စမျိုး မဖြစ်စေရန်နှင့် ဝန်ထမ်းအနေဖြင့်လည်း ပြည်သူ့ဝန်ထမ်းလုပ်ဆောင်ချက်များနှင့် မဆန့်ကျင်ကြောင်း သေချာမှသာလျင် ခွင့်ပြုနိုင်ကြောင်း ဖော်ပြထားသည်။

ဂျူလီဘိရှော့သည် ဂရင်းလန်းရှိ အငြင်းပွားဖွယ်ရာ Kvanefjeld သတ္တုတူးဖော်ရေး စီမံကိန်း၏ ဩစတြေးလျသတ္တုတူးဖော်ရေးကုမ္ပဏီ Energy Transition Minerals (ETM) အုပ်ချုပ်ရေး အဖွဲ့တွင် မဟာဗျူဟာပိုင်းဆိုင်ရာ အကြံပေးရာထူးတာဝန် ထမ်းဆောင်နေကြောင်းကို Justice For Myanmar အဖွဲ့က တွေ့ရှိပြီးနောက် အကျိုးစီးပွားပဋိပက္ခဆိုင်ရာပြဿနာနှင့် ပတ်သက်၍ စိုးရိမ်စရာများ စတင် ပေါ်ပေါက်လာခဲ့သည်။

တရုတ်နိုင်ငံမှ တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ထားသည့် Shenghe Resources ကုမ္ပဏီ သည် ETM ၏ အဓိကမိတ်ဖက်ဖြစ်ပြီး ရှယ်ယာ ရှစ် ရာခိုင်နှုန်းကိုလည်း ပိုင်ဆိုင်ထားသည်။ Shenghe အနေဖြင့် ETM တွင် ၁၉ ဒသမ ၉ ရာခိုင်နှုန်းအထိ ကန့်သတ်ထားသော ရှယ်ယာလျှော့ချမှု တားဆီးရေးဆိုင်ရာ အခွင့်အရေးများရရှိထားပြီး ကုမ္ပဏီ၏ အုပ်ချုပ်ရေးအဖွဲ့တွင် နေရာတစ်ခု ရရှိထားသည်။ Saturday Paper ၏ သတင်းဖော်ပြချက်အရ Shenghe သည် Kvanefjeld စီမံကိန်း၏ ရှယ်ယာကို ၆၀ ရာခိုင်နှုန်းအထိ ရယူရန် အခွင့်အရေးများကိုလည်း ညှိနှိုင်းထားပြီးဖြစ်ကြောင်း သိရသည်။ ထိုအချက်က တရုတ်အစိုးရသည် ကုမ္ပဏီအပေါ် သိသိသာသာ သြဇာသက်ရောက်နေမှုနှင့် ဂျူလီဘိရှော့၏ ဝန်ဆောင်ခရငွေအပေါ်တွင်လည်း လွှမ်းမိုးနိုင်ခြေကို မြင်သာစေသည်။

တရုတ်အစိုးရသည် မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့နေသော အဓိကနိုင်ငံဖြစ်သည့်အပြင်  စစ်ကောင်စီအတွက် အရေးပါသော နိုင်ငံရေးအထောက်အပံ့များကိုလည်း ပေးအပ်ထားသည်။ ယခုကဲ့သို့ တရုတ်အစိုးရ၏ လုပ်ရပ်များသည် မကြာသေးမီက လုံခြုံရေးကောင်စီနှင့် အထွေထွေညီလာခံတို့မှ သဘောတူ ဆုံးဖြတ်ခဲ့သည့် “မြန်မာနိုင်ငံသို့ လက်နက်များ စီးဆင်းမှုကို တားဆီးရန်” နှင့် “ဒီမိုကရေစီ အဖွဲ့အစည်းများနှင့် လုပ်ငန်းစဉ်များကို ထိန်းသိမ်းရန်” ဟူသည့် ကုလသမ္ဂ၏ အကျိုးစီးပွားများနှင့် ဆန့်ကျင်နေသည်။

ထို့ကြောင့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တာဝန်နှင့် တရုတ်နှင့်ဆက်နွယ်သော သတ္တုတူးဖော်ရေး ကုမ္ပဏီ၏ အကြံပေးဟူသော ဂျူလီဘိရှော့၏ ရာထူးတာဝန်နှစ်ခုသည် ဆိုးရွားသော အကျိုးစီးပွားပဋိပက္ခ ဖြစ်သည်ဟု ယူဆနိုင်ဖွယ် အခြေအနေဖြစ်နေသည်။ သို့သော် ဘိရှော့က အကျိုးစီးပွား ပဋိပက္ခမရှိကြောင်း ငြင်းဆိုခဲ့သလို ထိုကဲ့သို့ ပြောဆိုချက်များသည် “အခြေအမြစ်မရှိ စွပ်စွဲချက်များ သို့မဟုတ် အထင်အမြင်လွဲမှားစေရန် အချက်အလက် ထိမ်ချန် ပြောဆိုထားမှုများသာဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

“မိမိပိုင် ပုဂ္ဂလိကအတိုင်ပင်ခံအဖွဲ့ Julie Bishop and Partners အနေဖြင့် ဂရင်းလန်းနှင့် သက်ဆိုင်သော ပထဝီနိုင်ငံရေးဆိုင်ရာ မဟာဗျူဟာအကြံဉာဏ်များပေးအပ်နိုင်ရန် ဩစတြေးလျ အများပိုင် သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုက ငှားရမ်းထားခြင်း ဖြစ်ပြီး မိမိ သို့မဟုတ် JBP အနေဖြင့် အဆိုပါကုမ္ပဏီတွင်  ယုံကြည်အပ်နှံမှု၊ အုပ်ချုပ်ရေးတာဝန် သို့မဟုတ် စီမံခန့်ခွဲမှုတာဝန်များ ရယူထားခြင်း မရှိသကဲ့သို့ ဥပဒေ၊ ဘဏ္ဍာရေး သို့မဟုတ် စီးပွားရေးနှင့် သက်ဆိုင်သော အကြံဉာဏ်များကို ပေးအပ်ခြင်း မရှိကြောင်းနှင့် မိမိ သို့မဟုတ် JBP တို့အနေဖြင့်လည်း တရုတ်အစိုးရ သို့မဟုတ် မြန်မာစစ်တပ်နှင့် မည်သို့မျှ ဆက်စပ်ပတ်သက်မှုမရှိကြောင်းကို မေးမြန်းသူတို့ကိုယ်တိုင် သိရှိထားပြီးသား ဖြစ်ပါမည်ဟု အီးမေးလ်ဖြင့် ပြန်လည်ဖြေကြားခဲ့ ပါသည်။

တရုတ်အစိုးရသည် ၎င်းတို့၏ ပိုင်ဆိုင်မှုများမှတစ်ဆင့် Shenghe Resources အပေါ် သြဇာလွှမ်းမိုး ထားသကဲ့သို့ Shenghe Resources သည်လည်း ၎င်း၏ ရင်းနှီးမြှုပ်နှံမှုနှင့် အုပ်ချုပ်ရေးအဖွဲ့နေရာမှ တစ်ဆင့် ETM အပေါ် သြဇာလွှမ်းမိုးမှုရှိသည်ဆိုသည့် အချက်အပေါ် ငြင်းဆိုနိုင်မည်လား ဆိုသည့် မေးခွန်းကိုမူ သူမအနေဖြင့် ပြန်လည်တုံ့ပြန်ခဲ့ခြင်း မရှိခဲ့ပေ။

ဘဏ္ဍရေးဆိုင်ရာ ဖော်ထုတ်မှု နိုင်ငံတကာ ကျွမ်းကျင်သူ ဒေါက်တာ တယ်လ်မန်ဟော့ပ်က “မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ်တစ်ဦးနဲ့ ပတ်သက်လို့ လက်ရှိဖြစ်ပေါ် နေတဲ့ ပြဿနာတွေရဲ့ အသေးစိတ်အချက်အလက်တွေကို မသိရှိထားပေမယ့် တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုပါဝင်နေတဲ့ ငွေကြေးဆိုင်ရာ အကျိုးအမြတ်ကိစ္စမှာတော့ ကုလသမဂ္ဂအဖွဲ့အစည်းက ချမှတ်ထားတဲ့ ရိုးသားဖြောင့်မတ်မှုစံနှုန်းတွေအရ များသောအားဖြင့် အကျိုးစီးပွား ပဋိပက္ခတွေ ဖြစ်ပေါ်တတ်တာကြောင့် အံ့အားသင့်စရာတွေ ဖြစ်လာနိုင်သလို ရှင်းလင်းချက်ပေးဖို့လည်း လိုပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

သို့သော်လည်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဖာဟန်အဇစ်ဟဇ် ကမူ ဂျူလီဘိရှော့အနေဖြင့် ETM နှင့် အလုပ်လုပ်ခြင်းသည် ဝန်ထမ်းစည်းမျဉ်းများအရ ကုလ၏ အကျိုးစီးပွားနှင့် ဆန့်ကျင်မှုမရှိကြောင်း အဖွဲ့အစည်း၏ စုံစမ်းစစ်ဆေးမှုဆိုင်ရာ တုံ့ပြန်ခြင်းမျိုးဖြင့် ရှင်းလင်းချက်ပေးရမည့်အစား ဘိရှော့သည် ကုလသမဂ္ဂ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြောင်းသာ ခုခံဖြေဆိုခဲ့သည်။

“သူမဟာ ဖြစ်နိုင်ခြေရှိတဲ့ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခတွေနဲ့ သက်ဆိုင်တဲ့ စံနှုန်းတွေအပါအဝင် အမြင့်မားဆုံး သမာဓိရှိရှိ ဖြောင့်မတ်တည်ကြည်မှုကို ထိန်းသိမ်းဖို့ လိုအပ်ပါ တယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အထူးကိုယ်စားလှယ်ဟာ သူမရဲ့ ပြင်ပဆိုင်ရာ လုပ်ငန်းဆောင်ရွက် မှုတွေကို ကုလသမဂ္ဂထံ အသိပေးထားပြီးဖြစ်ပါတယ်” ဟုသာ ဟဇ်က ပြောကြားခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ကျင့်ဝတ်ရေးရာနှင့် လိုက်နာဆောင်ရွက်မှုဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးဖြစ်ပြီး Canadian Centre of Excellence for Anti-Corruption ၏ ပူးတွဲတည်ထောင်သူ ပတ်ပွိုက်တီဗင်က Myanmar Now သို့ ပြောကြားရာတွင် တရားဝင် လုပ်ပိုင်ခွင့်မရှိဘဲ သို့မဟုတ် အမှုတွဲကို စေ့စေ့စပ်စပ် ပြန်လည်သုံးသပ်ခြင်းမရှိဘဲ ၎င်းအနေဖြင့် ဂျူလီဘိရှော့နှင့် ပတ်သက်၍ ကောက်ချက်မချနိုင်ကြောင်း၊ သို့သော် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ စိုးရိမ်မှုများသည် ယုံကြည်လောက်ဖွယ်ရှိကြောင်းနှင့်  အကျိုးစီးပွားပဋိပက္ခများဆိုင်ရာ အမှန်တကယ်ဖြစ်ပေါ် နေသော (သို့မဟုတ်)၊ ဖြစ်နိုင်ခြေရှိသော (သို့မဟုတ်)၊ မြင်တွေ့နေရသည့် ဖြစ်တန်ခြေ အလားအလာ တစ်ရပ်ရပ်တို့ကို ရှောင်ရှားနိုင်ရန် သတ်မှတ်ထားသော ကုလသမဂ္ဂ၏ ကိုယ်ပိုင်စံနှုန်းများအရ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်သင့်ကြောင်း လုံလောက်သည့် အချက်အလက်များ ရှိနေသည်ဟု ဖြေကြားခဲ့သည်။

“ဒီကိစ္စရဲ့ အဓိကပြဿနာဟာ အကျိုးစီးပွားပဋိပက္ခ အမှန်တကယ် ရှိမရှိဆိုတာတင်မကပဲ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုအပေါ် ယုံကြည်မှု၊ ဘက်မလိုက်မှု သို့မဟုတ် ယုံကြည်စိတ်ချရမှုကို ထိခိုက်စေနိုင်လောက်တဲ့ ဖြစ်နိုင်ခြေ ဒါမှမဟုတ် ယူဆနိုင်ဖွယ် ပဋိပက္ခ ရှိမရှိ ဆိုတာလည်း ပါဝင်နေပါတယ်။ ကုလသမဂ္ဂရဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေအရ ဝန်ထမ်းတွေအနေနဲ့ အဖွဲ့အစည်းရဲ့ ဂုဏ်သတင်းကို ထိခိုက်စေနိုင်မယ့် အကျိုးစီးပွားပဋိပက္ခဖြစ်နိုင်ဖွယ် အရိပ်လက္ခဏာမျိုးကိုပင် ရှောင်ရှားကြရမယ်လို့ အလေးအနက် ဖော်ပြထားပါတယ်။ အာဏာနဲ့ သြဇာကြီးမားတဲ့ အခန်းကဏ္ဍတွေကို တာဝန်ယူထားသူတွေဟာ ဥပဒေ သို့မဟုတ် မူဝါဒ ချိုးဖောက်မှုတွေအတွက်သာမက သက်ဆိုင်သူတွေရဲ့ယုံကြည်မှုကို လျော့ကျစေနိုင်တဲ့ ယူဆနိုင်ဖွယ် ချိုးဖောက်မှုတွေအတွက်လည်း တာဝန်ခံကြရမှာဖြစ်ပါတယ်။ ဒါမှသာ ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ ကျင့်ဝတ်စံနှုန်းတွေ ပဋိညာဉ်စာတမ်းတွေ၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းတွေရဲ့ အဓိက အခြေခံမူတွေနဲ့ ကိုက်ညီမှာ ဖြစ်ပါတယ်” ဟု ပွိုက်တီဗင်က ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးမှုများပြုလုပ်ခြင်းဖြင့် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အကူအညီပေးရေး အစီအစဉ် တစ်ခု၏ ယုံကြည်စိတ်ချရမှုနှင့် ဘက်မလိုက်မှုကို ဆက်လက်ထိန်းသိမ်းရန် အထောက်အကူ ဖြစ်စေမည်ဟုလည်း ပွိုက်တီဗင်က ပြောကြားခဲ့သည်။ “အကျင့်ပျက်တဲ့ လုပ်ရပ်တိုင်းကို ဥပဒေမှာ ပြဋ္ဌာန်းထားတာ မဟုတ်ပါဘူး။ အကျိုးစီးပွားပဋိပက္ခတွေ ဖြစ်နိုင်ခြေကို တွေ့မြင်လာရလို့ အများပြည်သူတွေက တောင်းဆိုလာတဲ့အခါမှာ မိမိရဲ့ ဖြောင့်မတ်မှန်ကန်မှုအပေါ် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုတွေနဲ့သာ သက်သေပြရပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

လိုက်ပါနေသည့် အရိပ်မည်း

ဂျူလီဘိရှော့အပေါ် စွပ်စွဲခံထားရသော အကျိုးစီးပွားပဋိပက္ခများနှင့် ပတ်သက်သည့် မေးခွန်းများ အပေါ် ကုလသမဂ္ဂ၏တုံ့ပြန်မှုက အခြေအနေကို ပို၍ပင် ဆိုးရွားသွားစေသည်။ ကုလသမဂ္ဂ အကြီးတန်းဝန်ထမ်းများသည် ၎င်းတို့၏ ပိုင်ဆိုင်မှုများနှင့် အခြားပြင်ပဝင်ငွေများကို အများပြည်သူ သို့ ထုတ်ဖော်ပြသလေ့ထုံးစံမရှိဟု ဆိုသည်။ ယင်းအချက်က ကောင်းမွန်သည့် အလေ့အကျင့်များနှင့် အဖွဲ့အစည်း၏ ကိုယ်ပိုင်လမ်းညွန်ချက်များနှင့်ပင် ဆန့်ကျင်သွေဖည်နေပြီဖြစ်သည်။

ကုလသမဂ္ဂ ကျင့်ဝတ်ရုံး၏ ဘဏ္ဍာငွေကြေးဆိုင်ရာ ထုတ်ပြန်ကြေညာမှု အစီအစဉ်အရ အကြီးတန်း ဝန်ထမ်းများသည် ကုလသမဂ္ဂဝန်ထမ်းများအကြား အကျိုးစီးပွားပဋိပက္ခများကို ကာကွယ်ရန် အတွက် ၎င်းတို့ကိုယ်တိုင်ဖြစ်စေ၊ ၎င်းတို့၏အိမ်ထောင်ဖက်များနှင့် မှီခိုနေသော ကလေးများ အတွက် ပြင်ပအကျိုးစီးပွားများ၊ ပိုင်ဆိုင်မှုများ၊ တာဝန်ဝတ္တရားများနှင့် ဆက်နွယ်မှုများကို နှစ်စဉ် ထုတ်ပြန်ရမည်ဖြစ်သည်။ အများပြည်သူသို့ ထုတ်ဖော်ပြောကြားခြင်းသည် မဖြစ်မနေ လုပ်ဆောင်ရန် မလိုအပ်သော်လည်း အစီအစဉ်၏ ဝက်ဘ်ဆိုက်တွင် “ကုလသမဂ္ဂဝန်ထမ်းများ အနေဖြင့် တရားဝင်တာဝန်များကို ထမ်းဆောင်ရာ၌ မိမိတို့၏ ပုဂ္ဂလိကအကျိုးစီးပွားနှင့် သက်ဆိုင်သည့် မည်သည့်အကြောင်းအရာများ အတွက်မဆို လွှမ်းမိုး ဩဇာခံ၍ မရကြောင်းကို အများပြည်သူနှင့် အဖွဲ့ဝင်နိုင်ငံများအား ယုံကြည်စေရမည်” ဟု ကုလအတွင်းရေးမှူးချုပ်၏ တိုက်တွန်းချက်ကို ဖော်ပြထားသည်။

ဘိရှော့သည် ကုလသမဂ္ဂ၏ ဘဏ္ဍာရေးဆိုင်ရာ ထုတ်ပြန်မှု အစီအစဉ်မှတစ်ဆင့် သူမ၏ ဘဏ္ဍာငွေကြေးဆိုင်ရာ ထုတ်ပြန်မှုနှင့် အကျိုးစီးပွား ကြေညာချက်ကို အများပြည်သူသို့ ထုတ်ပြန်ခြင်း မပြုသည့် တစ်ဦးတည်းသော မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်နေသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရာထူးကို ၂၀၁၈ ခုနှစ်တွင် စတင်ထားရှိခဲ့ပြီး ဂျူလီဘိရှော့၏ ရှေ့တွင် တာဝန်ထမ်းဆောင်ခဲ့သူ နှစ် ဦးလုံးသည် ၎င်းတို့၏ ငွေရေးကြေးရေး ဆိုင်ရာအကျိုးစီးပွားများကို ၎င်းတို့သဘောဆန္ဒအလျောက် ထုတ်ပြန်ခဲ့ကြသည်။ ကုလသမဂ္ဂ ကျင့်ဝတ်ရုံး၏ ဝက်ဘ်ဆိုက်ကို သုံးသပ်ရာတွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ခန့်အပ်ခံရသော ဒုတိယမြောက် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာနှင့် ၂၀၁၈ ခုနှစ် ဧပြီလတွင် ပထမဦးဆုံး ခန့်အပ်ခံရသော မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရာနာတို့သည် ၎င်းတို့၏ပိုင်ဆိုင်မှုများအား အများပြည်သူသို့ ထုတ်ပြန်ထားမှုကို တွေ့ရသည်။

ယခင်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တွင် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ဗီဂျေ နမ်ဘီးယာ ရှိခဲ့ပြီး ၎င်းသည်လည်း ငွေရေးကြေးရေးဆိုင်ရာပိုင်ဆိုင်မှုများကို အများပြည်သူသို့ ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား၏ အကြီးအကဲ နီကိုလပ်စ် ကွန်မ်ဂျီယန်ကလည်း ၎င်း၏ ငွေရေးကြေးရေး ပိုင်ဆိုင်မှုများကို အများပြည်သူသို့ ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း နှစ် ဦးစလုံးတွင် ၎င်းတို့၏ ဘဏ္ဍာရေး ဆိုင်ရာ ထုတ်ပြန်ချက်များအရ ပြင်ပလုပ်ငန်းများမရှိခဲ့ကြသော်လည်း ဘိရှော့တွင်မူ ကုလသမဂ္ဂ၏ ပြင်ပတွင် အကျိုးစီးပွားများစွာ ရှိနေသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ အဆင့်သည် ကုလသမဂ္ဂ၏ လက်ထောက် အတွင်းရေးမှူးချုပ်အဆင့်ဖြစ်ပြီး နောက်ဆုံး ကုလသမဂ္ဂလစာနှုန်းထားအရ တစ်နှစ်လျှင် အသားတင်လစာ ဒေါ်လာ ၂၃၅,၀၆၄ ရရှိသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့် ရှိသူတစ်ဦးအဆိုအရ ဘိရှော့သည် အချိန်ပြည့် အလုပ်လုပ်ကိုင်ခြင်း မရှိဘဲ အမှန်တကယ် အလုပ်လုပ်သည့် အချိန်ပိုင်းအတွက်ပင် မြင့်မားသည့် အတိုင်ပင်ခံလစာမျိုး ရရှိနေသည်။

ကုလသမဂ္ဂသည် ဘိရှော့၏ ဘဏ္ဍာငွေကြေးဆိုင်ရာ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ Myanmar Now ၏ တောင်းဆိုမှုများကို ငြင်းပယ်ခဲ့သည်။ ကုလပြောရေးဆိုခွင့်ရှိသူ ဖာဟန်အဇစ်ဟဇ်က ထိုသို့သော ထုတ်ပြန်ချက်များကို သာမန်အခြေအနေတွင် “စည်းမျဥ်းစည်းကမ်းတစ်ရပ်” အနေဖြင့် အများပြည်သူသို့ ထုတ်ပြန်ပေးရန်မလိုအပ်ဘဲ ကာယကံရှင်၏ ကိုယ်ပိုင်ဆန္ဒဖြင့်သာ ထုတ်ပြန်နိုင်ကြောင်း တုံ့ပြန်ခဲ့သည်။

ဘိရှော့၏ ပြင်ပဆောင်ရွက်ချက်များ၊ ပိုင်ဆိုင်မှုစာရင်းများနှင့် ပတ်သက်၍ Myanmar Now မှ မေးမြန်းခဲ့ရာ သူမအနေဖြင့် ထုတ်ဖော်ပြသခြင်းမရှိဘဲ “ကုလသမဂ္ဂ၏သတ်မှတ်ချက်အရ အကျိုးစီးပွားဆိုင်ရာ ကြေညာချက်စည်းမျဥ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက် ထားကြောင်း” ကိုသာ တုံ့ပြန်ဖြေကြားခဲ့သည်။

ကုလသမဂ္ဂ၏ အများပြည်သူသို့ ဘဏ္ဍာရေးဆိုင်ရာ ထုတ်ပြန်ချက်အစီအစဉ်တွင် ဘိရှော့အနေဖြင့် မည်သည့်အတွက်ကြောင့် မပါဝင်ခဲ့သည်ကို Myanmar Now က ဆက်လက် မေးမြန်းခြင်းအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။

ဘဏ္ဍာငွေကြေးပိုင်ဆိုင်မှု ထုတ်ပြန်ခြင်းဆိုင်ရာ နိုင်ငံတကာကျွမ်းကျင်သူ ဒေါက်တာတီလ်မန် ဟော့ပ်က “အကျိုးစီးပွားပဋိပက္ခ ရှိမရှိကို သံသယရှိခံထားရသူကိုယ်တိုင် ဆုံးဖြတ်ချက်ချတာတွေ မပြုလုပ်သင့်ဘဲ ၎င်းတို့ရဲ့ အထက်အရာရှိကသာ ကြီးကြပ်ဆုံးဖြတ်ရပါမယ်။ ကြီးကြပ်သူက အကျိုးစီးပွားပဋိပက္ခမရှိဟု ယုံကြည်ပါက သက်သေအကြောင်းရင်းကို လူသိရှင်ကြား ထုတ်ပြန် သင့်ပါတယ်။ အထူးသဖြင့် အဆင့်မြင့်ရာထူးတာဝန် ရယူထားသူတွေရဲ့ အငြင်းပွားဖွယ် စိုးရိမ်စရာဖြစ်ရပ်တွေကို ကြီးကြပ်ရာမှာ ပိုလို့တောင် အများပြည်သူရှေ့ ချပြသင့်ပါတယ်”ဟု ပြောကြားသည်။ 

Transparency International Australia ၏ အမှုဆောင်အရာရှိချုပ် ကလန်စီမိုးက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်နှင့် သက်ဆိုင်သော ဘဏ္ဍာငွေကြေးဆိုင်ရာ ထုတ်ပြန်မှုမရှိခြင်းက “သူမ၏အခန်းကဏ္ဍ ပုံရိပ်ကို ထိခိုက်စေသည်”ဟု ပြောကြားသည်။ “ETM မှာ သူမပါဝင်နေတဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး အမှန်တကယ်ဖြစ်ပေါ်နေတဲ့ (သို့မဟုတ်) ဖြစ်ပေါ်နေတယ်လို့ ယူဆရတဲ့ အကျိုးစီးပွားပဋိပက္ခဟာ သူမရဲ့ ဘက်မလိုက်မှုနဲ့ သမာဓိရှိမှုအပေါ် လူအများရဲ့ ထင်မြင်ယူဆချက်တွေကလည်း အပျက်သဘောဆောင် သက်ရောက်ထိခိုက် စေနိုင်ပါတယ်။”

အကြီးတန်း ဝန်ထမ်းများ၏ ဘဏ္ဍာရေး အကျိုးစီးပွားများကို ထုတ်ဖော်ရန်ပြဌာန်းထားခြင်းမရှိသည့် ကုလသမဂ္ဂ၏ ကျင့်ထုံးသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းများနှင့် ဆန့်ကျင်နေသည်။ ဥပမာအားဖြင့် ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OSCE) သည် အကြီးတန်းအရာရှိများ၏ ပိုင်ဆိုင်မှု၊ တာဝန်ခံမှုနှင့် ၀င်ငွေများကို အများပြည်သူသို့ ထုတ်ဖော်ခြင်းအတွက် စည်းမျဉ်းများကို မိတ်ဆက်ပြီး လိုက်နာသင့်သည်ဟု အကြံပြုထားသည်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကလည်း သတင်းသမားများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ယုံကြည်မှုတိုးလာစေရန်အတွက် လူသိရှင်ကြားထုတ်ဖော်မှုများပြုလုပ်ရန် အကြံပြုထားသည်။ ကမ္ဘာ့ဘဏ်အုပ်စု၊ OECD နှင့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုတိုက်ဖျက်ရေးရုံး တို့ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများမှ တိုက်တွန်းထားသည်မှာ  အကျိုးစီးပွားပဋိပက္ခများဆိုင်ရာ စီမံခန့်ခွဲမှု အလေ့အကျင့်ကောင်းတစ်ခုကို “ပွင့်လင်းမြင်သာစွာထုတ်ဖော်ချပြခြင်း” ဖြင့် အများပြည်သူရဲ့ စောဒကတက်မှုကို ဖြေရှင်းနိုင်ပြီး ကိစ္စရပ်များအား ကြီးကြပ်မှုနှင့် နောက်ဆက်တွဲ တာဝန်ယူ၊ တာဝန်ခံမှုအဆင့်တို့အတွက်ပါ အထောက်အပံ့ဖြစ်မည်ဟု ဆိုပါသည်။

အများပြည်သူသို့ ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ ချဉ်းကပ်မှုသည် ကမ္ဘာ့အကောင်းဆုံး လုပ်ထုံးလုပ်နည်းများနှင့် မကိုက်ညီသောကြောင့် ဝေဖန်ခံနေရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ကျင့်ဝတ်နှင့် လိုက်နာမှုဆိုင်ရာ ကျွမ်းကျင်သူ ပွိုက်တီဗင်က “ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ဥရောပကော်မရှင်တို့လို အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ အကြီးတန်းခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုနဲ့ အကျိုးစီးပွားကို အများပြည်သူသို့ ထုတ်ပြန်ရန် လိုအပ်ကြောင်းနဲ့ ပွင့်လင်းမြင်သာမှုဆိုတာ အကျိုးစီးပွားပဋိပက္ခရှိနိုင်တယ်ဆိုတဲ့ အမြင်တွေကို ဟန့်တားကာကွယ်နိုင်ဖို့ မရှိမဖြစ်လိုအပ်ကြောင်း အသိအမှတ်ပြု လက်ခံထားပါတယ်။ စောင့်ကြည့်စိစစ်မှုတွေ မြင့်တက်နေတဲ့ ဒီနေ့လိုခေတ်မှာ ကုလသမဂ္ဂဟာ သူတို့ရဲ့ လုပ်ထုံးလုပ်နည်း တွေကို စံနှုန်းတွေနဲ့ ကိုက်ညီဖို့ စဉ်းစားသင့်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးအရ အထိအခိုက် မခံတဲ့ အခန်းကဏ္ဍတွေက အဆင်မြင့်သံတမန်တွေအတွက်ဆိုရင် ပိုပြီးအရေးကြီးပါတယ်” ဟု ပြောကြားခဲ့သည်။

Transparency International Australia မှ မိုရေးကလည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် များအပါအဝင် အများပြည်သူနှင့် သက်ဆိုင်သောလုပ်ငန်းစဥ်များမှ တာဝန်ရှိသူများသည် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုကို ပြသရန်နှင့် ယုံကြည်မှုတည်ဆောက်ရန်အတွက် ၎င်းတို့၏ ပိုင်ဆိုင်မှုများနှင့် အကျိုးစီးပွားများကို စည်းမျဉ်းစည်းကမ်းအရ ထုတ်ပြန်သင့်သည်ဟု ပြောကြားသည်။

University of Western Australia နိုင်ငံတကာဥပဒေပါမောက္ခနှင့် ‘လူမျိုးတုံးသတ်ဖြတ်မှုများ ဆိုင်ရာ လေ့လာရေးပညာရှင်များ အပြည်ပြည်ဆိုင်ရာ အသင်း’၏ ဥက္ကဋ္ဌ မယ်လန်နီ အိုဘရိုင်ယန်က ဂျူလီဘိရှော့၏ ဘဏ္ဍာငွေကြေး အကျိုးစီးပွားပိုင်ဆိုင်မှုများကို ထုတ်ပြန်ရန် ငြင်းဆန်နေခြင်းသည် မယုံကြည်မှုကို ပိုမိုနက်ရှိုင်းစေနိုင်ကြောင်း သတိပေးထားသည်။

“အမေရိကန်မှာ သမ္မတထရမ့်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံအရဆိုရင် ငွေရေးကြေးရေး အကျိုးစီးပွားကို ဖုံးကွယ်ချင်တဲ့ အာဏာရှိသူတွေဟာ မဖြစ်မနေ ထုတ်ပြောပြရမယ့် စည်းမျဥ်းထက် မိမိသဘောဆန္ဒအလျောက် ထုတ်ပြန်တဲ့ စည်းမျဥ်းကိုသာ အလေးပေးလေ့ ရှိပါတယ်။ ဒီတော့မှာ ဖုံးကွယ်စရာရှိနေကြတဲ့ သြဇာကြီးသူတွေဟာ သူတို့ ငွေကြေးအကျိုးစီးပွားကို မထုတ်ပြန်ခြင်း ဆိုတာမျိုးကိုသာ ရွေးချယ်လုပ်ဆောင်နေကြတယ်။ ဖုံးကွယ်ထားစရာ အကြောင်းမရှိရင် ဘာလို့ မထုတ်ပြန်နိုင် ရမှာလဲ။ ဒါက အရမ်းရိုးရှင်းပါတယ်” ဟု သူမက ပြောသည်။

ဘိရှော့သည် သူမ၏ မွေးရပ်မြေ ဩစတြေးလျတွင်လည်း ဆိုးရွားသည့် အကျိုးစီးပွား ပဋိပက္ခ အငြင်းပွားဖွယ်ရာ ကိစ္စရပ်တစ်ခုရှိနေသေးသည်။ သူမသည် ဩစတြေးလျအမျိုးသားတက္ကသိုလ် (ANU) ၏ အဓိပတိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်စဥ် သူမ၏ ယခင် အကြီးအကဲကုမ္ပဏီသို့ ငွေပေးချေမှုများနှင့် သူမ၏ အတိုင်ပင်ခံကုမ္ပဏီမှ ဝန်ထမ်းများကို တက္ကသိုလ်တွင် ခန့်အပ်ခြင်းများ ပြုလုပ်ခဲ့သည်။ ယင်းအချက်များကြောင့် သူမ၏ ဦးဆောင်မှုအပေါ် တက္ကသိုလ်ဝန်ထမ်းများက  အယုံအကြည်မရှိကြောင်း မဲခွဲဆုံးဖြတ်မှု ပြုလုပ်ခဲ့ကြဖူးသည်။

အဆိုပါတက္ကသိုလ်ကိစ္စနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ဘိရှော့က “ANU က သတ်မှတ်ထားတဲ့ ငွေရေးကြေးရေး ပိုင်ဆိုင်မှု ထုတ်ပြန်ရန် လိုအပ်ချက်အားလုံးကို လိုက်နာခဲ့ပြီး ANU ဘက်က ထောက်ပံ့ထားတဲ့ အဓိပတိရုံးရဲ့ ဝန်ထမ်းခန့်အပ်မှု လုပ်ငန်းစဉ်တွေကိုလည်း အရင်အဓိပတိတွေရဲ့ အစီအစဉ်တွေအတိုင်း လိုက်နာဆောင်ရွက်ခဲ့ပါတယ် ” ဟု ပြောကြားခဲ့သည်။

ထို့အပြင် သူမသည် ANU အုပ်ချုပ်ရေးအဖွဲ့၏ ထောက်ခံမှုနှင့် ယုံကြည်မှုရှိကြောင်းနှင့် မဲခွဲဆုံးဖြတ်ရာတွင်လည်း အရည်အချင်းပြည့်မီသော ဝန်ထမ်း ၁၇ ရာခိုင်နှုန်း ဖြင့်သာ မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သူမက ထပ်မံပြောကြားခဲ့သည်။

သို့သော် အဆိုပါ မဲခွဲဆုံးဖြတ်မှုကို အဆင့်မြင့်ပညာရေးသမဂ္ဂ (NTEU) ၏ အဖွဲ့ဝင်များအတွက်သာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဝန်ထမ်းအားလုံးအတွက် မဟုတ်ခဲ့ပေ။ ထို့ပြင် ANU ၏ အုပ်ချုပ်ရေး ကောင်စီသို့ ရွေးကောက်တင်မြှောက်ခံရသော ဝန်ထမ်း သုံးဦးအနက် တစ်ဦးသည် တက္ကသိုလ်၏ တုံ့ပြန် ဆောင်ရွက်မှုများကို ကန့်ကွက်သည့်အနေဖြင့် ရာထူးမှ နုတ်ထွက်ခဲ့သည်။

NTEU မှ ဒေါက်တာ လာ့ခ်လန် ကလိုဟေစီက “အယုံအကြည်မရှိကြောင်း မဲပေးဆုံးဖြတ်မှုမှာ ပါဝင်သူ ၈၀၀ ကျော်ရှိခဲ့ပြီး အဲဒီဖြစ်ရပ်ဟာ ဩစတြေးလျ တက္ကသိုလ်တစ်ခုမှာ အကြီးမားဆုံး မဲပေးဆုံးဖြတ်မှုဖြစ်ခဲ့ပါတယ်။ မဲပေးသူ ၉၅ ရာခိုင်နှုန်းကျော်က အဓိပတိနှင့် ဒုတိယအဓိပတိတို့ အပေါ် အယုံအကြည်မရှိကြောင်း မဲပေးခဲ့ကြပါတယ်။ ANU ခေါင်းဆောင်ပိုင်းဟာ ဝန်ထမ်းတွေရဲ့ သဘောထားအမြင်တွေကို ဆက်လက်လျှော့တွက်ပြီး မသိကျိုးကျွန်ပြုနေတာက စိတ်ပျက်စရာပါ” ဟု ပြောကြားခဲ့သည်။

ကုလသမဂ္ဂက သက်ဆိုင်သည့်အဖွဲ့အစည်းများ၏ ယုံကြည်မှုကို လျော့ကျလာစေခြင်း 

မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့အစည်းအပေါ် အယုံအကြည်ကင်းမဲ့နေမှုက ယခင်ကတည်းက ရှိနှင့်နေပြီး လက်ရှိဖြစ်ပွားနေသော အထူးကိုယ်စားလှယ် ဂျူလီဘိရှော့၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ အငြင်းပွားမှုသည် ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတစ်ခုအနေဖြင့် ပိုမိုဆိုးရွားလာနေသော မြန်မာနိုင်ငံအတွင်းမှ အကျပ်အတည်းကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ဆိုခြင်းနှင့် ပတ်သက်၍ နောက်ထပ် စိန်ခေါ်မှုများ ဖြစ်ပေါ်လာစေသည်။

ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်များတွင် မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားရာ၌ ၎င်းအနေဖြင့် “အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ထိခိုက် ခံစားရသော ပြည်သူများအပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးနှင့် ထိတွေ့ဆက်ဆံရေး အားလုံးပါဝင်နိုင်သော ဆွေးနွေးမှု” တို့ကို လုပ်ဆောင်ရမည်ဟု ပါဝင်သည်။

သက်ဆိုင်ရာအဖွဲ့အစည်းအချို့၏စိုးရိမ်မှုများမှာ-

ဘိရှော့၏ စီးပွားရေးလှုပ်ရှားမှုများနှင့်ပတ်သက်၍ ကုလသမဂ္ဂ အတွင်းရေးစစ်ဆေးရေးရုံး (OIOS) သို့ တိုင်ကြားမှုနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် အထွေထွေညီလာခံသို့  အိတ်ဖွင့်ပေးစာပေးပို့မှုတို့တွင် ပြောရေးဆိုခွင့်ရှိသူ၊ လူ့အခွင့်အရေးအဖွဲ့အစည်းဖြစ်သည့် ရှေ့ပြေးအသံအဖွဲ့ ၏ ဥက္ကဋ္ဌလည်းဖြစ်သော မခင်ဥမ္မာက  ဂျူလီဘိရှော့၏ အကျိုးစီးပွား ပဋိပက္ခသည် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဥ်ကို ထိခိုက်ပျက်ပြားစေသည်ဟု ပြောကြားခဲ့သည်။

“ငလျင်လှုပ်အပြီး စစ်အုပ်စုက အပြစ်မဲ့ပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေ ဆက်လုပ်နေတဲ့ အချိန် ကမ္ဘာ့နိုင်ငံတွေအကြား ကူညီဆောင်ရွက်မှုတွေကို ကုလအထူးကိုယ်စားလှယ်တစ်ယောက် အနေနဲ့ အဓိကအခန်းကဏ္ဍကနေ ချိတ်ဆက်ပါဝင်အားစိုက်လုပ်ဆောင်ပေးရမယ့်အစား သူမရဲ့ ကိုယ်ကျိုးစီးပွား ပဋိပက္ခပြဿနာတွေနဲ့ပဲ လုံးလည်လိုက်နေပြီး အမှန်တကယ် ဆက်ဆံရမယ့် အဖွဲ့အစည်းတွေရဲ့ ယုံကြည်မှုတွေကိုလည်း ဆုံးရှုံးကုန်ပါတယ်” ဟု မခင်ဥမ္မာက ပြောကြားခဲ့သည်။

ကုလသမဂ္ဂအနေဖြင့် အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၉၀ တို့၏ အိတ်ဖွင့်ပေးစာအား အကြောင်း ပြန်ကြားခြင်း မရှိသေးသော်လည်း ရိုဟင်ဂျာလူ့အခွင့်အရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် (Rohingya Justice Initiative) အား တည်ထောင်သူ ဆေဒူလ်ကာရမ်၏ အိတ်ဖွင့်ပေးစာနှင့် ပတ်သက်၍ တင်ထားသော LinkedIn ပို့စ်တစ်ခုအောက်တွင် “ရှင်တို့ရဲ့ ယူဆချက်တွေက အခြေအမြစ်မရှိပါဘူး” ဟု ဘိရှော့က မှတ်ချက်ပေးခဲ့သည်။

ဒေါက်တာ မယ်လန်နီ အိုဘရိုင်ယန်က ကုလသမဂ္ဂသည် အထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ လုံခြုံရေးနှင့် အကဲဆတ်မှုအပေါ် ပြန်လည်စဥ်းစားသုံးသပ်ရန် လိုအပ်ကြောင်း ပြောကြားသည်။ “ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ သံတမန်ကို ရိုဟင်ဂျာအသိုင်းအ၀ိုင်း၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ တာဝန်ပေးထားပြီး၊ အဲဒီအဖွဲ့အစည်းတွေက တရုတ်နိုင်ငံနဲ့ ဆက်စပ်နေတဲ့ အကျိုးစီးပွားဆိုင်ရာ သံတမန်ကို ယုံကြည်ဖို့ မဖြစ်နိုင်ပါဘူး။ တရုတ်အစိုးရဟာ မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်တည်မြဲရေးအတွက် ထောက်ခံအားပေးနေတဲ့ အာဏာရှင်အစိုးရ တစ်ရပ်ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေဆိုရင်လည်း အာဏာပိုင်အဖွဲ့အစည်းတွေကို အယုံအကြည် ကင်းမဲ့နေကြပြီး နှိပ်စက်ညှဉ်းပန်း ခံနေရတဲ့နိုင်ငံကို ပြန်ပို့ခံရမှာ စိုးရိမ်နေကြပါတယ်။”

ယခုအခါ စစ်အာဏာသိမ်းမှုနှင့် ဖျက်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုတို့ကြောင့် မြန်မာနိုင်ငံတွင် ပိုမိုဆိုးရွားလာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများအကြား ကုလသမဂ္ဂသည် လူထုအတွင်း မြင့်တက်နေသည့် အငြင်းပွားဖွယ်ရာ အကျိုးစီးပွားပဋိပက္ခကိုပင် လျော့ပါးသွားနိုင်အောင် ဖြေရှင်းနိုင်စွမ်းမရှိ ဖြစ်နေသည်။

Related Articles

Back to top button