သတင်း

နောင်ချိုရှိ  TNLA တပ်စခန်းများကို စစ်တပ်သိမ်းယူပြီး ဆက်လက်ထိုးစစ်ဆင်နေ

TNLA ပြောခွင့်ရသူ လွေးယေဦးက စစ်တပ်ထိုးစစ်ကြောင့် တောင်းခမ်း၌ တပ်စခန်းများ လက်လွှတ်ခဲ့ရသော်လည်း လက်ရှိတွင် ပြန်လည် ခုခံတိုက်ခိုက် နေသည်ဟု ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် ပြန်လည်ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်က မြို့နှင့်  ၁၇မိုင်အကွာတွင်ရှိသည့် စစ်ရေးအရ အရေးပါသည့်  သရက်ချိုကျေးရွာTNLA တပ်စခန်းကို မေလ ၂၀ ရက်နေ့တွင် သိမ်းယူခဲ့ကြောင်း ဒေသခံများက ပြောသည်။       

တောင်းခမ်း တိုက်နယ်အတွင်းရှိ TNLA  တပ်စခန်းများကို ဖေဖော်ဝါရီလကုန်ပိုင်း၌ ပြန်လည် သိမ်းပိုက်ခဲ့သည့် စစ်ကောင်စီသည် စစ်ရေးအရ အရေးပါသည့် သရက်ချို၊ အင်းဖိုး၊ ယာပြင်၊ မက်မန်းတော ကျေးရွာများကို ဆက်လက် ထိုးစစ်ဆင်နေသည်။

သရက်ချိုရွာကို ရရှိသွားသည့် စစ်ကောင်စီတပ်အနေဖြင့် နောက်ထပ်ပစ်မှတ်သစ်ဖြစ်သည့် ကံကြီးရွာ ထိုးစစ်အတွက် ပိုအားသာသွား နိုင်ကြောင်း မြေပြင်တိုက်ပွဲ အခြေအနေ သိရှိသူ တစ်ဦးက Myanmar Now  သို့ ပြောသည်။

“သရက်ချို အနေအထားက ကုန်းကြီးပေါ့။ အမြင့်ဆိုမှ အမြင့် အနေအထားမှာ ရှိတယ်။ သရက်ချိုဆိုတာက ပြန့်နေရာမှာ ရှိတယ်။ သရက်ချိုကို ပေးလိုက်ရတယ်ဆိုတာ အဲဒီကုန်းပဲ။ အဲဒီကုန်းက ပြောရမယ်ဆို စစ်ဗျူဟာအရ တကယ်ကောင်းတဲ့  နေရာကြီး။ အကယ်၍ သူတို့ကံကြီးကို ရောက်ပြီဆိုရင် တောင်းခမ်းဘက်က ဦးတည်ရာ ခဏနားလိမ့်မယ်။ ဘန့်ဘွေးဘက်က အဖွဲ့တွေက ကံကြီးဘက်ကို ထိုးဝင်လာမယ်လို့ ယူဆလို့ရတယ်” ဟု သူက ပြောသည်။

TNLA ပြောခွင့်ရသူ လွေးယေဦးက စစ်တပ်ထိုးစစ်ကြောင့် တောင်းခမ်း၌ တပ်စခန်းများ  လက်လွှတ်ခဲ့ရသော်လည်း လက်ရှိတွင် ပြန်လည် ခုခံတိုက်ခိုက် နေသည်ဟု  ဆိုသည်။

“တောင်ခမ်း တဝိုက်မှာဆိုရင် စစ်ကောင်စီဘက်က လက်နက်ခဲယမ်းတွေ ဖြည့်တင်းတာ ထိုးစစ်ဆင် တိုက်ခိုက်တာတွေ တွေ့ရပါတယ်။ တောင်ခမ်းဘက်မှာ တိုက်ပွဲတွေ ပြင်းထန် နေချိန်မှာ စစ်ကောင်စီဘက်က ထိုးစစ်ဆင်မှုတွေ ဒရုန်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတဲ့ အတွက်ကြောင့်တောင်းခမ်းကို လက်လွှတ်ရတာတွေ ရှိပါတယ်။ အခုကတော့  ပြန်လည် တိုက်ခိုက်နေပါတယ်”

နောင်ချိုမြို့၌ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ  ခမရ-၁၁၄၊ ခမရ-၁၁၅၊ ဒုံးတပ်ရင်း-၆၀၆၊ အမှတ် (၉၀၂) အမြောက်စခန်း ကွပ်ကဲမှုဌာနချုပ် (တောင်းခမ်း) လက် အောက်ခံ အမတ-၃၅၄ (မကျီးရေ)၊ အမတ-၄၀၆ (နားရှိုးရွာ)၊ အမတ-၂၀၆ တပ်စခန်း များ အခြေစိုက်သည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကာလ ၂၀၂၄ ဇွန်လတွင် TNLA နှင့် MDY PDF  တပ်ဖွဲ့များက ခမရ-၁၁၅၊   ခမရ-၁၁၄ ၊  ဒုံးတပ်ရင်း-၆၀၆ တို့ကို တိုက်ခိုက်ပြီး နောင်ချိုမြို့ကို အပြည့်အ၀ သိမ်းပိုက်ခဲ့သည်။

ဩဂုတ်လကုန်ပိုင်းတွင်  မြို့နှင့် မိုင် ၂၀ အကွာတွင်ရှိသည့် တောင်းခမ်း အခြေ စိုက်အမတ-(၄၀၆) ၊ အမတ (၂၀၆) ကို  TNLA  ဦးဆောင်သည့် တော် လှန်ရေး အင်အားစုက သိမ်းပိုက်ခဲ့သည်။

တရုတ်ဖိအားပေးမှု ခံနေရသည့် TNLA က  ထိုးစစ်အားလုံး ရပ်ပြီး ခုခံစစ်သာ ဆင်နွှဲမည်ဟု ၂၀၂၄ နိုဝင်ဘာ ၂၅ ရက်နေ့၌ ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီတပ်က တောင်းခမ်း ကျေးရွာအတွင်း လက်နက်နှင့် စစ်အင်အားများကို ဖြည့်တင်းခဲ့သည်။

ဖေဖော်ဝါရီလ ဆန်းပိုင်းတွင် စစ်ကောင်စီတပ်က တောင်းခမ်းတိုက်နယ်အတွင်းရှိ TNLA တပ်စခန်း များကို ပြန်လည် ထိုးစစ်ဆင်ခဲ့သည်။

စစ်ကောင်စီ၏ တပ်မ ၁၁ လက်အောက်ခံ ခမရ-၂၁၂၊ ခမရ-၂၁၃ တပ်ဖွဲ့ဝင်များကတောင် ခမ်းကျေးရွာမှ ယာပြင်ကျေးရွာ ထိုးစစ်ကို ဦးဆောင်နေသည်။

အမတ -၃၅၄ ၌ အခြေပြုသည့် စကခ-၁၊ စကခ-၂၊ တမ-၅၅ ဦးဆောင်သည့် မဲပုတ်ရွာ စစ်ကြောင်းက မကျီးရေ-နောင်လင်ရွာမှ ဒုဌ၀တီ ကမ်းပါးအတိုင်း နောင်ချိုကို ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း စစ်ကောင်စီ ထောက်ခံသူများကဆိုသည်။       

စစ်တပ်၏ တောင်းခမ်း စစ်ကြောင်းနှစ်ကြောင်းသည်  ငါးမိုင်အကွာမှ ပြိုင်မျဉ်းပုံစံ နောင်ချိုမြို့သို့ တန်ပြန်ထိုး စစ်ဆင်နေခြင်းဖြစ်သည်ဟုဆိုသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့၌ တောင်းခမ်းတိုက်နယ်အတွင်းရှိ မကျီးရေရွာ၊ ထုံးဖိုစုရွာရှိ TNLA တပ်စခန်းများကို စစ်တပ်က ဒရုန်း အင်အား၊ လက်နက်ကြီးသာလွန်အင်အား အသုံးပြု၍ စတင်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

မတ်လ ၁ ရက်နေ့၌ တောင်းခမ်း ကျေးရွာတစ်ခုလုံးကို စစ်တပ်က ပြန်သိမ်းနိုင်ခဲ့ကြောင်း စစ်ကောင်စီ ဝါဖြန့်မီဒီယာများက ဖော်ပြသည်။

တော်လှန်ရေးတပ်ဖွဲ့များ အဆက်ဖြတ်ထားသည့် အမတ- ၉၀၂နှင့် အမတ-၄၀၂၊ အမတ- ၂၀၆တပ် လမ်းကြောင်းများကို စစ်ကောင်စီတပ်က ထိန်းချုပ်သွားနိုင်၍ ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့ မှ စစ်ကူအင်အားများ အလွယ်တကူဖြည့်တင်းနိုင် ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တချို့ကဆိုသည်။

နောင်ချိုသို့ ဦးတည်သည့် စစ်ကောင်စီ စစ်ကြောင်းများ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ တပ်သားသစ် စုဆောင်း ခံထားရသူများ အပါအဝင် အင်အား သုံးထောင်ကျော်ကို အသုံး ပြုထားပြီး လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းကို  ပိုမိုအသုံးပြုလာ သည့်အတွက် တပ်စခန်းများ ဆုတ်ခွာပေးခဲ့ရခြင်းဖြစ်ကြောင်း မြေပြင်တိုက်ပွဲ အခြေ အနေသိရှိသည့် တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်တက္ကသိုလ် ရှိရာ ပြင်ဦးလွင်နှင့် ၁၉မိုင်အကျော် ဘန့်ဘွေးတွင် အခြေစိုက်သည့် စစ်ကောင်စီစစ်ကြောင်းက နောင်ချိုနှင့်၁၂ မိုင်ကျော်ဝေး သည့် အုမ္မသီးရွာမှ နောင်ချို၊ ကံကြီးရွာအထိ တောင်းခမ်း စစ်ကြောင်းများနှင့် ချိတ်ဆက်နိုင်ရန် ထိုးဖောက်နေသည်။

ဘန့်ဘွေး စစ်ကြောင်းများသည် စစ်ရေးအရ အရေးပါသည့် အုမ္မသီးလမ်းခွဲကို ထိန်းချုပ် နိုင်ရန်ကြိုးစားနေ၍ တော်လှန်ရေးတပ်ဖွဲ့များနှင့် မကြာခဏဆိုသလို တိုက်ပွဲဖြစ် နေသည်။

မေလ ၂၂ ရက်နေ့တွင် စစ်ကောင်စီတပ်က အုမ္မသီးရွာကို ပေါင် ၂၅၀ ဗုံးလေးလုံး ကြဲချခဲ့ကြောင်း TNLA ဘက်က ထုတ်ပြန်ထားသည်။

စစ်တပ်၏ မကြာခဏလေကြောင်း တိုက်ခိုက်မှုကြောင့် နေရပ်ပြန်လာသည့် နောင် ချိုမြို့ ခံများ ထပ်မံနေရပ်စွန့်ခွာနေရကြောင်း နောင်ချိုမြို့ခံတစ်ဦးက ပြောသည်။

“လမ်းခွဲတို့ သဲခေါ်ရွာဘက်မှာ တစ်ညလုံးလိုလို ကြားရတယ်။ ဟိုဘက်ပစ်လိုက် ဒီဘက် ပစ်လိုက် အဲလိုပဲကြားနေရတယ်။ မြို့ထဲမှာတော့ လူက မရှိတော့ဘူးဗျာ။ နည်းနည်း ပါးပါးပဲရှိတယ်။ မရှောင်နိုင်တဲ့ သူလောက်ပဲ ကျန်တယ်။ တစ်ချို့တွေကလည်း ရွာပိုင်းဖက် မှာ တစ်ချို့တွေကလည်း အမျိုးတွေ ရှိရာကို ရှောင်ရတယ်”

စစ်ကောင်စီတပ်၏ ဘန့်ဘွေး စစ်ကြောင်းကို TNLAနှင့် MDY/ PDF  က အုမ္မသီး ရွာ အနီး မှ ခုခံထားသည်။

၁၀၂၇ စစ်ဆင်ရေးကာလတွင် မန္တလေးတိုင်း မိုးကုတ်၊ ရှမ်းပြည်နယ် နောင်ချို၊ သီပေါ၊ ကျောက်မဲ၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုးမိတ်၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း မြို့များကို TNLA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားသည်။

တရုတ်ဖိအားကြောင့် တရုတ်နိုင်ငံ ကူမင်းမြို့၌ ဧပြီလ ၂၈ ရက်မှ ၂၉ ရက်အတွင်း စစ်ကောင်စီနှင့် တအာင်း အမျိုးသားလွတ်မြောက် ရေးတပ်မတော်(TNLA) တို့တွေ့ဆုံချိန် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့များမှ TNLA တပ်များ ပြန်လည်ဆုတ်ခွာရန် စစ်ကောင်စီက တောင်းဆိုခဲ့သည်။

စစ်တပ်တောင်းဆိုချက်ကို TNLA က လက်မခံသည့်အတွက် ဆွေးနွေးပွဲ အဆင်မပြေဖြစ် ခဲ့ပြီး လာမည့် ဩဂုတ်လ၌ တွေ့ဆုံရန် သဘောတူခဲ့သည်။

ဆွေးနွေးပွဲ အပြီး စစ်ကောင်စီက TNLA  ထိန်းချုပ်ရာ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်မြို့ များကို လေကြောင်းမှ  ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေသည်။

နောင်ချိုမြို့သည် တရုတ်နယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါသည့် မန္တလေး-မူဆယ် လမ်းပိုင်းပေါ်တွင် တည်ရှိသည့် မြို့ဖြစ်သည်။

လူဦးရေ တစ်သိန်း ခုနှစ်သောင်းကျော်ရှိသည့် သည့် နောင်ချိုမြို့၌ တိုက်ပွဲကြောင့် လူဦီး ရေ တစ်သိန်းကျော် ပြင်ဦီးလွင်၊ မန္တလေး၊ တောင်ကြီး၊ ရပ်စောက် စသည့်မြို့များနှင့် နီးစပ် ရာကျေးရွာများသို့ စစ်ဘေးတိမ်းရှောင် နေကြရသည်။

Related Articles

Back to top button